🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼အခန်း၁၀🌼
ဧရာ၀တီတိုင်း🌳
"အဖွားရေ...အဖွား..စံပယ်ပြန်လာပြီ.."
"ဟယ်...မိစံပယ်ပြန်ရောက်လာတာနဲ့..အတော်ပဲဟေ့.."
အဖွား၏ကျူထရံကာအိမ်ငယ်လေးထဲသို့
၀င်လိုက်တော့ ရွာထဲမှဆွေမျိုးမကင်းသူများဟာ
အိမ်အပေါ်ကို ရောက်နေကြသည်ကို မြင်လိုက်ရလေသည်။
အဖွားကတော့ ဘုရားစင်အောက်လေးမှာ
ဒူးလေးနှစ်ချောင်းကိုထောင်ပြီး စံပယ့်ကိုမော့ကြည့်ရှာလေသည်။
အဖွားရဲ့ မျက်၀န်းတွေထဲမှာ စံပယ့်ကိုအားကိုးသည့်အကြည့်တွေနှင့် သဇင့်အတွက် ၀မ်းနည်းခြင်းအရိပ်အယောင်များ ထင်ဟပ်နေလေသည်။
စံပယ်လည်း လူကြီးတွေအရှေ့မှ ခေါင်းကိုငုံ့ကာ ဖြတ်လျှောက်လိုက်ပြီး အဖွားရဲ့ဘေးနားမှာ ၀င်ထိုင်လိုက်သည်။
"သဇင့်ကိစ္စက...ဘယ်လိုဖြစ်တာလဲအဖွားရယ်
စံပယ့်ကိုရှင်းပြပါအုံး.."
"အမယ်လေး မရှင်းပြချင်ပါဘူးတော်..
ငါးစိမ်းမြင် ငါးကင်ပစ်တဲ့ဟာမ..
ငါ့မြင်းငါဆိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့အတိုင်း..သူ့လင်မြင်းကြီးကိုစီးသွားတဲ့ဟာမ..
နေပါစေအေ..မြင်းမောလို့ ဧရာ၀တီတိုင်းကိုပြန်လာကြည့်..ပါးရိုက်ပြီးပြန်လွှတ်လိုက်မယ်.."
"အဖွားရယ်..ဘာတွေပြောနေတာလဲ..မအေးရီရေရှင်းပြစမ်းပါအုံး..
သဇင့်ကိစ္စနားထောင်ချင်တဲ့ဟာကို အဖွားကလည်း ဘာတွေပြောနေမှန်းမသိတော့ပေ။
မြင်းစီးတာတွေရော၊စစ်ကိုင်းရောက်တာတွေရော၊ပါးရိုက်လွှတ်လိုက်မှာတွေရော စုံနေတော့တာပါပဲ။
ကြည့်ရတာ စံပယ်လင်နောက်လိုက်ရသည့်ကိစ္စတစ်၀က်လောက်က အဖွားဆူပူလွန်းလို့များလားဟုတွေးမိရသည်အထိပါပဲ။
"ဒီလိုဟေ့..သဇင်မွှေးက သူ့တို့ နေတဲ့ ဘော်ဒါဆောင်နားက ကုန်စုံဆိုင်ပိုင်ရှင်ရဲ့သားနဲ့
ခိုးရာလိုက်သွားတာ..အဲ့ဒါမနက်ဖြန်ပြန်လာအပ်မယ်တဲ့..ဖုန်းလှမ်းဆက်တယ်
အဲ့ဒါကို..ညည်းအဖွားက ပြန်လာရင်ရိုက်မယ် နှက်မယ်
တကဲကဲလုပ်နေလေရဲ့..ကိုယ်ကမိန်းကလေးရှင်လေ..
သဘောမတူရင်လည်း..အပျိုပြန်ဖြစ်တော့မှာမှ မဟုတ်တာ..ကြည့်လုပ်ပါအုံးအေ..."
စံပယ်ငုတ်တုတ်မေ့နေမိသည်။
နှမျောလိုက်တာ စံပယ့်ညီမလေးကိုနှမျောလိုက်တာနော် အခုမှငယ်ငယ်လေးပဲရှိသေးတယ်။
စံပယ်တောင် ချစ်မ၀သေးဘူး။သူကယောက်ျားနောက်လိုက်သွားရတယ်လို့။
စိတ်ထဲမှာ မခံစားနိုင်လွန်းလို့ စံပယ်ငိုချင်တာပဲသိတယ်။
အသက်က ငယ်ငယ်လေး၊ပညာသင်နေတဲ့အရွယ်ဖြစ်တဲ့အပြင် သဇင်က ကလေးဆန်ဆန်နေတတ်သည့် အကျင့်ရှိပြန်သည်။
တော်ကြာရွာထဲက
စိမ်းမမလို ဖြစ်နေမှာဆိုးရတယ်။အသက် ဆယ့်ခုနှနှစ်နဲ့ယောက်ျားယူမိပြီး
ကလေးနှစ်ယောက်လည်းရရော သူ့ကိုပစ်ခဲ့တဲ့အပြင် သူ့ယောက်ျားဟာအခုတော့
အခြားရွာကိုပြောင်းသွားပြီး မယားငယ်ကိုသွားလုပ်ကျွေးနေပါသတဲ့။ကိုယ့်အိမ်က
ဇနီးနဲ့သားသမီး ဘုစုခရုလေးတွေကြတော့ ဖြစ်ချင်သလို ဖြစ်ဆိုပြီး
ထားပြစ်ခဲ့ရက်တယ်။
စံပယ့် ညီမလေးလည်း အဲ့ဒီ့လိုဖြစ်သွားခဲ့ရင်
ဘယ်လိုလုပ်ပါ့မလဲဆိုသည့် အတွေး၀င်လာတာကြောင့် စံပယ် ကိုယ့်ရင်ဘတ်ကို
လက်နဲ့ဖိပြီး မျက်ရည်ဝဲလာရသည်။
ဆယ်ကျော်သက်အရွယ်မှာ
သူတို့ကိုခဏတာစိတ်ပျော်ရွှင်စေရင်ကို
အဲ့ဒီ့အရာကိုတစ်သတ်လုံးမှတ်ထင်၊အဟုတ်ကြီးမှတ်ထင်ပြီး
လမ်းကြောင်းလွှဲမှားတတ်ကြတယ်။
ညီမလေးကို အဲ့ဒီ့လိုမကြုံတွေ့စေချင်ဘူး။
"အီဟီး..စကားနောက်တရားပါတဲ့..
