Saturday, October 11, 2025

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၂)"

 

 


"သနပ်ခါးရနံ့လေးကြူကြူမွှေး"
"အခန်း(၂)"
🙏ဩကာသ ဩကာသ ဩကာသ 🙏
"အာ..ဘာသံကြီးတုံး.."
🙏ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါ‌စေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင်🙏
"ဟဲ့..တောဂိုက်..."
"ရှင်..ဘာ..ဘာဖြစ်လို့လဲ.."
ကိုယ့်ကုတင်မှာကိုယ် အားရပါးရဘုရားရှိခိုးနေမိရာမှ ဘေးကုတင်မှ မမိုးကိုကြည့်လိုက်မိတော့ ဆံပင်တွေက ပွထနေပြီး မျက်နှာကြီးကလည်း ဆူပုပ်နေလေသည်။မသိရင် စံပယ်ကပဲ သူ့ဆီကနေအကြွေးယူထားသလို ရုပ်မျိုး။
"ဘုရားရှိခိုးတာ တိုးတိုးရှိခိုးလို့မရဘူးလား..သူ့အသံဗြဲကြီးမှအားမနာ..လော်စပီကာနဲ့နားအနားမှာလာကပ်အော်နေသလိုပဲ.."
"အန္တရာယ်ကင်း..ဘေးရှင်းအောင်ပါမမိုးရယ်.."
"အဲ့ဒါဆိုရင်ဘုန်းကြီးကျောင်းမှာသွားနေလေ..
ဒါအဆောင်ဟဲ့ လူတွေနေတာ နင်တစ်ယောက်ထဲ
အန္တရာယ်ကင်း ဘေးရှင်းစေချင်နေရင်.... ဘုန်းကြီးကျောင်းဖြစ်ဖြစ်၊သီလရှင်ကျောင်းဖြစ်ဖြစ် တစ်ခုခုမှာ သွားနေ..."
"အို..အဖွားမှမနေခိုင်းတာ.."
စံပယ်မွှေးရဲ့ စကား‌ကြောင့် မိုးမမခေါင်းကုတ်မိလေသည်။ဘယ်လို အူကြောင်ကျားက မြို့တက်လာသလဲမသိပါဘူး။အိပ်တာတောင် ကောင်းကောင်းမအိပ်ရဘူး။
"ဟင်း..ရွဲ့ပြောလို့ပြောမှန်းလဲမသိ..ရှေ့တည့်တည့်ကနေ ကား နဲ့တက်ကြိတ်မှကား တိုက်ခံရမှန်းသိမဲ့ရုပ်..ဒီမှာဒါအဆောင်..နင်တစ်ယောက်ထဲနေတာမဟုတ်ဘူး..ဘုရားစာကိုအသံတိတ်ရွတ်ပေးပါ..
ပြန်အိပ်တော့မယ်..ဒါပဲ.."
"ဟုတ်ကဲ့ပါရှင်.."
စံပယ်လည်း အသံအကျယ်ကြီး ရှိမခိုးရဲတော့ပဲ ဘုရားကိုတိတ်တိတ်လေးရှိခိုးပြီးနောက် နာရီကိုကြည့်လိုက်ရာ ၄နာရီခွဲပဲရှိသေးသည်။
မိမိနှင့်မျက်နှာချင်းဆိုင်ခုတင်မှ ပါးစပ်ကြီးဟပြီး
ကုလားသေ၊ကုလားမော ပြန်အိပ်နေသောမိုးမမဆိုသူကိုကြည့်ပြီးနှာခေါင်းရှုံ့မိပါသည်။
ရွာမှာဆို၄နာရီထိုး ဘုန်းကြီး‌ကျောင်းမှအုန်းမောင်း
ခေါက်သည်နှင့် ဆွမ်းချက်ရန်ထရသည်။မထရင်လည်းအဖွားက အိပ်ရာထဲအထိ‌ ခေါင်းလာခေါက်ပြီးသားပဲ။မနက်မိုးလင်းပြီဆို သူငယ်ချင်းမတွေနဲ့ လယ်ထဲဆင်းရင်းသီချင်းညီးလိုက်၊အတင်းတုပ်လိုက်နှင့်ပျော်စရာကောင်းလှသည်။
"အော်အခုနေများ..အဖွားရေသမီးကိုခေါင်းတစ်ခါလောက်နာနာလေးလာခေါက်ပေးပါအုံးဆိုလည်း
..ဧရာ၀တီတိုင်းနဲ့ ရန်ကုန်ကိုလက်လှမ်းလို့မှီမှာမဟုတ်ဘူး.."
