Saturday, October 11, 2025

🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼 🌼 အခန်း၁၅🌼

 

 

🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼 အခန်း၁၅🌼

တက္ကစီကားလေးက ခြံ၀န်း၏အရှေ့မှာရပ်လိုက်တယ်ဆိုရင်ပဲ စံပယ်အမြန်ဆင်းလိုက်သည်။
နေပူပူအောက်မှာ ထီးကိုတောင် ဆောင်းမနေတော့ပဲ ခြံ‌စောင့်က တံခါးလာဖွင့်‌‌ ပေးတာနဲ့ ခြံ၀မှအိမ်ကြီးဆီသို့ပြေးသွားလိုက်သည်။

"ဒေါ်ညိုရေ..‌နှင်းဝေရေ..မိပုရေ.."

"ဟယ်စံပယ်လေးပြန်လာပြီဟေ့.."

ဒေါ်ညိုလည်း၀မ်းသာအားရဖြင့် စံပယ့်ကိုကြိုလေသည်။အလုပ်သမားတွေအားလုံး အိမ်တံခါးမကြီးဆီသို့ ပြေးထွက်လာကြစည်အထိ စံပယ့်ဟာ
ဒီကလူတွေနဲ့ အသားတကျရှိနေလေပြီ။

IDGကုမ္ပဏီကိုတန်းပြီးသွားရင် သူနဲ့တွေ့မှာသေချာပေမဲ့ အိမ်မှာပဲစောင့်နေဖို့ဆုံးဖြတ်လိုက်သည်။
သူ့ကိုအံ့အားသင့်အောင်လုပ်ပြီး ဘာလို့ဖုန်းမကိုင်တာလဲလို့ကောင်းကောင်းဆူရမည်ဟု တေးထားမိသောကြောင့်ပင်။

"သူအဆင်ပြေရဲ့လားဒေါ်ညို.."

"ဘယ်သူ့ကိုပြောတာလဲ..စံပယ်ရဲ့.."

ဧည့်ခန်းထဲမှာ စံပယ့်အတွက် လာချပေးထားတဲ့ သံပုရာရည်ကို သောက်ရင်းနဲ့ မေးလိုက်တော့ ‌
ဒေါ်ညိုရဲ့ပုံစံက ကြောင်တောင်တောင်ဖြစ်နေလေသည်။

"ဦးနေဂုဏ်ကိုလေ..ဒေါ်ညိုကလဲ.."

"ဟင်..မောင်နေဂုဏ် အင်္ဂလန်ကိုသွားတာ
စံပယ်‌လေးမသိဘူးလား..စံပယ်သွားပြီး..
နောက်နေ့မှာပဲသူလည်းသွားတာလေ.."

သူ အင်္ဂလန်ကိုသွားတယ်တဲ့။စံပယ့်ကိုဘာကြောင့် လှမ်းပြီးအကြောင်းမကြားရတာလဲ။
သူစံပယ့်ကို လှမ်းပြောသင့်တာပေါ့။

"ဟင့်အင်း..သူစံပယ့်ကိုဖုန်းမဆက်ဘူး..ဒါကြောင့်ဖုန်းခေါ်တိုင်းဧရိယာပြင်ပဖြစ်နေတာကို..
ဒါနဲ့အလုပ်ကိစ္စနဲ့ပဲသွားတာလား.."

"ဒေါ်ညို့ကိုပြောတာတော့..သူ့အတွက်အရမ်းအရေးပါတဲ့လူတစ်ယောက်နေမကောင်းလို့တဲ့.."

အရမ်းအရေးပါတဲ့လူတစ်ယောက် ဘယ်လိုလူမျိုးမို့လို့ စံပယ့်ကိုဖုန်းဆက်အကြောင်းကြားဖို့တောင်မေ့နေခဲ့တာလဲ။သူ့ဆွေမျိုးများ တစ်ခုခုဖြစ်လို့လား။
ဦးနေဂုဏ် ဘာကြောင့်အင်္ဂလန်ကို သွားရသလဲဆိုတဲ့အကြောင်းကို တွေးမိတော့ စံပယ်သက်ပြင်းသာ ချနေမိသည်။

တကယ့်တကယ်မှာတော့ စံပယ်ဟာသူ့အကြောင်းကို ဘာမှမသိသေးတဲ့ လူတစ်ယောက်ပါပဲ။
ကိုယ့်ကို လက်ထပ်ခွင့်တောင်တောင်းနေတဲ့ယောက်ျားတစ်ယောက်အကြောင်းကို စံပယ်အများကြီးသိထားသင့်တယ်လို့ထင်မိတယ်။
ဒါပေမဲ့ သူကိုယ်တိုင်ကဘာမှမပြောပြတော့ ဘယ်လိုလုပ်ရပါ့မလဲ။

‌"ဒေါ်ညို...ဦးနေဂုဏ်အကြောင်းကို ဒေါ်ညိုဘယ်လောက်အထိ သိထားသလဲဟင်..."