အဖွားဟိုတစ်ခါကျွန်မညီမလေးကို..
လင်နောက်လိုက်မယ်ပြောလိုက်တာကို..
အဟင့်..အခုတော့..တကယ်လိုက်သွားပြီ..
ဟိုကောင့်ကိုပဲ..အမှုန့်ကြိတ်ပစ်ချင်တာ...အီဟီး.."
"အမယ်လေး လက်ခုပ်က တစ်ဖက်တည်းတီးလို့မြည်တာမှတ်လို့အေ ...
နင့်ညီမကိုက..ပျော်ပျော်ကြီး ကပြီးလိုက်သွားတာလေ..
ဒီဖွားအေကြီးမှာသာ..အိုကြီးအိုမနဲ့ကောင်းစား
စေချင်လို့..အကုန်အဝေးကိုပို့မိတာ..
ငါသေကြည့် သည်းတို့ဘယ့်နှယ့်လုပ်မလဲ...."
"အို..အဖွားရယ်..သေစကားတော့မပြောပါနဲ့..
အဖွားကို အပြစ်တင်မိတဲ့အတွက် သမီးကိုခွင့်လွှတ်ပါ အဖွားရယ်...."
"အမယ်လေး ညည်းမမှားပါဘူး....ငါမှားတာပါအေ
အဲ့ဟာမလေးကို ငါသေချာမဆုံးမနိုင်လို့ အခုလိုဖြစ်ရတာ....."
"မကြည်မေရယ်....အဲ့လိုလဲကိုယ့်ကိုကိုယ် ဇွတ်အပြစ်မတင်ပါနဲ့....အသက်ငယ်ငယ် ကြီးကြီး
သူ့ဘက်ကလည်း စဉ်းစားတတ်ရမယ်လေ...."
ဘေးနားမှာ ပြောင်းဖူးဆေးလိပ်ကို ထိုင်ကာ
ဖွာရှိုက်နေသည့် ဖွားလေးအုန်းကြိုင်က သွားတွေ
ကျိုးနေ၍ ချိုင့်၀င်၀င်သွားသော ပါးဆောင်လေး
တစ်လှုပ်လှုပ်နှင့် ပြောလာလေသည်။
"သဇင်မွှေးအနေနဲ့....ငါ့အစ်မကြီးက ငါ့အတွက်မြို့မှာ ပင်ပင်ပန်းပန်းအလုပ် သွားလုပ်နေရပါလား...
ငါ့အဖွားကြီးက တောမှာတစ်ယောက်ထဲ ကျန်ခဲ့ရပါလား...ငါ့အတွက် အကုန်လုံးက ဝိုင်းထောက်ပံ့၊
ဝိုင်းပြီး
ကြိုးစားပေးနေကြပါလားလို့ တွေးရမယ်လေ....ဘယ့်နှယ်.…အခုတော့
လိုက်ချင်တိုင်းလိုက်သွားရတယ်လို့ အဲ့လိုမိန်းကလေးမျိုး တမနေကြနဲ့အေ..."
"ဟုတ်တယ်...စံပယ်ရေ...မအေးရီလည်း
ဖွားလေးအုန်းကြိုင်လို ပြောချင်တာ စံပယ်တို့
မကြိုက်မှာစိုးလို့....စံပယ်လည်း တောကိုပဲပြန်လာပါတော့ကွယ်...
ဖွားကြည်မေအတွက်လည်း ဘေးမှာအနီးကပ်စောင့်ရှောက်ပေးမဲ့လူရှိမှ ဖြစ်မှာဟ...."
မအေးရီ၏ စကားအဆုံးမှာ အဖွားက စံပယ့်ရဲ့လက်မောင်းကို ခပ်ဖွဖွထိကိုင်လာလေသည်။
မျက်ရည်ဝဲလျှက်သားနဲ့ စံပယ်အဖွားကို ပြန်ကြည့်လိုက်မိတော့ အဖွားရဲ့မျက်၀န်းထဲမှ ၀မ်းနည်းမှုတွေကို အတိုင်းသားမြင်နေရလေသည်။
"စံပယ်...ညည်း..ငါ့အတွက် ဘာမှမပူစမ်းပါနဲ့...
အေးရီတို့ ပြောတိုင်းလျှောက်မယုံပါနဲ့...
ကြည်မေက အမာကြီးရှိပါသေးတယ်အေ....
ရန်ကုန်မှာက အလုပ်လုပ်ရင် တို့တောထက်တော့ ပိုက်ဆံပိုရတာပေါ့...
အဖွားက ညည်းတို့ကိုလုပ်မကျွေးနိုင်တော့ဘူး...
ကိုယ့်တတ်လမ်းသာ ကိုယ်ရှာပါအေ...ညည်းသဒ္ဒါရင်သာ အဖွားကို တစ်လုပ်၊တစ်ဆုပ်ကျွေးပေါ့..."
အဖွားဟာ ပါးစပ်ကသာ တဗျစ်တောက်တောက် ပြောဆိုတတ်ပေမဲ့ တကယ့်ကို အနစ်နာခံတတ်
သည့် လူတစ်ယောက်ပါပဲ။
တကယ်တော့ စံပယ်ရန်ကုန်ကို တက်ရတဲ့ရည်ရွယ်ချက်က ညီမလေးကြောင့်နဲ့ အဖွားကြောင့်က လွဲရင် ကျန်တာဘာဖြစ်နိုင်အုံးမှာလဲ။
အခု ညီမလေးက ဒီလိုလုပ်သွားမှတော့ စံပယ် သေချာပေါက် အလုပ်ထွက်ဖို့ ဆုံးဖြတ်ချက်
ချရတော့မယ်။
"အဖွား....ဘာမှမပူနဲ့နော်...သမီးက အဖွားဘေးနားမှာပဲ အမြဲရှိနေပေးမှာ...အဖွားဘာမှအားမငယ်ပါနဲ့
စိတ်ဓာတ်လည်း မကျပါနဲ့..."
