Saturday, October 11, 2025

🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼 🌼အခန်း၃🌼

 

 


🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼အခန်း၃🌼

"ဖွားကြည်မေရေ..ဗျို့ဖွားကြည်မေ.."

ဖွားကြည်မေတစ်ယောက် နောက်ဖေး မီးဖိုချောင်တွင် ထမင်းအိုးငှဲ့နေရင်းနှင့် အိမ်ရှေ့မှ မုန့်လေပြွေရဲ့အသံကိုကြားလိုက်တာကြောင့် အိုးကိုမီးဖိုခွင်ပေါ်သို့ မတင်သေးပဲ ကြမ်းပေါ်မှာပဲ ချထားပြီး အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။

"ဟဲ့..မုန်လေပြွေ ဘာဖြစ်လာတာတုံး.."

"ဟော့ဒီ့မှာ မြို့ကနေစံပယ်မွှေးစာပို့လိုက်လို့..
လာပေးတာဗျို့.."

"ဟုတ်လား..မိစံပယ်မွှေးကိုငါလဲလွှမ်းနေတာအတော်ပဲ ဖတ်ပြစမ်းပါ.."

"ဟုတ်ကဲ့ကျွန်မဖတ်ပြမယ်..."

နှစ်ယောက်သား အိမ်ရှေ့ကွပ်ပျစ်လေးမှာ အကျအနထိုင်လိုက်ကြပြီး စာအိတ်ကိုဖောက်လိုက်လေသည်။ဖွားကြည်မေဟာ ငယ်စဉ်က မိဘများအဆင်ပြေ၍ ကျောင်းတက်ခဲ့ရသော်ငြားလည်း ဖခင်ဟာ မိန်းကလေးဖြစ်၍  သေစာ၊ရှင်စာလောက်သာ ရရင်တော်ရောပေါ့ဆိုကာ ကျောင်းထုတ်ခဲ့လေသည်။

စာပေနဲ့ နှစ်ပေါင်းများစွာ ဝေးခဲ့ရတဲ့သူမဟာ အသက်ကြီးလာ၍ မျက်စိမှုန်သည့် ဝေဒနာကပါ ရောယှက်လာပြီး ကိုယ့်မြေးမ‌ရဲ့ စာကိုတောင် ကိုယ်တိုင်မဖတ်နိုင်သည့်အဖြစ် ရောက်နေရလေသည်။

မိလေပြွေဆိုသည်မှာလည်း ဉာဏ်ထိုင်းလွန်း၍ စာမလိုက်နိုင်ဖြစ်ကာ ငယ်စဉ်က တငိုငို
တရယ်ရယ် ဖြစ်ခဲ့ရာကနေ မိဘများက ကျောင်းထုတ်ပေးခဲ့သူဖြစ်လေသည်။သို့ပေမဲ့ ဖွားကြည်မေထက် အတန်းများများသင်ခဲ့ရတာကြောင့် မြန်မာစာကိုတော့ ဖြောင့်အောင်ဖတ်နိုင်လေသည်။

✉️သို."✉️

✉️"ကျွန်မရဲ့ချစ်လှစွာသော၊မေတ္တာရှင်၊
အနန္တဂိုဏ်း၀င်၊ဘုရားနဲ့တစ်ဂိုဏ်းထဲထားအပ်တဲ့ ကျေးဇူးရှင် ၊ကျွေးသမိခင် ဖွားဖွားရှင့်.."

"အမယ်လေး..နိဒါန်းကို ဖတ်ရုံရှိသေးတယ်.
မောလိုက်တာအဖွားရယ် ရေတစ်ခွက်လောက်တိုက်ပါလား.."

"အေးဟယ်..မိစံပယ်တို့များပြောလိုက်ရင်တော့အကြီးကြီး ပြီးရင်တလွဲ....ကဲဆက်ဖတ်..ဆက်ဖတ်.."