"ဟင့်အင်း...ဒေါ်ညိုလည်း သိပ်မသိဘူးရယ်...
ဆရာက သူ့အကြောင်းကိုစပ်စပ်စုစုလုပ်တာ
သိပ်မကြိုက်ဘူး..."

ဟုတ်မှာပါလေ။အလုပ်သမားက အလုပ်ရှင်ရဲ့ လူမှုရေး ကိစ္စကိုဘယ်လိုလုပ် နှိုက်နှိုက်ချွတ်ချွတ်သိပါ့မလဲ။

"တူမကြီး အိမ်ထဲကို ဒီလိုဇွတ်အတင်းမ၀င်ပါနဲ့..."

"စံပယ်မွှေး..တို့...မင်းနဲ့စကားပြောချင်တယ်.."

အသံကြားရာကိုလှည့်ကြည့်လိုက်တော့ ချယ်ရီစူးဆိုတဲ့မိန်းမဖြစ်နေသည်။အဘငွေဒီလောက် တားနေတာတောင် မရရအောင်၀င်လာတဲ့သတ္တိက အတော်မနည်းတာပဲ။

စံပယ်ရောက်ပြီးနဲနဲကြာတာနဲ့ ဒီမိန်းမကွက်တိကို ရောက်ချလာတယ်။
ဘယ်လိုတောင် စုံစမ်းထောက်လှမ်းနေသလဲ မသိပါဘူး။
စံပယ်လည်း မျက်နှာကိုတင်းပြီးမဲ့ပစ်လိုက်တယ်။

"ရှင်နဲ့ကျွန်မကြားမှာ ပြောစရာဘာစကားမှမရှိဘူးထင်တယ်..ရှင်ခြံထဲကို ဘယ်သူ့ခွင့်ပြုချက်နဲ့၀င်လာတာလဲ..."

"မင်းကိုတို့တမင်လာတွေ့တာ...ခြံတံခါးက‌တော့
ပွင့်နေတာနဲ့ ဘဲလ်မတီးပဲ၀င်လာလိုက်တယ်...
နေဂုဏ်မာန်ရဲ့အကြောင်းဆိုရင်ရော..
မင်းနားထောင်မှာလား..သူဘာကြောင့်အင်္ဂလန်ကိုသွားလဲဆိုတာမင်းမသိချင်ဘူးလား..တို့နဲ့ခြံထဲမှာ
အေးဆေးစကားပြောရအောင်..."

ဦးနေဂုဏ်အကြောင်းဆို၍ စံပယ်သိချင်သွားမိသည်။ဒီမိန်းမ ဘာတွေလီဆယ်အုံးမလဲမသိဘူး။
ဒီမိန်းမနဲ့ ထပ်ပြီးမပတ်သတ်ချင်ပေမဲ့ ဦးနေဂုဏ်ရဲ့ သတင်းအစအနလေးများ သိရမလားဆိုသည့်စိတ်ဖြင့် ချယ်ရီစူး၏အနောက်က‌နေလိုက်သွားပြီး
ခြံထဲကစကားဝါပင်တွေအောက်မှာ ရပ်လိုက်ကြသည်။

ထိုမိန်းမက ဖုန်းကိုထုတ်ပြီးစံပယ့်ကိုဓာတ်ပုံ
တစ်ပုံထုတ်ပြလာသည်။
ဓာတ်ပုံထဲမှာဦးနေဂုဏ်က မိန်းမတစ်ယောက်ကို
ပုခုံးမှသိုင်းဖက်ထားပြီး ဘေးမှာက‌တော့အသက် ခြောက်နှစ်၀န်းကျင်လို့ထင်ရတဲ့ အမွှာပူးကလေးနှစ်ယောက်က ပြုံးရွှင်စွာရပ်နေကြသည်။

"ရှင်ကျွန်မကို..ဘာတွေစကားနာထိုးအုံးမလို့လဲ
..ဟမ်.."

"ဒီတစ်ခါတို့က မင်းနစ်နာမှာဆိုးလို့..လာပြောတာဆိုယုံမလား.."

"ဘာ!.."

"ဒီဓာတ်ပုံကို ဘာလို့လာပြနေသလဲဆိုရင်..ဒီဓာတ်ပုံထဲကမိန်းကလေးနာမည်ကမယ်ရီတဲ့..သူမက
အောက်စဖို့ဒ်မှာပဲ ကိုနေနဲ့အတူဘွဲ့ရခဲ့တဲ့ ထက်မြတ်တဲ့ဂုဏ်သရေရှိမိန်းမတစ်ယောက်ပေါ့..သူ့မှာကလေးနှစ်ယောက်လည်းရှိတယ်.."