ခုဆိုစံပယ်ရန်ကုန်ကိုရောက်နေတာ၁လလောက်ရှိသွားပြီ။ ရောက်ခါစက ကားတိုးစီးရင်းခဏခဏ
မူးပြီးသူများအပေါ်အန်ချမိလို့ တောင်းပန်ရတာလည်းအမော။
ကားလမ်းစကူးတုန်းကဆိုရင် လယ်ထဲမှာ ကျွဲလိုက်ခွေ့လို့ ‌ဖင်လိမ်ပြီးပြေးရသလိုပဲ ကားရှင်းတာနဲ့ အပြေးလေးလမ်းဖြတ်ကူးရတာ ဆိုသည်မှာ ‌
သေ ချင်တာပဲ သိတယ်။
ရွာမှာဆိုရင် လမ်းကတစ်ချိုးတည်း တစ်ဖြောင့်ထဲရယ်။ဓနုဖြူမြို့ကို တက်ရင်တောင် ထော်လာဂျီနဲ့ ဈေးအထိ သွားခဲ့ရတော့ မြို့ထဲကို တစ်ခါမှမလည်ဖြစ်တဲ့ ကိုယ်က ဒီရန်ကုန်ရဲ့ ရပ်ကွက်
လမ်းအကြိုအကြား အကွေ့၊အကောက်တွေကြောင့် မျက်လုံးတွေကို မူးနောက်နေရောပဲ။
လမ်းမှားလို့ ပြန်ကွေ့ရတာများ အလုပ်ပင်ပန်းရတဲ့ကြားက ခြေထောက်ပါ အပိုညောင်းရတယ်။
စတိုးဆိုင်မှာလုပ်တော့လည်း တောမှာသနပ်ခါးနဲ့ အာချီပဲလူတိုင်းလိမ်းကြတာ သူတို့မြို့ရောက်မှ မိတ်ကပ်ကိုအမျိုးတစ်ရာလောက်ကွဲနေတယ်။
အစပိုင်းတုန်းကများ နေလောင်ကာခရင်မ်ပေးပါဆိုလို့ ခေါင်းမီးတောက်အောင်လိုက်ရှာပေးခဲ့ရတယ်။
ကိုယ်တို့တောမှာက ဘာနေလောင်ကာခရင်မ်မှမလိုပါဘူး ။သနပ်ခါးကို ပါးမှာထူထူတင်လိုက်တာနဲ့ အေးသွားတာပဲ။သူတို့မြို့က မိတ်ကပ်တွေထက် အပုံကြီးသာတယ်။
စကားတွေကလည်းလူလိုမပြောကြဘူး ဘာတဲ့ဗန်းစကားဆိုလားပဲ။
၀တ်တာ၊စားတာတွေကလည်း ကြည့်မိတဲ့ကိုယ့်မျက်လုံး ကိုယ်ပြန်ရှက်ရတဲ့အဖြစ်။အဲ့ဒီအတိုအပြတ်တွေမ၀တ်ပဲ လုံလုံခြုံခြုံ၀တ်တော့ရော ကိုယ်မှာ ဖုံးသွားတာပဲမဟုတ်ဘူးလားလို့ပြောချင်လိုက်တာ ပါးစပ်ကိုယားနေရော။
တစ်ချို့ယောက်ကျားလေးတွေဆို စတိုးဆိုင်ထဲ၀င်လာတာ ဘောင်းဘီက ပွလျှောင်းပြီး ဖင်အဖျားမှာချိတ်လို့ အတွင်းခံကပေါ်ချင်ချင်ရယ်။
ဒါမျိုးတွေ့ရင် ကိုယ့်မောင်သာ‌ဆို အနောက်ကနေ စောင့်ကန်ပစ်လိုက်တယ် မှတ်ကရောဆိုပြီး။
လူသံ၊ကားသံကလည်း အမြဲတစ်၀ီ၀ီနဲ့"အော်ငါတို့ရွာပဲကောင်းတယ်"။
ခုတော့ဒါတွေအသားကျနေပါပြီလေ။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"ဒေါက်!ဒေါက်!ဒေါက်!"