စံပယ်လည်း အဖွားစိတ်မကောင်းမှာ စိုး၍ မျက်ရည်တွေကို ချက်ချင်းသုတ်ပစ်လိုက်ပြီး
ကိုယ့်စိတ်ကိုယ် ပြန်ဖြေသိမ့်လိုက်သည်။
သဇင်မွှေးကိုလည်း အပြစ်မတင်ချင်တော့ပါဘူး။
ကိုယ့်ညီမလေး အိမ်ထောင်ရေးကံကောင်းဖို့ကိုပဲ ဆုတောင်းပေးရတော့မှာပါပဲ။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ရန်ကုန်🏙️
စံပယ့်စိတ်တွေဟာ လှုပ်ရှားမှုအရမ်းပြင်းထန်လာပြီး စိုးရိမ်ကြောင့်ကြမှုတွေသာ ကြီးစိုးနေမိလေသည်။
စံပယ့် ခြေထောက်တွေဟာလည်း လေးလံနေပြီး ရွေ့လျားရဖို့အရေး ကျောက်ဆူးကြိုးချထားသကဲ့သို့ ဖြစ်နေလေသည်။
ချွေးပြန်လာသည့် လက်သီးဆုပ်ထဲတွင်လည်းစာအိတ်လေးတစ်ခုကိုကိုင်ထားပြီးIDGကုမ္ပဏီ၏ ၀င်ပေါက်မှာရပ်နေမိသည်။
ဒီနေ့ဟာ နောက်ဆုံးနှုတ်ဆက်ခြင်းပါပဲ။
စံပယ့်ဘ၀မှာ အဖွားကသာ ပထမဖြစ်တာကြောင့်
အဖွားနဲ့ပဲ အမြဲအဖော်ပြုပေးဖို့ ဆုံးဖြတ်လိုက်သည်။
အဖွားကိုသာ ဆုံးရှုံးရရင်စံပယ်ဆိုတာ သောင်ပြင်မှာလွှတ်တဲ့ခွေးကလေးလို အထီးကျန်စွာ
ဘယ်အရိပ်မှာခိုနေရမှန်းမသိဖြစ်နေမှာ သေချာသည်။
မြေညီထပ်မှ သန့်ရှင်းရေးဌာနဆီသို့ တန်းသွားလိုက်ပြီး ခေါင်းဆောင်ဆီသို့သာ တန်းသွားလိုက်သည်။
စံပယ်တို့ရဲ့
ကုမ္ပဏီဟာ စည်းစနစ်တကျလည်ပတ်နေသည့် ကုမ္ပဏီကြီးဖြစ်တာကြောင့်
စည်းကမ်းချက်တွေအရ အလုပ်ထွက်လျှင် ထွက်စာလာတင်ရမည်ဟု ထုတ်ထားလေသည်။
"စံပယ်အလုပ်ပြန်ဆင်းပြီလား.."
"ကျွန်မ..ဟို.."
ခေါင်းဆောင်က စံပယ့်ကိုတွေ့တွေ့ချင်း ဆီးကြိုပြီးပြောလိုက်တာကြောင့် စံပယ်လည်း ပြောရမည့်အရေး မဝံ့မရဲဖြစ်နေရလေသည်။
"ဟိုတွေ..ဒီတွေလုပ်မနေနဲ့..အလုပ်ပြန်ဆင်းရင်သူဌေးရုံးခန်းကိုချက်ချင်းလာဖို့ အတွင်းရေးမှူး
မကြယ်စင်က လာပြောထားတယ်..."
အတွင်းရေးမှူး မကြယ်စင်က စံပယ့်ကိုတွေ့ချင်သတဲ့။ဘာဖြစ်လို့များပါလိမ့်။သူဌေးရဲ့ ရုံးခန်းကိုတော့ စံပယ်မသွားချင်ရိုးအမှန်ပါ။
အခုအချိန်မှာ စံပယ် မတွေ့ချင်ဆုံးလူက သူ့ကိုပါပဲ။
စံပယ်သူ့ကို နှုတ်မဆက်ခဲ့ချင်ဘူး။
"ဟဲ့...စံပယ်...ငူငူကြီးရပ်ပြီး ဘာလုပ်နေတာတုန်း..."
"ဟို..ဟိုလေ..ဒီဟာလေး.."
"ကဲပါ..အမြန်သွားလိုက်စမ်းပါ..ပြန်လာမှပြော.."
အလုပ်ထွက်မည့် စာအိတ်ဖိုင်လ်လေးကိုထုတ်ပြီး ကမ်းပေးချင်ပေမဲ့ ခေါင်းဆောင်က အတင်းနှင်လွှတ် နေလေသည်။စံပယ်လည်း ဆယ်လွှာသို့
ဓာတ်လှေကားနဲ့ တက်လာခဲ့လိုက်သည်။
ဆယ်လွှာသို့ရောက်တော့ ရုံးခန်းအပြင်ဘက်တွင် ထိုင်နေသော မကြယ်စင်ဆီသို့ ဦးစွာ သွားလိုက်သည်။
"မကြယ်စင်..သူဌေးက စံပယ့်ကိုတွေ့ဖို့ခေါ်တယ်ဆို"
"ဟုတ်တယ်..စံပယ်ရောက်လာတာနဲ့အတော်ပဲ..
ခုနကအစည်းအဝေးခန်းထဲမှာ ဆရာတော်တော်ဒေါသထွက်ထားလို့..စိတ်ဖိစီးနေမှာ.."
"ရှင်..ဒါ..ဒါဆိုကျွန်မနဲ့တွေ့လို့ဖြစ်ပါ့မလား..
တော်ကြာ စိတ်ဆိုးဆိုးနဲ့ စံပယ့်ကိုထ ရိုက်နေမှ
ဒုက်ခပဲ...""
"ဖြစ်ပါတယ်..စံပယ်ကပဲသူ့ကိုအုံဖွ လုပ်နိုင်မှာ..
သွား..၀င်သွား.."
မကြယ်စင်တောင် စံပယ်တို့ကိုဘာလိုလို
ထင်နေပုံရလေသည်။။စံပယ်က အနေအထိုင်မတတ်ပဲ သူဌေးကို လိုက်ကပ်မိတာလဲ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ်
ဒီနေ့ပြီးဆုံးသွားရင်တော့ စံပယ်နဲ့သူဟာ ထပ်တွေ့စရာ ဘာအကြောင်းမှ
မရှိတော့ပါဘူး။မဝံ့မရဲ ဖြစ်နေမိပေမဲ့ စိတ်လှုပ်ရှားနေတာကို အသာထိန်းပြီး
ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
"ဒေါက်..ဒေါက်..ဒေါက်.."
"၀င်ခဲ့!"