"အဲ့ဒါကျွန်မနဲ့ဘာဆိုင်လို့လာပြောနေတာလဲ.."

"ဆိုင်တာပေါ့...ဘာဖြစ်လို့လဲဆိုရင်မယ်ရီက
ကိုနေရဲ့ဇနီးဟောင်းဖြစ်သလို..ဒီကလေးတွေကလည်း မယ်ရီနဲ့ကိုနေရဲ့ ကလေးတွေဖြစ်နေလို့ပေါ့.."

"ဟင်.."

စံပယ်ကြက်သေသေသွားမိသည်။သူပြောနေတာမှန်လားမှားလားမသိပေမဲ့ သေချာတာကတော့
မယ်ရီဆိုသူကို စံပယ်မြင်ဖူးပါတယ်။

တစ်ခါကဦးဂုဏ်မာန်အခန်းကိုရှင်းနေတုန်း
ဓာတ်ပုံဖိုင်လ်တစ်ခုကို မတော်တဆရှာတွေ့လို့
ဖွင့်ကြည့်မိတော့ နိုင်ငံခြားသားတွေနဲ့အဖွဲ့လိုက်ရိုက်ထားတဲ့ပုံတွေထဲမှာ မယ်ရီဆိုတဲ့အမျိုးသမီးက
သူ့ဘေးမှာရပ်နေလေသည်။
အဲ့တုန်းကလည်း အခုလိုပခုံးဖက်ထားတာပဲ။

"အခုကိုနေ..အင်္ဂလန်ကိုသွားရတဲ့အကြောင်းက
သူ့သားအငယ်ဆုံးလေး နေမကောင်းဖြစ်နေလို့ပဲ..
သူတို့ကကွာရှင်းပြီးပေမဲ့..ဘယ်မိဘကမှသားသမီးအရင်းထက် သူစိမ်းကိုပိုမချစ်နိုင်ဘူး..မင်းစဉ်းစားကြည့်ပါ..မင်းမယုံသေးရင် တို့ထပ်ပြီး သ က်သေပြမယ်...."

ချယ်ရီစူးက သူ့ဖုန်းစခရင်မ်ကို ထပ်ရွှေ့ပြီး ပြလိုက်သည်က ဦးနေဂုဏ်၏  ကလေးနှစ်ယောက်နဲ့ သီးသန့်ပုံဖြစ်နေသည်။

နောက်ထပ် တစ်ပုံပြီးတစ်ပုံထပ်ရွှေ့ပြနေတာကတော့ ကလေးနှစ်ယောက်က ဦးနေဂုဏ်ကိုနမ်းနေတဲ့ပုံနဲ့ ဆေးရုံကုတင်ဘေးမှာရပ်ပြီး  မွေးခါစအမွှာလေးနှစ်ယောက်ကို လက်တစ်ဖက်ဆီ‌အပေါ်မှာ
ချီပွေ့ထားပြီး ပြုံးနေသည့်ပုံလေးပင်။
ဒီပုံထဲကအတိုင်းဆို မွေးကာစကလေးတွေကို
ဆေးရုံအထိ သွားချီပိုးခဲ့တယ်ဆိုတည်းက ဖခင်ဖြစ်နေလို့ပေါ့။

"ဒါက မယ်ရီ့ရဲ့အကောင့်မဟုတ်ဘူးနော်...
ကို‌နေကသူ့အင်စတာဂရမ်မှာ ကလေးနှစ်ယောက်အတွက် မွေးနေ့ဆုတောင်းပေးထားတာ...သူများမိသားစုအသိုက်အမြုံလေးကို ဖြတ်စီးဖို့ မင်းမှာလုံလောက်တဲ့သတ္တိရှိရဲ့လားလို့ပဲမေးချင်တယ်...
တို့ဒါပဲ ပြောချင်တယ်..."