"၀င်ခဲ့.."
"ဆရာနေ့လည် ၂နာရီမှာစင်္ကာပူကရုံးနဲ့
online Meetingရှိတယ်နော်.."
"အေး...ငါသတိရတယ်.."
"ဒါဆရာလတ်မှတ်ထိုးရမယ့် ဖိုင်လ်တွေပါ.."
"အေး..ချထားခဲ့.."
"ဆရာ..ပုဂံကဟိုတယ်လ်ပရောဂျက်အတွက်
ELဒီဇိုင်းအဖွဲ့ကအခုအချိန်ရရင် နာရီ၀က်အတွင်းအရောက်လာပြချင်ပါတယ်တဲ့.."
"အဲ့ဒါဆိုရင် အခုပဲအစည်းအဝေးခေါ်လိုက်"
"ဟုတ်ကဲ့.."
အတွင်းရေးမှူးထွက်သွားသည်နှင့် ထိုင်ခုံမှကုတ်အင်္ကျီကိုယူ၀တ်လိုက်ပြီး ရုံးခန်းထဲမှထွက်ကာ အစည်းအဝေးခန်းသို့တန်းသွားလိုက်သည်။
အစည်းအဝေးအခန်းထဲတွင်‌ ဒီဇိုင်းဌာနမှလူတွေဟာ သူတို့ရဲ့တင်ပြချက်ပြီးသည့်နောက် ဦးနေဂုဏ်မာန်ဘာများဝေဖန်မလဲဟု အကဲခတ်နေကြလေသည်။ဒါနဲ့ဆိုရင်သူတို့ ပုံစံငယ်ကိုပြန်ပြင်ရတာသုံးခါရှိနေပါပြီ။အခုအချိန်မှာ သူတို့အကြားချင်ဆုံးက
ဦးနေဂုဏ်မာန်၏ နှုတ်မှထွက်သော Yes(ရက်စ်)
ဆိုသည့်စကားပါပဲ။
"မကြိုက်သေးဘူး ပြန်ပြင်ပေးပါ.."
"ဟာဗျာ..ဒါနဲ့ဆိုသုံးကြိမ်ရှိပြီ..ဒီလိုဒီဇိုင်းလ်ကောင်းတစ်ခုထွက်ဖို့အတွက် အသေးစိတ်တွက်ချက်ရတာ ကျွန်တော်တို့၃ရက်ဆက်တိုက်မအိပ်ရသေးဘူး..ဆရာစာနာပေးသင့်တယ်.."
"ဒီဇိုင်းလ်ကောင်း..ဟား..ဒီလိုစုတ်ပျက်နေတာက
ဒီဇိုင်းလ်ကောင်းလား..ကျုပ်လိုချင်တာကခောတ်မှီဆန်းသစ်‌နေရုံမဟုတ်ဘူး ဆန်းသစ်တဲ့ဖွဲ့စည်းပုံနဲ့
မြန်မာ့ရိုးရာရဲ့ခမ်းနားမှုကိုပေါင်းပြီး ခရီးသွားတွေကို ကိုယ့်အိမ်လိုသက်သောင့်သက်သာခံစားနိုင်စေတာမျိုးကိုလိုချင်တာ..ကြည့်လိုက်တာနဲ့ မြန်မာ့ယဉ်ကျေးမှုကို ခံစားလိုက်ရတာမျိုး...အဲ့လိုခံစားချက်မျိုးမရမချင်းမကျေနပ်နိုင်ဘူး..မင်းတို့မလုပ်နိုင်ဘူးဆိုရင်လည်း ရတယ်.. တစ်ခြားအဖွဲ့ကိုငှားလိုက်ရုံပဲ...."
"အဲ့လိုတော့ မလုပ်ပါနဲ့ဗျာ...ဒီပရောဂျက်ကို အခြားအဖွဲ့ကို လွှဲပေးလိုက်ရရင် ကျွန်တော်တို့နာမည် ပျက်လိမ့်မယ်...ခုဏက စိတ်လိုက်မာန်ပါ ပြောလိုက်မိပါတယ် .....စိတ်မရှိပါနဲ့ဗျာ...ဆရာလိုချင်တဲ့ပုံစံအထိ ကျွန်တော်တို့ကြိုးစားပေးပါ့မယ်...."