"ခဏလေး ကျွန်မ လေအ၀ရှူလိုက်အုံးမယ်.."

"အမြန်ဖတ်စမ်းပါအေ.."

ဖွားကြည်မေလည်း စိတ်မရှည်ဖြစ်ပြီး မိလေပြွေရဲ့ ခေါင်းကိုတစ်ချက်မျှ ပိတ်ခေါက်လိုက်မိလေသည်။
လူငယ်တွေများ တစ်ခုခုခိုင်းရင် ဝေ့လည်ကြောင်ပတ်လုပ်နေတာနဲ့ လိုရင်းကိုမရောက်နိုင်ကြဘူး။

"အဖွားရယ်...ခေါင်းတော့ထပ်မခေါက်ပါနဲ့.ဆက်ဖတ်ပြပါ့မယ်..."

✉️အဖွားနဲ့ ညီမလေးကို သတိတရနှင့်စာရေးလိုက်ပါတယ်။ကျွန်မဒီမှာအဆင်ပြေပါတယ်။အစား‌ကောင်းတွေလဲစားပါတယ်။အဖွားတို့ ဗွီဒီယိုကားထဲမှာကြည့်ရတဲ့ ပီဇာတို့,ဟမ်ဘာဂါတို့ကိုအဖွားနဲ့ ညီမလေးအတွက်ပါပေါင်းပြီး နေ့တိုင်းအ၀စားပါတယ်အဖွား‌ရေ။
...အီပြီး ဆိမ့်နေတာများ စားလို့ကောင်းပဲ။ပိုက်ဆံကတော့၁သိန်းပို့လိုက်မယ်။ညီမလေးကိုလည်း
စာကြိုးစားလို့ပြောပေးပါ။သင့်‌တော်တဲ့သူတွေ့ရင်လဲ လင်‌ပါတစ်ခါတည်းယူလိုက်မယ်နော်အဖွား။
....ကျန်းမာရေးကိုဂရုပစိုက်ပါအဖွားရယ်။
သမီးလင်ယူမယ်ဆိုလို့သွေးတက်မနေနဲ့အုံးနော်..
သမီးယူမဲ့သူကနတ်ပြည်မှာ နတ်သက်မကြွေသေးလို့စောင့်နေတာပါ။ညီမလေးကိုလည်းစာကြိုးစားဖို့ ရည်းစားမထားဖို့ ဆုံးမပေးပါအုံးနော်။✉️

✉️အဖွားရဲ့ချစ်လှစွာသော စံပယ်မွှေး✉️

"အော်..ဖွားအေက သူ့ကိုအလုပ်လုပ်ဖို့လွှတ်လိုက်တာ..ဒင်းက စားဖို့နဲ့လင်ယူဖို့ပဲတွေးနေတာကို..ရန်ကုန်သွားမှနာနာခေါက်ပစ်အုံးမယ်.."

ပြောသာ ပြောရပါတယ်။မြေးမလေးအခုဆို ရန်ကုန်မှာ နေလို့၊ထိုင်လို့အဆင်ပြေတာရော ဟုတ်ရဲ့လားမသိပါဘူး။မိစံပယ်ဟာ သူဘယ်လောက် ဒုက္ခရောက်ရောက် ဘယ်သူ့ကိုမှထုတ်ပြောမဲ့ မိန်းကလေးမဟုတ်ဘူး။ဒါကြောင့်လဲ ပိုစိတ်ပူရတယ်။

ရွာမှာဆိုရင် လယ်ထဲကိုဆင်းရပေမဲ့  ပင်ပန်းလို့ ဟင်းမချက်နိုင်ရင်တောင် ဖွားအေကြီးကရှိတော့ တော်သေးတာပေါ့။ဟို ရန်ကုန်မှာက အပြင်အလုပ်လည်းလုပ်ရသေး ချက်၊ပြုတ်၊လျှော်ဖွတ်ပါ တစ်ယောက်တည်းလုပ်ရရင် ငါ့မြေးလေးဘယ်လောက်တောင် ပင်ပန်းလိုက်မလဲနော်။
တွေးရင်းနှင့် ဘာမှမလုပ်ပေးနိုင်သည့်အဖြစ်မို့ အမယ်အိုကြီးခမျာ သက်ပြင်းသာချနိုင်လေသည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