လေသံကတော့အတော်မာလေသည်။
ဒေါသထွက်နေတယ်ဆိုတော့ စံပယ့်ကိုပါပတ်ရမ်းရင်ဒုက္ခပဲဟု တွေးလိုက်မိသည်။
လာမိတာတောင် မှားနေပြီလားမသိပါဘူး။
ရုံးခန်းထဲသို့ စံပယ်၀င်သွားတော့ သူ့အလုပ်စားပွဲမှာ ထိုင်နေတဲ့ စံပယ့်သူဌေး ဦးနေဂုဏ်ဟာ
ခေါင်းကို ငုံ့ချထားပြီး မျက်မှောင်ကြီးကို အစွမ်းကုန်တွန့်ကြုံ့ထားလေသည်။
သူ့အတွေးအာရုံတွေက စားပွဲပေါ်က စာရွက်စာတမ်းတွေဆီမှာပဲ ရှိနေသည်ထင်ပါရဲ့ စံပယ် သူ့စားပွဲအရှေ့မှာ ရပ်နေတာတောင်
မော့မကြည့်လာဘူး။
စံပယ့်အဖို့ မကြယ်စင်ရဲ့စကားကို ပြန်ကြားယောင်ပြီး ဇောချွေးပြန်ချင်လာရသည်။
သူများအလုပ်ရှုပ်နေတာကို ဘာမဟုတ်သည့်
ကိစ္စလေးနဲ့ စိတ်ရှုပ်အောင် ထပ်လုပ်မိမှာကို စိုးရိမ်မိတယ်။
ဒါပေမဲ့ ဒီနေ့ပဲ ရွာကိုပြန်ဖို့စဉ်းစားထားသည်မို့ လာရင်းကိစ္စကို မြန်မြန်ပြောမှ ဖြစ်လိမ့်မည်။
"ဟို..သူဌေး..စံပယ့်ကိုခေါ်တယ်ဆိုလို့.."
"ဟင်.." "အ!"
စာရင်းတွေကိုအာရုံဆိုက်မိနေရာမှ
ကောင်မလေးကိုတွေ့တော့ စိတ်ထဲမှာပဲ ထခုန်မိတယ်ထင်တာ
အပြင်မှာပါဟန်ချက်မထိန်းနိုင်ပဲ ခုံနဲ့ဒူး တိုက်မိသွားတာ
တော်တော်အီဆလံဝေသွားလေသည်။
"အား..ကျွတ်..ကျွတ်.."
"ဘာကောင်ကိုက်မိလိုက်လို့လဲ.."
"ဘာ..ဘာမှမကိုက်မိပါဘူး..ခုံမှာထိုင်ပါများပြီးညောင်းလို့..အကြောဆန့်တာပါ..အဟင်း"
သူ့မှာ မျက်နှာတစ်ခါမျှ မပြောင်ဖူးပေမဲ့ ဒီကောင်မလေးကိုတော့ မဟုတ်တဲ့ဆင်ခြေတွေ
ပြောလိုက်မိလေသည်။
တကယ်တမ်းကို မင်းကိုတွေ့ချင်နေတာ၊အရမ်းသတိရနေတာလို့ ပြောချင်တာပါ။သို့ပေမဲ့ စကားလုံးတွေက ပါးစပ်ကနေ လုံး၀မထွက်လာခဲ့ဘူး။
သူဌေးကလည်း ဘာစကားမျှဆက်မပြောပဲ စံပယ့်ကိုသာ ခပ်တည်တည်ဆိုက်ကြည့်နေသလို
စံပယ်ကလည်း
ထွေထွေထူးထူးမပြောချင်လေတော့ အခန်းထဲမှာခေတ္တမျှ
တိတ်ဆိတ်သွားလေသည်။စံပယ်လည်း ပေမရှည်ချင်တော့တာနဲ့စာရွက်အဖြူလေးကို
သူ့စားပွဲပေါ်သို့ တင်လိုက်သည်။
"ဒါကဘာလဲ.."
"အလုပ်ထွက်စာပါ..."
"ဘာ!!!!!.."
"လန့်လိုက်တာသူဌေးရယ်..ဖြည်းဖြည်းအော်ပါ.."
အလုပ်ထွက်မည်ဆိုသည့် စကားကိုကြားလိုက်တာကြောင့် နေဂုဏ်မာန်လည်း သတိလက်လွှတ်
ထအော်လိုက်မိသည့်နည သူမတော်တော်လန့်သွားပုံ ရသည်။
"မဟုတ်ဘူး..ဘာလို့အလုပ်ထွက်မှာလဲ..
ဟိုကောင် နေထွန်းနဲ့ကိစ္စကြောင့်လား..အဲ့ဒါကြောင့်ဆိုရင်.."
"မဟုတ်ပါဘူး..ကျွန်မရွာပြန်ပြီး..အဖွားနဲ့ပဲ..
အေးဆေးပြန်နေချင်လို့ပါ.."
"ဘာ....အဖွားနဲ့ပြန်နေမယ်ဟုတ်လား..."
နေဂုဏ်မာန် စဉ်းစားသွားရလေသည်။အဖွားနဲ့ ပြန်နေမယ်ဆိုတော့ သူတွေးထားခဲ့သလို အဖွားဖြစ်သူက ယောက်ျားပေးစားလို့များလား။
တိုက်ရိုက်မေးလိုက်ရင် စပ်စုသလိုများဖြစ်နေမည်လား။
မမေးပြန်ရင်လည်း အလုပ်ကထွက်မယ်ဆိုတော့ အချိန်နှောက်နှေးလို့တော့ မဖြစ်ဘူး။
"မင်းရဲ့ အဖွားက ယောက်ျားအတင်းပေးစားနေလို့လား..."
"ဟမ်!!!!သူဌေးဘာတွေမေးနေတာလဲ...အဖွားကဘာလို့ ယောက်ျားပေးစားရမှာလဲ...."
နေဂုဏ်မာန် ချက်ချင်းပြုံးယောင်ယောင်လေး ဖြစ်သွားမိသည်။
သူပြုံးတာကို သူမမြင်သွားမှာစိုး၍ လက်ကို နှုတ်ခမ်းကို မသိမသာကွယ်လိုက်ပြီး
"ယောက်ျားမပေးစားဘူးဆိုတော့ တော်သေးတာပေါ့..."ဟု စိတ်ထဲမှာတွေးလိုက်မိသည်။
တစ်ဆက်တည်းမှာပဲ
နောက်ဆုံးနည်းလမ်းကိုထုတ်သုံးရတော့မည်ဟု စဉ်းစားလိုက်ကာ
သူမဲ့ပြုံးတစ်ခုအားဖန်တီးလိုက်ပြီး စာဖိုင်လ်လေးတစ်ခုကိုယူကာ
စံပယ့်အရှေ့သို့ ချပေးလိုက်သည်။
"ဒါက..ဘာကြီးလဲ.."