နေဂုဏ်မာန်လည်း တောင်းပန်နေသော သူကို
စူးဆိုက်ကြည့်လိုက်ရင်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ပြန်ပြင်လို့ရတဲ့ အခြေအနေဖြစ်နေသေးတာကြောင့် သူလည်းစိတ်ကိုနည်းနည်းလျှော့ထားလိုက်သည်။
"ကောင်းပြီ...မင်းတို့ကို အခွင့်အရေးနောက်တစ်ကြိမ်ထပ်ပေးမယ်....ဒီဟော်တယ်စီမံကိန်းက
ပါချီပါချက်လေးမဟုတ်ဘူး....ဘတ်ဂျက်ကိုစိတ်ပူမနေပါနဲ့....ဒီဇိုင်းကိုသာ အခမ်းနားဆုံးပုံဖော်ပေးပါ.....လူငယ်တွေကို အခွင့်အရေးပေးချင်လို့ မင်းတို့ဆီမှာ အပ်ထားတာ....ရက်တိုတိုလေးနဲ့
အမြန်ချပြချင်တဲ့ ပြီးစလွယ်စိတ်ကို ပြင်ပေးကြပါ...."
"ဒါဆိုရင်...ကျွန်တော်တို့ ပုဂံနဲ့၊မန္တလေးကို ကွင်းဆင်းလေ့လာချင်ပါတယ်...ဒါပေမဲ့ခရီးစရိတ်က...."
"စီမံခန့်ခွဲရေးဌာနမှာ....မင်းတို့လိုအပ်တဲ့ခရီးစရိတ်ကို တွက်ချက်ပြီးသွားထုတ်ပါ...ဒါပေမဲ့ ကိုယ့်
ကုမ္ပဏီက လူတစ်ယောက်တော့ ထည့်ပေးလိုက်မှာနော်..."
"စိတ်ချပါ....ဆရာ့စိတ်တိုင်းကျ...ဖြစ်စေရပါမယ်..".
နေဂုဏ်မာန်သည်လည်း ထိုင်နေရာမှ ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး ELဒီဇိုင်းအဖွဲ့ခေါင်းဆောင်၏ ပခုံးကို ပုတ်ပြီး အားပေးလိုက်သည်။
"အိပ်ချိန်၊စားချိန်တော့ ချန်ကြပါ...ဦးနှောက်နဲ့ ခန္ဓာကိုယ်ကိုလည်း အားဖြည့်ဖို့လိုအပ်တယ်...
တစ်ချို့အရာတွေက ညီမျှမှုမရှိရင် ဘယ်လောက်ကြိုးစားပါစေ အရာမထင်တတ်ဘူး...."
"ဟုတ်ကဲ့....ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့မယ်...."
ထိုစဉ် ခုံပေါ်မှာတင်ထားသည့် သူ့ဖုန်းဆီမှအသံမြည်လာသောကြောင့် နေဂုဏ်မာန်လည်း
ခပ်မြန်မြန်ပဲဖုန်းကိုင်လိုက်လေသည်။
"ဟယ်လို...မောင်ထွန်း...ဘာလဲပြော.."
"ဆရာဒီနေ့..ဆရာ့အမေနှစ်ပတ်လည်နေ့..အဲ့ဒါ.."
"အေး..ငါအခုထွက်လာပြီ.."
"ဆရာ့..ဆရာ့..နေ့လည်၂နာရီအစည်းအဝေးက.."
"အကုန်ဖြတ်လိုက်..ငါ့အတွက်ဒီနေ့ကအရေးအကြီးဆုံးပဲ"
အတွင်းရေးမှူးရဲ့ စကားကိုလည်း ငြင်းဆန်ခဲ့လိုက်ကာ အကုန်လုံးကိုကျောခိုင်းပြီး ခြေလှမ်းကျဲကြီးများနှင့်ကုမ္ပဏီထဲကထွက်လာလိုက်သည်။
ဒီနေ့ဟာ သူ့ဘ၀အတွက် ကမ္ဘာပေါ်မှာ အရေးပါဆုံးလူတစ်ယောက်ကို အချိန်ပေးမှကို ဖြစ်မည့်နေ့ပါပဲ။ကုမ္ပဏီရဲ့ အပြင်ဘက်မှာတော့အချိန်အခါမဟုတ်ပဲ မိုးများအုံ့မှိုင်းနေလေသည်။
"အော်ရာသီဥတုတောင် ငါ့စိတ်ကိုသိနေပါလား.."