ချယ်ရီစူးကပြောချင်တာပြောပြီးပြန်သွားပေမဲ့ စံပယ်ကတော့မြက်ခင်းစိမ်းအပေါ်မှာ ထိုင်ကျသွားပြီးစိတ်ဓာတ်တွေအလဲလဲအပြိုပြိုဖြစ်ကုန်လေပြီ။အသားတွေလဲ တစ်ဆက်ဆက်တုန်ယင်နေသလို လက်သီးကိုလည်းကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး ပစ်လဲမသွားအောင် မနည်းအားတင်းထားရသည်။‌

"သူ့အတွက်အရမ်းအရေးပါတဲ့ လူတစ်ယောက်
နေမကောင်းလို့"ဆိုတဲ့ဒေါ်ညို့ရဲ့စကားကိုသာ
ကြားယောင်နေမိသည်။
ဒါဆိုသူ့အတွက်အရေးပါတဲ့ သူ့သားနေမကောင်းလို့ အရေးမပါတဲ့စံပယ့်ကိုဖုန်းလေးတစ်ကောတောင်ခေါ်ပြီး နှုတ်မဆက်ခဲ့တာ‌ပေါ့။

"ကိုယ်တို့လက်ထက်ကြရအောင်"ဆိုတဲ့စကားက
ရှင့်စိတ်ရင်းနဲ့ပြောတာမှဟုတ်ရဲ့လား။
ရှင့်ရဲ့စကားလုံးလှလှလေးတွေနဲ့ ကြင်နာယောင်ဆောင်ခဲ့တာတွေကို ကျွန်မကအဟုတ်ကြီးမှတ်နေခဲ့တာ။

"အောက်စဖိုဒ်မှာဘွဲ့ရခဲ့တဲ့ ထက်မြက်တဲ့ဂုဏ်သရေရှိအမျိုးသမီးတဲ့.."အေးပေါ့လေကျွန်မလို ကိုးတန်းတောင်မအောင်ခဲ့တဲ့ ပညာမတတ်၊ဆင်းရဲနုံချာတဲ့တောသူမတစ်ယောက်ကိုရှင်လို ပုဂ္ဂိုလ်တစ်ယောက်ကဘယ်အတည်ကြံချင်ပါ့မလဲ။

ကျွန်မကိုကအတွေးလွန်ခဲ့တာ၊ရှင့်ကိုချစ်မိလို့
အစတည်းကသိနေတဲ့ဇာတ်လမ်းကို ဇာတ်အနာခံပြီး၀င်ကခဲ့မိတာ ကျွန်မအမှားပါ။

ချယ်ရီစူးပြောခဲ့သလို သူများမိသားစုကိုဖြတ်စီးနိုင်လောက်တဲ့သတ္တိမျိုးစံပယ့်မှာ မရှိပါဘူးရှင်။

ရှင်တို့လိုချမ်းသာတဲ့ပုဂ္ဂိုလ်တွေက ဒီလိုပဲရက်စက်တတ်ကြသလား။သိပ်မုန်းတယ်။

ရှင့်ကိုကျွန်မအသဲနင့်အောင်ချစ်ခဲ့သလောက် အသည်းနာအောင်ကိုမုန်းတယ်။
ပထမဆုံးလယ်ထဲဆင်းခဲ့တဲ့နေ့က တံစဉ်ရှတဲ့ကျွန်မလက်မှာ အသားဖ က်လံပြီး သွေး တွေဒလဟောစီးကျနေပေမဲ့ အသံမထွက်ပဲကြိတ်ခံခဲ့သလို
ရှင့်ကြောင့်ရတဲ့ ရင်ကွဲနာကိုလဲ ဘယ်သူမှမသိအောင်ကြိတ်မှိတ်ပြီးပဲ ခံလိုက်ပါ့မယ်။

စံပယ့်နှလုံးသားတွေနာကျင်လှပါပြီ။ဖြစ်နိုင်ရင်နေရာမှာတင် သေ ပွဲ၀င်ချင်လောက်အောင်ပါပဲ။

အဖွားကိုသတိရမိတာကြောင့် စံပယ့်ရဲ့မိခင်ရင်ခွင်ကြီးဆီမှာသာ တစ်သက်လုံးခိုနားဖို့ရာ ဆုံးဖြတ်လိုက်သည်။

အဖေ၊အမေနဲ့ညီမလေးတို့နည်းတူ ရှင်လည်းကျွန်မအသဲကိုနာကျင်စေခဲ့တဲ့လူပဲ။အခုအချိန်ကစပြီး စံပယ်မွှေးဘ၀မှာ နေဂုဏ်မာန်ဆိုတာ သေဆုံးသွားခဲ့ပြီ။
စံပယ်မွှေးဆိုတာ ဧရာ၀တီတိုင်းရဲ့ရွာလေးတစ်ရွာမှာမွေးဖွားခဲ့တဲ့ ကျေးတောသူမလေးဖြစ်သလို
ထိုရွာလေးကပဲ စံပယ့်အဆုံးသတ်ဖြစ်နေစေရမယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼

🍁လေးလခန့်ကြာပြီးနောက်.....

"မွှေး..ပြန်လာပြီလားဒေါ်ညို.."

"စိတ်မကောင်းပါဘူး..မောင်နေဂုဏ်ရယ်.."