"အဲ့ဒါက IDGရဲ့အလုပ်သမားတွေအတွက်ချမှတ်ထားတဲ့စည်းမျဥ်းတွေပဲ..ဖောက်ဖျက်မိရင်လစာရဲ့သုံးဆ လျော်ရမယ်.."
"ဘယ်လို...သုံးဆတောင်..."
စံပယ်လည်း စာတွေကို သေချာဖတ်ကြည့်လိုက်မိတော့ အလုပ်သမားတစ်ယောက်ဟာ ခြောက်လပြည့်မှသာအလုပ်ထွက်ခွင့်ရှိလေသည်။
ဒီကြားထဲတွင် ထွက်မိပါကလစာရဲ့သုံးဆကို
လျော်ပေးရမည်တဲ့။
အဲ့လောက်ပိုက်ဆံက စံပယ့်မှာဘယ်လိုဖြစ်ပြီး
ရှိမှာလဲ။
အရင်တုန်းက
စတိုးလ်ဆိုင်မှာပဲလုပ်ခဲ့ဖူးတော့
ဒီလိုအလုပ်သမားဥပဒေတွေဘာတွေနားမလည်ခဲ့ပါဘူး။အခုတော့ အဖွားနဲ့အတူ
ပြန်နေရမည့်ကိစ္စက ထပ်ပြီး ကြန့်ကြာနေရတော့မည်။
"မင်းသေချာစဉ်းစားပါ..မင်းအလုပ်လုပ်တာ
သုံးလတောင်မပြည့်သေးဘူး..ဆိုတော့.."
"ကျွန်မလုပ်ပါ့မယ်..၆လပြည့်တဲ့အထိလုပ်ပေးပါ့မယ်..အခုပဲသန့်ရှင်းရေးဌာနကိုပြန်သွားပါ့မယ်..
ပိုက်ဆံတော့ လျော်စရာမရှိလို့ပါရှင်..."
"မင်းကို ဘယ်သူကIDGမှာဆက်လုပ်ခိုင်းမယ်
ပြောနေလို့လဲ.."
"ရှင်..."
သူပဲအမျိုးမျိုးပြောနေတယ်။အခုပဲလုပ်ခိုင်းလိုက် အခုပဲမလုပ်ရဘူးနဲ့ ဒီသူဌေးဟာလေ ရူးနေတာများလား။
"ဒါဆိုကျွန်မက ဘယ်မှာလုပ်ရမှာလဲ.."
"ကိုယ့်အိမ်မှာ.."
"ဘာပြောတယ်!..လူကိုဘယ်လိုအတန်းအစားထင် နေသလဲ..နှာဘူးရဲ့..အလုပ်ရှင်သူဌေးဖြစ်နေလို့နော်..."
"အာ..ကိုယ်လောသွားလို့ပါ..IDGမှာမင်းကို
ဆက်ထားလို့ ..ဟိုနေ့ကလိုကိစ္စတွေထပ်ဖြစ်လာရင်..
ကိုယ်ထပ်မရှင်းပေးနိုင်ဘူး...အဲ့တော့ကိုယ့်အိမ်မှာအိမ်တော်ထိန်းလုပ်ရမယ်..လစာကဒီမှာလုပ်တာထက်နှစ်ဆပေးမယ်..
မင်းအဘွားဆီကိုလည်း တစ်လတစ်ခါသွားလည်ခွင့်ရှိတယ်..ဘယ်လိုလဲ"
အရေးထဲမက်လုံးတွေက လာပေးနေလေသည်။။
နောက်သုံးလကျော်လောက်ပဲ လုပ်ပေးရမှာဖြစ်ပြီးအဖွားကိုလဲ လတိုင်း တွေ့ခွင့်ရမယ်ဆိုရင်မဆိုးသည့် အနေအထားပင်။
ဒါပေမဲ့
သူ့အိမ်မှာ လိုက်ပြီး အလုပ်လုပ်ရမည်ဆိုတာကတော့
နဲနဲတစ်မျိုးဖြစ်နေသလိုပဲ။အိမ်တော်ထိန်းက
ဘယ်လိုရာထူးမျိုးပါလိမ့်။အိမ်ဖော်နဲ့ အတူတူပဲလား မသိပေ။
"ဒါနဲ့ကျွန်မကရှင့်အိမ်မှာလိုက်နေရမှာလား.."
"ဟုတ်တယ်.."
"ဟမ်..ဒါဆိုရင်မဖြစ်ပါဘူး..ကျွန်မရှင့်ကိုလည်းမယုံရဲပါဘူး.."
"ဟာကွာ..ကိုယ်ကမင်းကိုကိုက်စားမှာမို့လို့လား..ကိုယ့်အိမ်မှာ..အမျိုးသမီး၀န်ထမ်းကြီးပဲ
ငါးယောက်လောက်ရှိတယ်.."
"တကယ်လား.."
"တကယ်ပေါ့..မယုံရင် အရင်ဆုံးအိမ်ကို
လိုက်ကြည့်မလား"
"ရပါတယ်..ဒါဆိုဘယ်နေ့အလုပ်စဆင်းရမလဲ..
"ဒီနေ့ပဲ..ခဏနေမောင်းထွန်းကိုလိုက်ပို့ခိုင်းလိုက်မယ်.."
သုံးလလေးပဲ သူ့ဆီမှာ အလုပ်ဆက်လုပ်ရမှာဆိုတော့ စံပယ်ဘာမှာမမေးချင်တော့ပါဘူး။
သုံးလဆိုတာ ဖက်လှည့် ၊ေခါင်းလှည့်နှင့် အကုန်မြန်ပါတယ်။
စဉ်းစားနေမိတာကတစ်ခုတည်းရယ်ပါ။
အိမ်တော်ထိန်းဆိုတာဘယ်လိုရာထူးမျိုးကိုပြောတာပါလိမ့်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"ဒါ..ဒါ..ဦးနေဂုဏ်မာန်ရဲ့ အိမ်လား.."
"ဟုတ်ပါတယ်..မစံပယ်ဧည့်ခန်းမှာထိုင်စောင့်နေပါ..အလုပ်သမားတွေကိုကျွန်တော်သွားခေါ်လိုက်မယ်..."