🎵တောသူစံပယ်လေးရယ်🎵
🎵နာမည်လေးနဲ့ လိုက်အောင်လှတယ်🎵
🎵နာမည်လေးနဲ့ လိုက်အောင်ချောတယ်..🎵
🎵သဘောဖြူစင်ကြယ်🎵
🎵ခင်တွယ်စရာကောင်းလွန်းလို့🎵
🎵တကယ်အောက်မေ့မိတယ်...🎵

"ဟက်ချိုး..အဟွတ်!..အဟွတ်!..."

"စံပယ်မွှေးရယ် နေသာမကောင်းတယ် ရေဒီယိုတော့နားထောင်နိုင်တယ်နော်.."

"ဟီး..ကျွန်မနာမည်ပါတော့ သဘောကျလို့ပါ.."

"နင်ကတော့လေကိုယ့်ဘာသာကျ
နေမကောင်းအဖြစ်ခံပြီး သူများကို‌တော့ ထီးလှူလိုက်ရတယ်လို့..မကြားဖူး‌ပေါင်အေ.."

အဆောင်အတူနေသည့် မစိုးဟာ စံပယ်နဲ့ ခင်တာသိပ်မကြာသေးပေမဲ့လို့ ညီအစ်မတွေပမာ ရင်းနီးနေလေပြီ။နယ်ကနေ အလုပ်လာလုပ်ကြသည့် လူချင်းအတူတူမို့ အချင်းချင်း ရှိုင်းပင်းကြရင်းနှင့် သူ့အကြောင်းကိုယ့်ပြော၊ ကိုယ့်အကြောင်းသူ့ပြောလုပ်ရင်းကနေ အတွင်းသိ၊အဆင်းသိတွေ ဖြစ်လာခဲ့တယ်။

အခုပဲကြည့် စံပယ်မိုးမိပြီး နှာစေး၊ခေါင်းကိုက်ဖြစ်နေတော့ မစိုးတို့ကပဲ အဖော်လာပြုပေးတယ်။
မိုးမိတဲ့အကြောင်းကို စဉ်းစားမိရင် မနေ့ကမိုးရေထဲမှာ ထိုင်နေတဲ့ရူးတူးပေါတော လူကြီးကို သွားသတိရမိလေသည်။

"အဲ့လူကြည့်ရတာ ယဉ်ယဉ်လေးရူးနေပုံရတယ်
သိလား..၀တ်ကောင်းစားလှ၀တ်ပြီးမိုးရေထဲမှာငုတ်တုတ်ကြီးထိုင်နေတာပါဆို.."

"ကဲအခုတော့ဘယ့်နှယ့်ရှိစ..အလုပ်လဲပြုတ်၊ထီးလဲဆုံး၊လူလဲဖျားပြီလေ"

"အဲ့ဒါ..ကျွန်မကိုအကြံပေးပါအုံး..ဘယ်အလုပ်
ရရ..အလုပ်ကမရှိလို့မဖြစ်ဘူးတော့..
ညီမလေးကျောင်းစရိတ်ကရှိသေးတယ်.."

ထိုစဉ်အခန်းထဲသို့မိုးမမ၀င်လာပြီး အခန်းထောင့်ရှိထိုင်ခုံမှာ ခပ်မိန့်မိန့်ထိုင်လိုက်လေသည်။
မိုးမမဆိုသည်မှာ အထှာကြီးနဲ့ ဖာသိဖာသာ နေတတ်သူ့မို့ အဆောင်ကမိန်းကလေးတွေက သူ့ဆိုစကားကိုမပြောချင်ကြပေ။မစိုးတို့ဆိုရင် ပိုဆိုးတာပေါ့။

"နင်အလုပ်လိုချင်ရင်တော့ငါတို့ရုံးမှာ သန့်ရှင်းရေး၀န်ထမ်းခေါ်နေတယ်..လစာက၂သိန်းလောက်ရတာနော်..လာလျှောက်မလား.."