‌ဒေါ်ညို၏စကားအဆုံးမှာ သူခေါင်းငိုက်ဆိုက်ချပြီး အပေါ်ထပ်သို့တက်လာလိုက်ရသည်။
မွှေးရဲ့အခန်းလေးထဲကို၀င်လိုက်တဲ့အချိန်မှာသူ့ရင်ကိုနွေးထွေးစေတဲ့ခံစားချက်အပြင် လွမ်းဆွတ်ခြင်းကိုပါတစ်ချိန်ထဲခံစားလိုက်ရသလို ဖြစ်နေသည်။

"မွှေးရယ်..ကိုယ့်ကိုဒီလိုပဲပစ်ထားခဲ့တာလား
ကိုယ်မွှေးကိုဘယ်လောအထိတန်ဖိုးထားလဲ
မသိတာလား..ကိုယ့်အချစ်ကိုမျက်ကွယ်ပြုခဲ့တာလားကွာ.."

"ဒေါက်..ဒေါက်"

"ဘယ်သူလဲ.."

"ဒေါ်ညိုပါ..မောင်နေဂုဏ်.."

"၀င်ခဲ့ပါ.."

တံခါးကိုကျောပေးပြီး မွေ့ယာပေါ်မှာ စိတ်ညစ်စွာထိုင်နေသည့် မောင်နေဂုဏ်ရဲ့အပူက ဒေါ်ညို့ကိုတောင်ကူးစက်နေသလိုပါပဲ။
မျက်လုံးတွေက စင်းကျနေပြီး ရှင်သန်ရတာအဓိပ္ပာယ်မဲ့နေသည့် လူတစ်ယောက်လိုပင်။

"ဘာပြောစရာရှိလို့လဲဒေါ်ညို.."

"ဟို..ဒေါ်ညို..မောင်နေဂုဏ်ကို၀န်ခံစရာရှိနေလို့ပါ..
အကြာကြီးနှုတ်ဆိတ်နေရင် မောင်နေဂုဏ်ကိုကျေးဇူးကန်းရာရောက်သလို..ဒေါ်ညိုလဲနေ့တိုင်း
ဒီစိတ်နဲ့ပဲရှင်သန်နေရတာ..အပြစ်ရှိသလိုခံစားနေရလို့ပါကွယ်.."

"ဘာစကားမို့လို့..ဒီလိုပြောရတာလဲ..ပြောပါ..
ကျွန်တော့်ကိုအားနာစရာမလိုပါဘူး..
ဘာပြောမလို့လဲ.."

"ဟိုလေ..စံပယ်လေးအကြောင်းပါ.."

"ဘာ!!..မွှေးအကြောင်း..ဟုတ်လား.."

"ဟုတ်ပါတယ်..တကယ်တော့မောင်နေဂုဏ်အင်္ဂလန်ကိုသွားပြီး ခြောက်ရက်လောက်ကြာတော့..
စံပယ်လေးအိမ်ကိုပြန်လာခဲ့ပါသေးတယ်..ဒါပေမဲ့.."

"ဒါပေမဲ့ဘာဖြစ်လဲဒေါ်ညို..ကျွန်တော့်ကိုအမြန်ပြောပါဗျာ.."

"ဟို..အဲ့ဒီ့နေ့မှာပဲချယ်ရီစူးရောက်လာပြီး..ခြံထဲမှာသူတို့ဘာတွေပြောကြလဲမသိဘူး..
စံပယ်လေးကငိုပြီးအိမ်ပေါ်ကိုပြန်ပြေးတက်လာတယ်..ပြီးတော့သူ့အထုပ်ကိုယူပြီး..
ဒေါ်ညိုတို့ကိုနှုတ်ဆက်ပြီးတာနဲ့..နေ့ချင်းပဲရွာကိုပြန်သွားတာပါပဲ..မောင်နေဂုဏ်ကိုပြန်ပြောချင်ပေမဲ့ ချယ်ရီစူးက ဒေါ်ညိုတို့ကို မောင်နေဂုဏ်မရှိတဲ့အချိန် လူမိုက်တွေလွှတ်ပြီး မပြောအောင် လာခြိမ်းခြောက်ခဲ့ပါတယ်..ဒေါညိုတို့ရဲ့ မိသားစု၀င် တွေကို အန္တရာယ်ပြုဖို့အထိပါ ခြမ်းခြောက်ခဲ့တာပါဒါကြောင့်.."

"တောက်!!!..ချယ်ရီစူးဆိုတဲ့မိန်းမ ဟိုတစ်ခါ
ကသတိပေးချက်တွေက သိပ်ပေါ့နေလို့..
ဒင်းက ထပ်မွှေနိုင်တာလား.."