စံပယ်ကိုယ့်ပါးစပ်ကို ပြန်မစိနိုင်လောက်အောင်
အံ့သြနေမိသည်။
ဦးနေဂုဏ်ကဒီလောက်တောင် ချမ်းသာတာလား။ခြံ၀နဲ့ နန်းတော်လိုအိမ်ကြီးဆီကိုရောက်ဖို့တောင် လမ်းပဲလျှောက်ရင်အတော်မောလောက်သည်။
ခြံထဲမှာလည်းအရောင်စုံပန်းခင်းကြီးနဲ့ ရောင်းစားလိုက်ရရင်တော်တော်မြတ်မှာသေချာသည်။
အိမ်ရဲ့ကြမ်းပြင်ဆိုတာလည်း ကိုယ့်အရိပ်ကိုယ်
ပြန်မြင်ရလောက်သည်အထိ ပြောင်လက်၀င်းတောက်နေလေသည်။
မှန်တောင်ပြန်ကြည့်လို့ ရလောက်သည်။ကိုယ့်ခြေထောက်ကိုယ်တောင် အရုပ်ဆိုးလှသည်ဟု ထင်နေမိသည်။
ဧည့်ခန်းထဲမှာတင် ပန်းပုရုပ်ထုတွေ ပန်းချီကားချပ်ကြီးတွေဆိုတာ နန်းတွင်းထဲရောက်နေသလားမှတ်ရတယ်။
စံပယ့်အဖို့ ဧည့်ခန်းထဲကနေလည်းမထွက်ရဲသလို ထိုင်ရာကနေလည်းမထရဲပဲ တောင့်တောင့်ကြီး ဖြစ်နေမိလေသည်။
တစ်ခုခုထိမိခိုက်မိလို့ လွှဲချော်သွားခဲ့ရင်
လစာသုံးဆတောင်မလျော်နိုင်တဲ့ဥစ္စာ
တော်ကြာသူ့အိမ်မှာတစ်သက်လုံး ကျွန်ခံနေရရင်ဒုက္ခပဲ။
သိမ်မကြာပါဘူး အိမ်အတွင်းဘက်မှအသက်၄၀ကျော်ခန့်အန်တီကြီးနှင့်အတူ
လူလတ်ပိုင်းအမျိုးသမီးလေးယောက်ဟာ
ဧည့်ခန်းထဲသို့
၀င်လာကြသလို အိမ်ရှေ့ဘက်မှလည်း ကိုမောင်ထွန်းနှင့်အတူ
အသက်ငါးဆယ်အရွယ်လောက်ရှိသည့် ဦးလေးကြီးနှစ်ယောက်လည်း ပါလာလေသည်။
"မစံပယ်..ဒါကဒေါ်ညိုအေးတဲ့..အိမ်ရဲ့ချက်ပြုတ်ရေးကိုတာ၀န်ယူထားတာပေါ့..သူတို့ကမိပု၊အေးမြ၊နှင်းဝေနဲ့စာဥပေါ့..ဒါကအဘသိန်းငွေနဲ့သိန်းရွှေလို့ခေါ်တယ်..မာလိမ်မှူးနဲ့ဥယျာဥ်မှူးပေါ့..
အားလုံးပဲ သူကမစံပယ်မွှေးတဲ့..ဒီမှာအိမ်တော်ထိန်းအဖြစ်လုပ်မဲ့သူပေါ့..."
"အိမ်တော်ထိန်း..."
"ဟဲ့..ဘာလဲအိမ်တော်ထိန်းဆိုတာ.."
"မသိဘူးလေ..အိမ်ကိုထိန်းရတာလား.."
ဟုတ်သားပဲ အိမ်တော်ထိန်းဆိုတာ ဘာရာထူးကြီးပါလိမ့်။စံပယ်တောင် ကိုယ့်ခေါင်းကို ပြန်ကုတ်ပြီး အဖြေရှာနေရလေသည်။
ဦးနေဂုဏ်မာန်ရေ ဘယ်လိုဖြစ်ပြီး လူနားမလည်တဲ့ ရာထူးကို လာပေးရတာလဲ တော်ရေ။
တော်တော် အားနေသလားမသိပါဘူး။
ဒီအိမ်မှာအကုန်လုံးက စံပယ့်ထက်ကြီးတဲ့သူတွေကြီးပဲ စံပယ်ကဘယ်သူ့ကိုထိန်းရမှာလဲ။
ဦးနေဂုဏ်မာန် တော်ကြီးဘာတွေစတန့်ထွင်နေတာလဲလို့သာ ရန်တွေ့ပြစ်လိုက်ချင်မိသည်။
"ကဲလောလောဆယ်တော့..မစံပယ်ကိုဘာမှမမေးပါနဲ့..သူဌေးရဲ့အခန်းဘေးက ကပ်လျှက်အခန်းမှာပဲ..
ပေးနားလိုက်ပါ.."
"ဟမ်..."
"ဘာကြောင်ကြည့်နေကြတာလဲ..အကုန်ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ကြတော့လေ..မိပု..မစံပယ်ကိုနားဖို့ခေါ်သွားလိုက်.."
"ဟုတ်..ဟုတ်ကဲ့ကိုထွန်း.."
မပုဆိုသူကစံပယ့်ကို အိမ်အပေါ်ထက်သို့ ဦးဆောင်ပြီး ခေါ်လာလေသည်။
"စံပယ်ကအလုပ်လုပ်ဖို့လာတာပါ ဒီနေ့ပဲအလုပ်လုပ်ပါရစေလို့ပြောလဲ" ကိုမောင်ထွန်းကဆရာလာမှ စီမံပါလိမ့်မယ်ဆိုတာကြီးပဲ ပြောနေလေသည်။
ခက်ပါတယ် ။အလုပ်သမားအချင်းချင်းအတူတူ တစ်မူးပိုရှူနေရသလို ဖြစ်နေသည်။
မပုဆိုသူပြောတာကတော့
သူတို့အလုပ်သမား တွေအားလုံးက နေ့ခင်းဘက်မှာပဲ
အိမ်ကြီးအပေါ်မှာအလုပ်လုပ်ရပြီး ညဖက်ဆိုရင်
နောက်ဖေးတိုက်ခန်းတန်းလျားတွေမှာနေသည်တဲ့။
ဒါကြောင့်ခုနက စံပယ်ဟာအိမ်ကြီးအပေါ်မှာနေရမည်ဆိုတော့ အကုန်အံ့ဩကုန်ကြတာလို့ ပြောလာ လေသည်။
"ဒါမှမဟုတ်..ဦးနေဂုဏ်ကငါ့ကိုခြေတော်တင်ဖို့
တွေးနေတာများလား..ဒါလဲမဖြစ်နိုင်ပါဘူး
..အလုပ်သမားစည်းကမ်းချက်ကိုငါသေချာဖတ်ခဲ့တာပဲ.."