သူတစ်ချက်မဲ့ပြစ်လိုက်ပြီး ကားဆီသို့သာ ဦးတည်ပြီး သွားလိုက်သည်။ကား‌ပြူတင်းပေါက်ကနေ မြင်နေရသော ရာသီဥတုအခြေအနေသည် အမှန်တကယ်ပင် သူ့ရင်ထဲက ခံစားမှုနှင့် ထပ်တူအချိုးကျနေလေသည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"ဂျောက်.."
"ဟင်! ဦးမိုး...ဒီအခန်းထဲကိုဘာကိစ္စရှိလို့လဲ..ဘာယူပေးရမလဲ.."
စံပယ်စတိုခန်းထဲမှာပစ္စည်း၀င်စစ်နေတုန်း ဆိုင်ရှင်မမရဲ့ယောက်ျားကြီးက၀က်အဆီပျံတဲ့မျက်နှာကြီးနှင့်အခန်းထဲ၀င်လာပြီးဂျက်ချလိုက်လေသည်။
"စံပယ်လေးကလဲ ကိုကိုကဘာမှမလိုဘူး စံပယ်‌လေးရဲ့ဘူသီးလေးလိုကိုယ်လုံးလေးကိုစားရရင်ကျေနပ်ပြီ.."
"သေနာကြီး..ဘာစကားပြောတာလဲ ..
ဘူးသီးစားချင်ရင် တော့်မိန်းမဘူးသီးကိုချက်စား သူ့၀က်ခန္ဓာမှအားမနာ..ဖယ်ကျွန်မအရှေ့က.."
"ဟင့်အင်း..ဖယ်ပေးဘူးဆို..တိုကြီးကစံပယ့်ဘူးသီးလေးစားရမှ ဖယ်မှာ.."
ကျပ်မပြည့်တဲ့ရုပ်နဲ့ လာနွဲ့ပြနေတဲ့ ပိတ္တာကိုကြည့်ပြီးအော်ကလီဆန်လာသည်။စကားကလည်း မွေးကာစကလေးကမှ သူ့ထက်ပီအုံးမယ်။
ခုနထဲကအပြင်စင်မှာတင်ဖို့ယူထားတဲ့ လင်ဗန်း၅ချပ်ကိုမသိမသာဝှက်ထားလိုက်သည်။
"စပယ်လေးရယ် လာပါကွာ..တိုကြီးနဲ့အတူပျော်ရအောင်..ဒီက စားချင်လို့ပါဆို.."
"လွှတ်..ဖယ်..လွှတ်နော်.."
"လွှတ်ဘူးဆို.."
"သေချာလားမလွှတ်တာ.."
"သေချာသမ..ချာချာချာချာကိုမြည်တာ.."
ချာချာလည် မြည်ချင်တဲ့ ၀က်ကို စိတ်ကတအားတိုလာတာကြောင့် လင်ဗန်းကိုင်ထားသည့်လက်ကို မြှောက်ချလိုက်ပြီး ငယ်ထိပ်တည့်တည့်ကို ပိတ်ထုချပစ်လိုက်သည်။
"ဂွမ်!!!!!"
"အဲ့မှာချာချာမြည်ချင်အုံး.." "ဂွမ်!!!!!.."
"အား..လင်ဗန်းနဲ့ရိုက်..ရိုက်တယ်.."
"ရိုက်တော့ဘာဖြစ်လဲ" "..ဂွမ်!!..ဂွမ်!!. ဂွမ်!!.."
"အဲ့ဒါဘူးသီးစားချင်အုံး".. "ဂွမ်!!!.."
"အဲ့ဒါအတူပျော်ချင်အုံး"။ "..ဂွမ်.."