"ဒေါ်ညိုတို့ကိုနှုတ်ဆက်တော့ မွှေးကဘာပြောသွားသေးလဲ..ကျွန်တော့်ကိုရောဘာမှာသွားသေးလဲ.."

"မောင်နေဂုဏ်ကိုတော့ဘာမှ မမှာသွားဘူး..
ဒေါ်ညို့ကိုတော့နောက်ဆုံးအနေနဲ့ကန်တော့ခဲ့ပါတယ်ဆိုပြီး..နောက်ကိုတစ်ချက်တောင်လှည့်
မကြည့်ပဲပြန်သွားတော့တာပါပဲကွယ်..
သူတစ်ခုခုကိုစိတ်နာကျည်းနေသလိုပဲ"

နေဂုဏ်မာန်ငိုင်ကျသွားရသည်။သူထင်တာကအင်္ဂလန်ကိုသွားနေတဲ့လအတွင်း ဒီမှာမနေချင်လို့သူမအဖွားနဲ့ပဲအဖော်ပြုချင်တယ်ထင်ခဲ့မိတာပါ။အခုဆို မွှေးနဲ့ကိုယ်နဲ့မတွေ့ရတာ လေးလကျော်သွားခဲ့ပြီ။

ချစ်သူသက်တန်းနုခဲ့လို့သူမရဲ့လိပ်စာအတိအကျကိုသူမမေးမိခဲ့သလို သူမရဲ့CVဖောင်မှာလည်း လိပ်စာကိုအတိအကျမထည့်ထားတော့ ကောက်ရိုးပုံထဲမှာအပ်ပျောက်ရှာနေရသလိုဖြစ်နေသည်။

သူမနေခဲ့တဲ့ အဆောင်ကိုသွားပြန်တော့လည်း မူလအဆောင်ပိုင်ရှင်က ခြံရောင်းသွားပြီး အဲ့ဒီ့နေရာမှာ တိုင်အသစ်ဆောက်ဖို့လုပ်နေလေသည်။
ကံကြမ္မာကြီးက ရက်စက်တော့လည်းအဆုံးထိပါပဲလား။

မွှေးကနောက်ကြောင်းတောင် ပြန်လှည့်မကြည့်ခဲ့ဘူးတဲ့။သူမဘယ်လောက်တောင်စိတ်ထိခိုက်စရာတွေကြားခဲ့လို့လဲ။ဟိုမိန်းမယုတ် မွှေးကိုဘာတွေသွားပြောခဲ့တာလဲ။

"မွှေးရယ်..မင်းကိုယ့်ကိုဘာလို့ထားခဲ့ရက်တာလဲ..
မင်းမရှိတဲ့နေ့ရက်တွေက ပူပြင်းလွန်းတဲ့ကန္တာရသဲပြင်မှာ ကိုယ့်ရင်ကိုမီးမြိုက်နေသလိုပဲ ကိုယ်သိပ်ပူလောင်နေတာမင်းသိရဲ့လား..မင်းအဖွားကသာမင်းကိုအချစ်ဆုံးလူသားထို့ထင်နေတာလားကွာ..
မာမီမရှိတဲ့ကိုယ့်ဘ၀မှာ..မင်းကသာအရာရာပါပဲ..
အဲဒီ့ညကချိုမြတဲ့ အနမ်းလေးတွေက ကိုယ့်ဘ၀မှာနောက်ဆုံးပိုင်ဆိုင်ရမဲ့..ချစ်သက်လက်ဆောင်အဖြစ် မသတ်မှတ်ပါရစေနဲ့ ..မင်းနဲ့ပြန်ဆုံပါရစေမွှေးရယ်...."

သူ့ဆုတောင်းတွေကို နတ်ဘုရားတွေကများ
 ကြားမှကြားပါလေမလားမသိပေမဲ့
သူအကြိမ်ကြိမ်ညီးတွားနေမိတယ်။
အချစ်တစ်ခုခုကို ရှာဖွေဖို့ သူ့အတွက် အရမ်းလွယ်ကူမနေပါဘူး။

မင်းလိုလူက ဒီမိန်းမကိုမှ ဘာကြောင့်တန်းတန်းဆွဲဖြစ်နေရသလဲလို့ ဘေးလူတွေဝိုင်းပြောကြရင်လည်း ထင်ချင်သလိုထင်ပါလို့ ပြန်ပြောမိမှာ သေချာတယ်။