"ငါလည်းနွားများလို..ရှေ့ကိုတိုးရင်
ထမ်းပိုးကိုထမ်းရမယ်..နောက်ဆုတ်ပြန်တော့လည်းလှည်းကခံနေသလို့
ရှေ့တိုးမရ..နောက်ဆုတ်မရဖြစ်နေပြီ...."
စံပယ် ကိုယ့်ဘာသာ သက်ပြင်းချနေမိပါတယ်။
သုံးလပါပဲ။သုံးလအတွင်းမှာ သူဌေးရဲ့ စိတ်အတိုင်း အလိုက်အထိုက်နေပေးလိုက်ရင် အဆင်ပြေလောက်သည်လို့သာ တွေးလိုက်သည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
အချိန်ကလည်း၆နာရီထိုးနေလေပြီ။
ဗိုက်ကလည်းတဂွီဂွီနှင့် ဆိုင်းသံဗုံသံတွေ
ညံနေလေပြီ။
ဒီအိမ်မှာလူခုနှစ်ယောက်ရှိတာ အကုန်သေကုန်ကြပြီလားမသိပါဘူး။
ထမင်းလေးစားအုံးမလားလို့ တစ်ယောက်တောင်လာမမေးကြဘူး။
တမင် မသဒ္ဒါလို့ ပစ်ထားကြတာများလား ။
စိတ်မရှည်တော့သည့်အဆုံး အဆောင်ကနေယူလာသည့် စတီးလ်ဇလုံကိုသာ ထုတ်လိုက်သည်။
အောက်ထပ်မှာတစ်ခုခုဆင်းယူပြီး အခန်းထဲမှာပြန်လာစားဖို့ဆုံးဖြတ်လိုက်သည်။
"အမယ်လေး..နင့်မေကြီးတော်..!"
တံခါးဖွင့်ချလိုက်စဉ် တွေ့လိုက်ရတဲ့ လူရိပ်ကြောင့် လန့်ဖြန့်ပြီး ဇလုံကို မြှောက်ကာ ရိုက်ချပစ်လိုက်သည်။
"ဂွမ်!..ဂွမ်!.."
"အား..သေပြီဟ!!!..ဘာလို့..ခွက်နဲ့ခေါက်တာလဲ.."
မျက်လုံးတွေကို
ဇွတ်မှိတ်ပြီး ခွက်နဲ့ခေါက်ပြီးကာမှ အသံကြားလို့ ကြည့်လိုက်သော
ဟိုလူကြီးဖြစ်နေလေသည်။အခုအချိနှ်ာ အလုပ်ရှင်တွေ ဘာတွေလည်း နားမလည်နိုင်ဘူး
စံပယ့်အဖို့ ဗိုက်ဆာတာပဲ သိတယ်။
"ရှင်ကရောခိုးကြောင်ခိုးဝှက်နဲ့..သူများရဲ့
တံခါးအရှေ့လာရပ်နေတာကို..ယောင်ပြီးခေါက်မိတာပေါ့လို့"
"အံမယ်..အံမယ်..ငါ့အိမ်ပေါ်မှာလာနေပြီး..
ငါ့ကိုသူခိုးလို့စွပ်စွဲရတယ်ရှိသေး.."
"ဒီမှာ.."
"ဘာလဲ..လေသံကိုက..သူ့လုပ်စာကို ငါကထိုင်စားနေတဲ့အတိုင်းပဲ.."
"ရှင်အပိုတွေမပြောနဲ့..လူကစိတ်တိုနေတာနော်.."
" နေပါအုံး..မင်းကဘာလို့စိတ်တိုနေတာလဲ.."
"ဗိုက်ဆာလို့ပေါ့..အီဟီး.."
"ဟာ..ဟေ့..ဗိုက်ဆာတာကို ငိုနေရသလားကွာ
..ထွက်လာတဲ့..နှပ်တွေကို စားမလို့တော့မဟုတ်ပါဘူးနော်.."
"ဦးနေဂုဏ်မာန်..ရှင်မညစ်ပတ်နဲ့နော်..ကျွန်မတကယ်စိတ်တိုနေတာ..ရှင့်အပေါ်ကို ပုံကျသွားမယ်"
"ညစ်ပတ်တော့ဘာဖြစ်လဲကွာ.."
"ဘာဖြစ်မလဲသိပ်သိချင်တယ်ပေါ့.."
"သိချင်တယ်ကွာ..ဟာ..ဟ.."
"ဒါဖြစ်တယ်ရှင်..ဂွမ်!...."
"အား!..မင်း!"
စံပယ်လည်းစိတ်တိုတိုနဲ့ဇလုံနဲ့ သူ့ခေါင်းကိုပိတ်ထုပြီးမှ မှားမှန်းသိတော့သည်။
ကိုဘီလူးကလက်ကိုအတင်းဆွဲပြီး အောက်ထပ်ကိုမပြေးရရုံတမယ်ဆွဲချလာတာများ စံပယ့်မှာရင်ကိုထိတ်ရောပဲ။
အခန်းတစ်ခုအရှေ့အရောက်မှာ "ဒုန်း"ဆိုပြီး
တံခါးကိုဆောင့်ကန်လိုက်ရာ အခန်းထဲမှဒေါ်ညိုအေးတို့ပါလန့်ကုန်ကြလေသည်။
"ထိုင်!....ဟာ..ဘာကြောင်ကြည့်နေတာလဲ..
ထိုင်လေ.."
ကြောင်ကြည့်နေတာလည်း မပြောနဲ့။
စံပယ့်အရှေ့မှာရောက်နေတာက ရွာအလှူကဘုန်းကြီးပွဲလောက်ရှိသည့် အမျိုးစုံကြိုးခုန်နေ သောဟင်းပွဲတွေကို တွေ့နေရတာ ကြောင့်ပါပဲ။
ကြည့်နေရရုံလေးနဲ့တင်
ဗိုက်ဆာနေသည့် အခံလေးကလည်း ရှိနေလေတော့ သရေတောင်ကျချင်လာသည်။
မိန်းကလေးဖြစ်နေ၍ သရုပ်ပျက်မှာဆိုးတာကြောင့် လျှာကိုမနဲလိမ်ထားရသည်။
"ဟာ..ဒီကောင်မလေး..ငုတ်တုတ်မေ့နေတာလား..မင်းပဲဗိုက်ဆာတယ်ဆို..စားလို့ရပြီလေ.."
"စ..စံပယ်က ဒီဟာတွေကိုတကယ်ကြီးစားရမှာလား.."