"ဒါက၀က်မျက်နာနဲ့ နွဲ့ချင်အုံး" "..ဂွမ်!!!!.."
"မှတ်ပလားဟမ်.." "ဂွမ်.!!!!."
၀က်ပုပ်ကြီးဦးမိုး လင်ဗန်းစာမြည်းပြီး
အီဆလံဝေကာ ငုတ်တုတ်ထိုင်ကျသွားလေသည်။ကြယ်တွေလတွေလဲ မြင်ကုန်ပြီလားမသိ။
"ရော့..အင့်..စားအဲ့မှာဘူးသီး.."
"အူး..အူး..ဝူး"
"ဘူးသီးစားချင်တယ်ဆို..စားအ၀စား..
မ၀သေးရင် ရှင့်အသုဘမှာကျုပ်ကိုယ်တိုင်အခေါင်းထဲအထိ လိုက်ထည့်ပေးမယ်.."
ခေါင်းချာလည်လည်နေတဲ့ ၀က်ပါးစပ်ထဲကို တွေ့ရာအမှိုက်တွေကောက်ထည့်လိုက်ပြီး အခန်းအပြင်ထွက်လာလိုက်သည်။
"ဟင်း..အလုပ်တော့ပြုတ်မှာသေချာပြီ..မဖြုတ်လည်း ဒီအယုတ်တမာကြီးနဲ့တော့အတူမလုပ်နိုင်ဘူး.."ဘယ်သူမှ အလုပ်မထုတ်ကို ကိုယ့်ဘာသာပဲ အိမ်ပြန်ဖို့ စတိုးဆိုင်မှထွက်လာခဲ့လိုက်သည်။
"ဝေါ..ဝေါ..ဂျိန်း!!!!!"
"ဒီနေ့မှ မိုးကလည်း အချိန်အခါမဟုတ်ရွာနေလိုက်တာ စိတ်ညစ်ရတဲ့အထဲ.. သောက်ကားတွေကလည်း တစ်စီးလာဖို့ နာရီ၀က်လောက်စောင့်နေရတယ်..စိတ်ညစ်ညစ်နဲ့ပတ်ရမ်းရရင်တော့..
လမ်းမတော်ဖိုးတုတ်ထက်ဆိုးတော့မယ်.."
တစ်ဖက်တွင်တော့နေဂုဏ်မာန်တစ်ယောက် အမေ့အုတ်ဂူကိုသွားကန်တော့ပြီးအပြန် လမ်းတစ်၀က်မှာကားက ထပြတ်လေသည်။
"ဟာကွာ..တောက်!!!...အရေးထဲမှ မောင်ထွန်း
ကားကိုသေချာမစစ်ဘူးထင်တယ်..ဘုန်း!.."
စိတ်ညစ်ညူးနေ၍ နက်တိုင်လ်ကိုဖြေလျော့လိုက်ပြီး ကားမှန်ကိုချလိုက်ကာအပြင်ဖက်သို့ကြည့်လိုက်သည်။ရုတ်တရက်ကားတံခါးကိုဖွင့်လိုက်ပြီး မိုးရေထဲမှာခြေစုံရပ်နေလိုက်မိသည်။
"ဝေါ‌..ဝေါ.."
"မာမီ..မာမီအရမ်းကြိုက်တဲ့မိုးစက်တွေဒီနေ့အသဲအသန်ကိုရွာနေတာ..မာမီ့ကိုမြင်ဆန်းစေချင်တယ်..
အဟင်း..သင်္ကြန်လည်းရောက်တော့မယ်..
မာမီ့ခေါင်းမှာပိတောက်တွေဝေနေတာကို ကျွန်တော်မြင်ချင်လိုက်တာဗျာ..မာမီနဲ့ဒယ်ဒီ သင်္ကြန်ရေပက်ပြီးကျီစားနေကြတာကို ခုထိမြင်ကွင်းထဲကနေ မထွက်သေးဘူး..
သင်္ကြန်မိုးရယ်ကျွန်တော်အရမ်း၀မ်းနည်းနေလို့
မာမီ့ကိုခဏလောက် ကျွန်တော့်ဆီပို့ပေးပါလားဗျာ.."