မွှေးကို ချစ်မိဖို့ သူအများကြီးတွေဝေခဲ့ရတယ်။အများကြီး စဉ်းစားခဲ့ရတယ်။ကိုယ့်အတွက်
ဒီမိန်းကလေးက သင့်တော်ပါ့မလားလို့ တွေးတောနေစဉ်အချိန်မှာပဲ သူမကသူ့ရင်ထဲကို အရှိန်ပြင်းတဲ့မီးစလေးလို တစ်စတစ်စ ၀င်ရောက်မွှေနှောက်ပြီး လောင်ကျွမ်းအောင်လုပ်နိုင်ခဲ့တယ်။

ရွေးချယ်စရာမိန်းကလေးတွေများစွာရှိပေမဲ့
သူမဟာသူရွေးချယ်ဖို့ ဆုံးဖြတ်ချက်မချခင်မှာပဲ ဘ၀တည်းကိုရောက်ချလာတဲ့ တစ်ဉီးတည်းသောသူပဲ။

🌼🌼🌼🌼🌼🌼🌼🌼🌼

🎵ဝါဆို ဝါခေါင်မှာကွယ် ရွှေမိုးလေးတွေညိုတော့
     ချစ်တင်းနှောခဲ့တာရယ်..🎵
🎵အိုး...ရွှေမိုးလေးကညိုတယ်🎵
🎵မိုးကလေးတဖွဲဖွဲရွာတော့..🎵
🎵ပျိုမေ၀ယ် သတိရတယ်🎵
🎵ဘယ်ဌာနေ ဘယ်လမ်းလျှောက်လည်🎵
🎵ပျိုလေးရှိရာ မေ့နေတော့တယ်🎵
🎵လူကိုမြင်ပြန်ရင်ကွယ် တကယ်ပဲချွဲလေသူမို့
     သူ့အပြောလေးက ပါတယ်🎵
🎵အိုး..သူ့အပြောလေးကပါတယ်..🎵

ကောက်စိုက်သမတွေဆိုနေကြတဲ့ "ရွှေမိုးလေးတွေညို"ဆိုတဲ့မာမာအေးရဲ့သီချင်းထဲကလိုပဲ
အခုအချိန်မှာစံပယ့်မျက်နှာကိုဖြာကျနေတဲ့
မိုးဖွဲလေးတွေကိုမြင်တော့ လွမ်းသလို၊ဆွေးသလိုခံစားချက်ကြီးက စံပယ့်ကိုအတော်နှိပ်စက်နေလေသည်။

စံပယ်သူ့ကိုသိပ်လွှမ်းတာပေါ့ ရင်ထဲမှာနင့်နေအောင်ချစ်ခဲ့ရသူပဲလေ။တစ်ဦးတည်း‌သော
ချစ်သူလည်းဖြစ်တယ်။
သူ့ကိုလွမ်းတိုင်းချယ်ရီစူးပြခဲ့တဲ့ သူတို့ရဲ့မိသားစုဓာတ်ပုံကိုပဲမျက်လုံးထဲမှာမြင်ယောင်နေမိလို့
စံပယ့်ဖုန်းကဒ်ကိုလည်းဖြုတ်ထားလိုက်မိသည်။
သူ့ကိုစံပယ်ဖုန်းဆက်မိမှာစိုးတာကြောင့်ရော
သူ့အသံလေးသဲ့သဲ့ကြားတယ်ဆိုရင် ရန်ကုန်ကို
တန်းပြေးမိမှာစိုးလို့ပင်။

"ဟဲ့!!မိစံပယ်..ဟဲ့..ဟဲ့.."

"ဟင်..ဘာ..ဘာဖြစ်လို့လဲ မရင်.."

"ဘာဖြစ်လို့လဲဟုတ်လား..
ကိုယ့်အောက်ကိုယ်ပြန်ကြည့်စမ်း..
ဖင်ကို ဖြုတ်အကောင်တစ်ရာလောက်ကိုက်သွားမှ..ယောက်ျားမရဖြစ်နေမယ်သိလား.."

မရင်ပြောမှ အောက်ကိုကြည့်လိုက်တော့ အတွေးများပြီးရွံ့ရေထဲမှာငုတ်တုတ်ကြီးထိုင်နေမိ‌လေသည်။
အောက်ပိုင်းတစ်ခုလုံးလည်း ရွံ့ရေစိမ်သလိုဖြစ်နေပြီး မျှော့တွယ်မှာစိုး၍အမြန်ထလိုက်ရသည်။

"ယောက်ျားမရမှာတော့မပူနဲ့ မရင်ရေ..မိစံပယ်ကကောင်းကင်ကိုမော့ပြီး နတ်သားတစ်ဖက်ငါးရာသာ ကျွန်မလင်ဖြစ်ရင်ကောင်းမယ်လို့..တိုင်တည်နေတာ..ဟုတ်တယ်မှတ်လား စံပယ်.."