မစိုးနဲ့ စံပယ် အကြည့်ချင်းဆုံသွားမိလေသည်။
ခုဏက အခန်းထဲမှာလည်းမရှိပဲနဲ့ စံပယ်အလုပ်လိုချင်တဲ့အကြောင်းကို ဘယ်လိုသိသွားရတာပါလိမ့်။ချောင်းပြီး နားထောင်နေခဲ့သလားမှတ်ရတယ်။

"မိုးမမ..နင်ကရောဘာလုပ်ရတာလဲ.."

"ငါကစာရင်းကိုင်လေ..ငါ့လိုရာထူးဆိုရင်..
LCCIအဆင့်သုံးအထိလတ်မှတ်ရှိရမယ်၊ဘွဲ့ရမှဖြစ်မယ်....နင်ဆိုရင်တော့ ကိုးတန်းတောင်မအောင်တာ တို့ကုမ္ပဏီလို နေရာမျိုးမှာဆိုရင် သန့်ရှင်းရေးတောင်ရတာကံကောင်း..ဒါပေမဲ့ သန့်ရှင်းရေးရဲ့လစာကလည်း များပါတယ်...အဟင်း...လုပ်ပျော်တာပေါ့.."

"နင်စံပယ့်ကို အဲ့လောက်တော့မနှိမ်နဲ့မိုးမမ.."

"ကျွန်မဘယ်မှာနှိမ်လို့လဲ သူမေးလို့ဖြေတာလေ.."

"အပိုတွေ..နင့်အကျင့်ကိုငါသိတယ်.."

"ရှင်ဘာပြောတယ်..မစိုး.."

မဲ့ရွဲ့ကာပြောနေသည့်မိုးမမနှင့် မခံချင်ဖြစ်နေတဲ့
မစိုးတို့နှစ်ယောက်ကြား စံပယ်စိတ်ညစ်လာရသည်။

"ကဲတော်ကြပါတော့..မစိုးကျွန်မအဆင်ပြေတယ်သူပြောတာလဲမှန်နေတာပဲ..ကျွန်မရဲ့ပညာရေးက ရှစ်တန်းအဆင့်ပဲ ရှိတဲ့ဥစ္စာ...."

"စံပယ်အဲ့မှာနင်ပဲခံနေသိလား..တစ်နေ့နင့်ခေါင်းပေါ်..ချီးတက်ပါသွားလိမ့်မယ်.."

ပြောရင်းဆိုရင်းမစိုးဟာ စိတ်ဆိုးပြီး‌ ခြေထောက်ဆောင့်ကာအပြင်ထွက်သွားလေသည်။ဘယ်လိုပဲဖြစ်ဖြစ်အခုအချိန်မှာ စံပယ့်အတွက်အဖွားနဲ့ညီမလေးကသာအရေးအကြီးဆုံးပဲ။သန့်ရှင်းရေးမကလို့ စည်ပင်သာယာမှာပဲလုပ်ရပါစေ သမာအာဇီ၀ကျရင် အကုန်လုပ်ရမှာပေါ့။

အချိန်ကလည်း တစ်နှစ်ပါပဲ။ညီမလေးဆယ်တန်းပြီးရင် ရွာကိုပြန်မှာပဲဥစ္စာ ဒီအလုပ်ကို၀င်လုပ်ပြီး အခြားအလုပ်ကိုလည်း စုံစမ်းထားရမယ်။
ရွာကိုလည်း ပိုက်ဆံပို့ရအုံးမှာဆိုတော့ အလုပ်နဲ့လက်ကတော့ ပျက်လို့မရဘူး။
အော် လူလူချင်းတောင်ပညာမတတ်ရင် ဒီလိုအနှိမ်ခံရတာပါလား။