"မဟုတ်ဘူး.."
"ဟမ်..အာ့ဆိုဘာနဲ့စားရမှာလဲ.."
သူ့ကို မျက်နှာချိုသွေးနေမိရာမှ ချက်ချင်းပြန်တည်သွားသော ကောင်မလေးကို သူအရမ်းစနောက်ချင်နေလေသည်။
"ဟိုမှာ..မင်းက ဟိုဟာနဲ့စားရမှာ.."
သူညွှန်ပြလိုက်တာက အခန်းထောင့်မှာရှိတဲ့
စားပွဲလေးအပေါ်မှာတင်ထားသော
ငါးပိရည်နှင့်အတို့ပြုတ်ပန်းကန်လေးဆီသို့ပင်။
"သေနာကြီး အာ့ဆိုဘာလို့ ဒါတွေလာပြ နေသေးလဲ..ခုနကမေတ္တာပို့နေမိတဲ့ငါကိုက မှားတာ..
..ဒီလောက်
ဟင်းတွေအများကြီးကို သုများတွေကို ဝေမျှကျွေးရင်
ကုသိုလ်ရသွားမှာစိုးလို့လား မသိဘူး...အဲ့ဒီ့အစားမျိုးစုံကို စားပြီး
သင်္ချိုင်းကုန်းကိုတန်းရောက်ပါစေ.."လို့ စိတ်ထဲကလဲ
မေတ္တာသုတ်အမျိုးတစ်ရာလောက်ကိုရွတ်ချလိုက်ပြီး သူ့ကိုကြိမ်ဆဲနေလိုက်သည်။
"ဟား..ဟား..ဖြစ်သွားတဲ့ရုပ်ကလဲ ဘီလူးမကြီးကိုသံပုရာသီးအလုံးတစ်ရာလောက် ကိုက်ခိုင်းလိုက်သလိုပဲ..ဟား..ဟား.."
"အောင်မာ..သူများကိုများ..ရှင့်ရုပ်ကမှ.."
စံပယ်မပြောခင် ဘေးကိုကြည့်လိုက်မိသည်။
ဟုတ်သားပဲစံပယ်ရောက်နေတာ သူ့ပိုင်နက်ထဲမှာပဲဆိုတာ မေ့သွားမိသည်။
စကားမှားသွားရင်
အနောက်ကဖိုက်တာကြီးတွေကတကယ်ထုမဲ့ရုပ်ကြီတွေ။ မဖြစ်ဘူးမိစံပယ်ရေ
အနေအထိုင်ဆင်ခြင်စမ်းပါဟု ကိုယ့်ကိုကိုယ် သတိပြန်ပေးလိုက်ပြီး
သူ့ကိုပြုံးပြလိုက်သည်။
"ဟို..စံပယ်က ဘာနဲ့ပဲစားရစားရ..အဆင်ပြေပါတယ်..သူဌေးပဲ..ဒါတွေကို၀အောင်စားနော်..
မ၀သေးရင်..ကျွန်မကိုယ်တိုင်ထက်ပြီးချက်ကျွေးမယ်..သိလား"
အံကြိတ်သံကြီးနဲ့
သကာရည်လောင်းထားတဲ့မျက်နှာလို ဟန်လုပ်ပြောနေတဲ့သူမကို
သူရယ်ချင်နေမိသည်။ဒီကလေးမဟာ တကယ်ကိုဟန်ဆောင်တဲ့နေရာမှာ သုညအဆင့်ပါလား။
"ကဲပါ..ကိုယ်ကနောက်တာပါ..ငါးပိရည်ကဒေါ်ညိုတို့က သူ့တို့ဘာသာစားဖို့လုပ်ထားတာ..မင်းကအခုကိုယ်နဲ့လာစားဟုတ်ပြီလား.."
"ရှင်တကယ်ပြောတာနော်..ပြီးမှစားပြီးသားတွေ
ပြန်မအန်ထုတ်ခိုင်းနဲ့.."
"ဟား..ဟား..မင်းကတော့လေ..ကဲ ထိုင်ပါ..
ဗိုက်ထဲကအကောင်ပေါက်လေးတွေက
ဆာလွန်းလို့ ခုန်ပေါက်နေကြလောက်ပြီ..စားတော့.."
စံပယ်လည်း အပျော်ကြီးပျော်ပြီး အားရပါးရ
သွတ်လေတော့သည်။
စံပယ်ဟာ စားကောင်းတာလေးစားရတဲ့အချိန်တိုင်း အဖွားကို သတိရတတ်သူမို့
"အဖွားရေ သမီးကိုခွင့်လွတ်ပါနော် အဖွားကို
မကျွေးချင်လို့မဟုတ်ပါဘူး..သမီးလဲသူများဆီမှာကုပ်ကပ်ပြီး စားနေရတာမို့လို့ပါ.."ဟုစိတ်ထဲကနေလည်း အဖွားကိုတောင်းပန်ရသေးသည်။
ဘေးမှာရပ်နေကြသည့် ဒေါ်ညိုအေးတို့အဖွဲ့ကတော့အရာရာကို အထူးအဆန်းသဖွယ်ဖြစ်နေတော့သည်။မောင်နေဂုဏ်မာန်ဟာ ဘယ်လိုလူမျိုးလဲ သူသိပ်သိတာပေါ့။
တော်ရုံဆိုရင်
အိမ်မှာထမင်းပြန်မစားတတ်သလို၊သူ့အလုပ်နဲ့သူရှုပ်နေတတ်၍
အမြဲလိုလိုမျက်မှောင်ကြီးကြုံ့နေတတ်ပြီး တစ်ခုခုကို စဉ်းစားနေတတ်သည့်လူပင်။
အားပါးတရ ရယ်မောပြတာမျိုးဆိုတာ ဒေါ်ညိုဖြင့် ဒီမိန်းကလေးနဲ့မှပထမဆုံးမြင်ဖူးခြင်းပေ။
သေချာတာကတော့ ဒီမိန်းကလေးက အိမ်တော်ထိန်းလုပ်ဖို့လာတာမဟုတ်ပဲ အိမ်ရှင်မလုပ်မည့်သူဟု ကြိုတင်ခန့်မှန်းကိန်းထုတ်လိုက်မိလေသည်။
အခန်း၁၁....ဆက်ရန်
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
စံပယ်မွှေးနဲ့ နေဂုဏ်မာန်ဘယ်လို ဆက်ဖြစ်ကြ
မလဲ...
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

No comments:
Post a Comment