အရာအားလုံးကိုလျစ်လျှူရှုလိုက်ပြီး လမ်းဘေးပလက်ဖောင်းပေါ်တွင်အားအင်ချည့်နဲ့ကာ မုဆိုးဒူးထောက်ထိုင်ချလိုက်မိ‌လေသည်။မိုးရေစက်တွေဟာ သူ့ခန္ဓာကိုယ်ပေါ်ကို ကြမ်းကြုတ်စွာ ကျရောက်နေလည်းပဲ သူ၀မ်းနည်းစွာခံယူနေမိသည်။
"ဟင်..ဟိုလူရူးနေတာများလား ကားလမ်းဘေးကြီးမှာထိုင်‌နေတယ်..မိုးတွေဒီလောက်သည်းနေတာကို"
"ဝေါ...ဝေါ..ဂျိန်း! ဂျလိန်း!.."
"ဟော..‌ဟိုမှာမောင်တော်ကားတော့လာ‌နေပြီ..
ကားက၄၅မိနစ်‌လောက်စီးရမှာဆိုတော့..အဲ့အချိန်လောက်ဆို မိုးတိတ်လောက်ပါတယ်..
အလုပ်မြန်မြန်ရအောင် ကံဖြည့်ရမယ်..ဟုတ်ပြီ.."
စံပယ်မွှေးလည်း မိုးရေထဲမှလူဆီပြေးသွားပြီး ထီးကိုအတင်းပေးခဲ့ကာ ကားပေါ်အမြန်တက်လာလိုက်သည်။သူ့ဟာနဲ့သူတော့ဒါနတစ်ခုပြုလိုက်ရလို့ကျေနပ်နေလေသည်။
နေဂုဏ်မာန် သူ့ကိုအတင်းထီးလာပေးသွားသူကိုခေါင်းမော့ကြည့်လိုက်တော့ အနီရောင်အရိပ်ကလေးပဲမြင်လိုက်ရသည်။ပေါင်လောက်ရှိတဲ့ဆံပင်ရှည်တွေကိုတော့ လျှပ်တစ်ပျက်သတိထားမိတယ်။ဒါဟာ နတ်သကြားတွေကသူ့ကိုနှစ်သိမ့်လက်‌ဆောင်ပို့လိုက်တာများလား။ပြီးတော့သူမ‌ကပြောသွားသေးတယ်..
"မိုးရေဒီလောက်ချိုးချင်လည်း မိုးတွင်းအထိ‌
စောင့်လေ..ခုကစဦးမိုး မသာပေါ်သွားမယ်..
ရန်ကုန်မြို့ကြီးမှာလမ်းဘေးလဲနေလည်းဘယ်သူမှလာကူမှာမဟုတ်ဘူး..
ရူးနေလည်းထီးဆောင်းရူး..ရော့!..အေးအေးမိမယ်..မြန်မြန်ယူ.."
သူ့မှာအခြောက်တိုက်လာဟောက်နေ၍ယူ
ထားလိုက်ရသည်။မိုးရေတွေမျက်လုံးထဲ၀င်နေလို့သူမရဲ့ မျက်နှာကိုမသဲကွဲလိုက်ဘူး။သူမ‌ ပေးသွားတဲ့ထီးလေးကိုကိုင်ပြီး သူ့နှုတ်ခမ်းများပြုံးသွားမိသည်။
"အဟက်..မေမေကလွဲပြီးငါ့ကိုဆူဖူးတာ
မင်းပထမဆုံးပဲ..ဘာကြောင့် ကိုယ့်ကို ဒီထီးပေးသွားရတာလဲ....တိုက်ဆိုင်တာလား...စေတနာနဲ့လား...ဒါမှမဟုတ် တမင်ရည်ရွယ်ပြီးတော့လုပ်တာလား..."
အခန်း...၃ဆက်ရန်ရှိသည်...
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"စပယ်မွှေးတို့များစကားလုံးလေးတွေကနူးညံ့လိုက်တာ"


No comments:

Post a Comment

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း ၁"

    "သနပ်ခါးရနံ့လေးကြူကြူမွှေး"   " အခန်း ၁" တောသူတွေမယ်...အရိုးခံပါကွယ် ချစ်တယ်..ကြိုက်တယ်..ဆိုလာပါတဲ့ ကိုလူညိုထွား.......