လက်မှုပညာနဲ့ အသက်မွေးဖို့ကျတော့လည်း
ကိုယ်ကလယ်ပဲလုပ်တတ်တာ။
ပိုက်ဆံဆုပြီး တစ်ချိန်ချိန်လယ်လေး တစ်ကွက်လောက်၀ယ်နိုင်ရင်တော့ ‌ကောင်းသား။
ဒါပေမဲ့ အဲ့ဒီ့နေ့ကိုရောက်ဖို့ ညီမလေးကလည်း ဆယ်တန်းအောင်ဖို့လိုသေးတယ်။ညီမလေး ဘွဲ့ရလို့ ညီအစ်မတွေ တက်ညီ၊လက်ညီလုပ်နိုင်ရင်တော့ လယ်အပိုင်လေးရလာမယ်ထင်ပါတယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"ဝေါ့..ဝေါ့...."

"ဟယ်အစ်ကိုမိုးထိန်...အန်နေပါလား..နေမကောင်းရင်နေ့တစ်၀က်ခွင့်ယူလိုက်ပါလားရှင်.."

"မဖြစ်ဘူးဟ အမျိုးသားသုံးသန့်စင်ခန်းကိုဒီနေ့သန့်ရှင်းရေးလုပ်မှဖြစ်မှာ..ဝေါ့..အား..ကျွတ်..
ဗိုက်ကလဲထိုးအောင့်လာတယ်..

စံပယ်ဟာ အခုဆိုရင် မိုးမမတို့ရဲ့ကုမ္ပဏီမှာ သန့်ရှင်းရေး၀န်ထမ်းအဖြစ် အလုပ်၀င်နေတာ သုံးရက်လောက် ရှိနေလေပြီ။ကိုမိုးထိန်ဆိုတာ သန့်ရှင်းရေးဌာနက အမျိုးသား၀န်ထမ်းဖြစ်ပြီး အသက်ကသုံးဆယ်ကျော် လေးဆယ်နားကပ်နေလေပြီ။

သားသမီးက နှစ်ယောက်လောက်ရှိပြီး မိသားစုစား၀တ်နေရေးကို ဦးဆောင်ဖြေရှင်းနေရတဲ့ လူတစ်ယောက်ပင်။တစ်ဖက်မှာ မိန်းမက အသုံးမကျတာကြောင့် ရှာသမျှအဖက်မတင်ပဲ သူ့ခမျာထမင်းချိုင့်ထည့်လာရင် ဘဲဥရယ်၊ပဲပြုတ်ရယ်နဲ့သာ နှစ်ပါးသွားရတာကများတယ်။

တစ်ခါတစ်ခါကျ ဘဲဥတောင်ထည့်မလာနိုင်ပဲ ငရုတ်သီးဆားထောင်းလေးပဲ ထည့်လာရလို့ စံပယ်တို့နဲ့ ထမင်းတောင်အတူမစားရဲဘူးတဲ့။
ကိုယ်တွေလည်း ဟင်းကောင်းသိပ်မချက်ပေမဲ့ ကိုယ့်ဟာကိုယ်အတန်အသင့်တော့ စားကောင်းတာလေး ချက်စားဖြစ်တာကြောင့် အဆင်ပြေတယ်။
အလုပ်ခွင်မှာ စံပယ်တို့ကိုအမြဲကူညီတတ်တဲ့စိတ်ကောင်းရှိ ကိုမိုးထိန်ကြီးကို စံပယ်လည်း ကူညီဖို့ဆုံးဖြတ်လိုက်သည်။

"နေ့တစ်၀က်ခွင့်နဲ့အိမ်ပြန်လိုက်ပါရှင်..အစ်ကို့အစားကျွန်မလုပ်လိုက်မယ်.."

"ဖြစ်ပါ့မလား..အမျိုးသားသန့်စင်ခန်းကို..
မသင့်တော်ပါဘူးဟာ.."

"ဖြစ်ပါတယ်..ကျွန်မအဆင်ပြေအောင်လုပ်ပေးမယ်..ဟုတ်ပြီလား..သွား အေးဆေးပြန်.."

အစ်ကိုမိုးထိန်ကိုပြန်လွတ်ပြီးနောက် ရုံးချိန်လည်းဖြစ်နေတော့ အမျိုးသားအိမ်သာထဲမှာလည်းလူရှင်းနေတာနှင့်ကွက်တိပဲ။သန့်စင်ခန်းပင်မတံခါးမှာ"ပိုးသတ်နေသည်၊မ၀င်ရ"ဆိုတာကိုရေးကပ်လိုက်သည်။

ပိုးသတ်နေတယ်ဆိုရင်တော့ ဘယ်သူမှ၀င်လာကြမှာ မဟုတ်ဘူးလို့ ကိုမိုးထိန်ကြီးပြောဖူးတာကြောင့် စံပယ်လည်း ဒီအကြံကိုသုံးလိုက်ခြင်းပင်။
သန့်စင်ခန်းတံခါးတွေကို အကုန်လိုက်ဖွင့်ရင်း နောက်ဆုံးတံခါးကိုအဖွင့်...ဘောင်းဘီကိုဆွဲတင်ရင်းနှင့် လှည့်ကြည့်လာသော လူတစ်ယောက်...

"ဟင်..ဘယ်သူ.."

"အား..ဖင်..ဖင်ပြောင်ကြီး.."

"ဟိတ်..မအော်နဲ့လေ..ငါဘယ်မှာဖင်ပြောင်လို့လဲ..အတွင်းခံဘောင်းဘီပါတာမတွေ့ဘူးလား.."

အာဗြဲကြီးနဲ့အော်နေတဲ့ပါးစပ်ကိုနေဂုဏ်မာန်
အတင်းပြေးအုပ်ရသည်။
မဟုတ်ရင်အရှက်ကွဲမှာပေါ့။လမ်းကြုံလို့အလုပ်
သမားသန့်စင်ခန်းမှာအလေးသွားမိတာကိုကမှားတာ။
ဂျက်ချလိုက်ပေမဲ့ သေချာမကျဘူးထင်တယ်။

"ခွီ..ဖီ..ဖင်ဆေးထားတဲ့လက်ကြီးနဲ့ဘာလို့ ပါးစပ်ကိုလာအုပ်တာလဲ..ရွံစရာကောင်းတာ..ဖီ..ဝေါ့..
အန်တောင်အန်ချင်လာပြီ..ဝေါ့.."

"ဟိတ်..ပေါက်ကရတွေမပြောနဲ့ငါဘယ်မှာလက်နဲ့..ဆေးတယ်ပြောလို့လဲ.."

"ဟင်!!အာ့ဆိုဘာနဲ့လဲ.."

"ဟ..ရေပိုက်နဲ့၊တစ်သျှူးနဲ့ပေါ့"

"ဘာ!!..အာ့ဆိုရှင့်လက်မှာအီးတွေပေနေမှာပေါ့
..ဖီ..ရွံတာ..အာ့ကြောင့်ခုနက ပါးစပ်ထဲမှာငန်နေပါတယ်လို့..ဝေါ့.."

ဒီဟာမလေး ပြောတော့မှ ပိုဆိုးနေပါလား။
ငါ့ကို ဘာကောင်မှတ်နေသလဲမသိဘူး။တံခါးလာဖွင့်တာလဲသူပဲ။အခု တဝေါ့ဝေါ့လာလုပ်ပြနေတာလဲ သူပဲ။

"မင်း...ဘာဖြစ်လို့ အသံမပေးပဲ တံခါးကိုလာဖွင့်ရတာလဲ...."

"ရှင်ကရော...တံခါးကိုဘာလို့ သေချာမပိတ်ရတာလဲ....လူရှင်းတော့ဘယ်သူမှမရှိဘူးထင်ပြီး ဖွင့်လိုက်တာပေါ့....ရှင့်လက်မပါဘူးလား...တံခါးကိုတောင် လော့ကျအောင် သေချာမလုပ်တတ်ဘူးလား....တကယ်ကိုနမော်နမဲ့နိုင်တဲ့လူ...."

"အောင်မာ...အဲ့စကားက ငါပြောရမှာမဟုတ်ဘူးလား...မင်းရဲ့မျက်လုံးကို သေချာဖြဲကြည့်...ဒါအမျိုးသားသန့်စင်ခန်း...ဘာလဲမင်းကဘောပြားလား...."

"ဘာဘောပြားလဲ...စကားကိုဆင်ခြင်ပြောနော်....ကျွန်မကသန့်ရှင်းရေး၀န်ထမ်း....ဒါကျွန်မလုပ်ရမဲ့တာ၀န်ဖြစ်လို့လုပ်တာ....ရှင်သာအရှက်မရှိ....ဝေါ့.!!!..ပြောရင်းနဲ့တောင် အန်ချင်လာပြီ..."

"တော်တော့....တော်တော့...မင်းပါးစပ်ကိုပိတ်ထားလိုက်တော့..."

နေဂုဏ်မာန်လည်းရှက်တာရော ရှေ့မှာ‌တစ်ဝေါ့ဝေါ့လာလုပ်ပြနေတဲ့ မိန်းကလေးကြောင့်မျက်နှာကိုဘယ်ချောင်ထဲထိုးထည့်ရမှန်းမသိတော့ဘူး။"စံပယ်မွှေး" "သန့်ရှင်းရေးဌာနဆိုတဲ့"သူမရဲ့လည်ပင်းကပ်ပြားကိုကြည့်မိပြီး ဟန်ကိုယ့်ဖို့ပြင်လိုက်သည်။

"စံပယ်မွှေး..မင်းနဲ့ငါနောက်မှတွေ့မယ်.."

စံပယ်လည်း‌ ဘေစင်မှာလက်ဆေးပြီးဂိုက်အပြည့်နဲ့ထွက်သွားသူနောက်ကို လိုက်ကြည့်ကာ နှာခေါင်းရှုံ့ပြစ်လိုက်သည်။စကားပြောတာကလည်း တကယ်ကိုဘုကန့်လန့်ပဲ။ဆရာကြီးလိုလို မ သာကြီးလိုလိုနဲ့။
အမြင်မတော်တာတွေဖြစ်သွားရင် တောင်းပန်ပါတယ်လို့ တစ်ချက်မပြောသွားဘူး။မသိရင် ကိုယ်ကပဲ မိန်းကလေးတန်မဲ့ အရှက်မဲ့နေသလို ပုံမျိုးနဲ့ပြောသွားလိုက်တာများ ဖနောင့်နဲ့ ပြေးပြီးပေါက်လိုက်ချင်တယ်။
ရုတ်တရက် ဒီလူ့ရုပ်က ခေါင်းထဲမှာအဆက်မပြတ်ပေါ်လာတာကြောင့် ရင်းနီးနေသလို ထင်နေမိသည်။

"ဒီလူကို..ငါတစ်နေရာမှာမြင်ဖူးသလိုပဲ.."

အခန်း(၄)...ဆက်ရန်

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"နှစ်ယောက်တွေ့ဆုံပုံလေးကအဆန်းနော် အိမ်သာထဲမှာ.."

#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

No comments:

Post a Comment

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း ၁"

    "သနပ်ခါးရနံ့လေးကြူကြူမွှေး"   " အခန်း ၁" တောသူတွေမယ်...အရိုးခံပါကွယ် ချစ်တယ်..ကြိုက်တယ်..ဆိုလာပါတဲ့ ကိုလူညိုထွား.......