"အမယ်လေး..မလှရီရယ်..နတ်သားတစ်ဖက်
ငါးရာကိုသာလင်တော်ရရင်..ကျွန်မ အေကိုက်ပြီးသေမှာတော့ကျိန်းသေတယ်.."

"ဟား....ဟား..."

"ဟဲ့..ကိုက်ချင်တာကိုက်ပါစေဟယ်..မိစိုးတို့ကတော့..ဟောတစ်ယောက်..ဟောတစ်ယောက်ဆိုပြီး..အိပ်ခန်းထဲကို ခေါ်သွင်းပြီးအပီဆွဲမှာ..ဟီ..ဟိ.."

"အေး..နတ်သားတွေကိုခေါ်ပြီး အပီမဆွဲခင်
အခု..နင့်ဖင်ထဲကိုမျှော့တွေအတောင့်လိုက်၀င်ပြီး အပီတွယ်တော့မယ်..ဖင်ကြွပြီးစိုက်စမ်း..
တကတည်း လိုက်သတိပေးနေရတယ်..."

"ဟား..ဟား..မိစိုးတို့တော့ အပေါ်ကိုမှန်းပြီး..
အောက်ကိုဘာ၀င်လို့၀င်မှန်းမသိဖြစ်နေပြီဟေ့.."

"သေနာမတွေ..ငါ့ကိုဆိုအကောင်းကိုမမြင်ကြဘူး.."

မိုးတစ်ဖြောက်ဖြောက်ရွာနေပေမဲ့ သူများပိုက်ဆံကိုယူကြရတော့ ဘယ်သူကမှပင်ပန်းတယ်၊ညစ်ပတ်တယ်လို့ မညီးငြူနိုင်ကြပါဘူး။
မိုးရေထဲမှာလဲ ရွံ့နွံထဲတွင် ခြေအစုံချကာ ဝဲစားစား ၊‌ မြှော့တွယ်တွယ် အမှုမထားနိုင်ပဲ စာ၀တ်နေရေးအဆင်ပြေ ချောင်လည်ဖို့အတွက် ကောက်စိုက်ကြရတာပါပဲ။

သို့ပေမဲ့ သူငယ်ချင်းတွေ တစ်စုရုန်းရုန်းနဲ့မို့
မိုးရွာရွာ၊နေပူပူ စကားတွေ အော်ဟစ်ပြောဆိုရင်း ကောက်ရိတ်ကြရသည်။
တမင်လူစုစရာမလိုပဲ ပိုလို့တောင်အုပ်စုဖွဲ့ပြီး
အတင်းပြောလို့ကောင်း၊သီချင်းဟေ့လို့ကောင်းကြပါသေးတယ်။

ပင်ပန်းပေမဲ့လည်း တစ်နေ့တည်းလုပ်ရသည့်အလုပ်မဟုတ်သည့်အပြင် ဆယ်ကျော်သက်အရွယ်တည်းက အသားကျပြီးသားအလုပ်မို့ ညီးငြူစရာအကြောင်းတော့ မရှိပြိ။

စံပယ့်ဘ၀ကဒီလိုပါပဲ လူတစ်ယောက်ကိုလွမ်းနေရုံနဲ့ ဗိုက်၀တာမှမဟုတ်တာလေ။တစ်နေ့အလုပ်တစ်နေ့ကျေပွန်အောင်လုပ်ရသည်မို့ ညအိပ်ရာ၀င်မှသာသူ့ကိုလွမ်း၍ငိုဖြစ်ပါတယ်။
စိတ်လည်းနာတယ်။သူ့အချစ်ကိုလက်ခံမိခဲ့တဲ့ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိတယ်။

"ဟဲ့စံပယ်မွှေး..ညည်းအဆက်ကြီး လာမဲ့အပတ်ထဲမှာရွာကိုပြန်လာမယ်တဲ့နော်.."

"ဘယ်သူလဲတော့်.."

"ဟာ..ကိုအေးတူ..ကိုမိုးနီလေ.."

"ဟာ...အဲ့ဒါကျွန်မနဲ့ဘာဆိုင်တာမှတ်လို့..စိတ်မ၀င်စားပါဘူး..."

"ဆိုင်တာပေါ့ဟဲ့..သူကဒီတစ်ခါအပြီးပြန်လာမှာ
..မိန်းမပါယူရင်တော့..ငါတို့စံပယ်လေးကို..ကိုလူပျိုလာခူးလှည့်မှာမြင်ယောင်ပါတယ်တော်.."

"စံပယ့်ကိုတော့လာခူးဖို့မိုးနီရှိပေမဲ့.. ရေဒီယိုထဲက
ငါ့ရွှေမင်းသားလေး နေဂုဏ်မာန်ကတော့ ဘယ်အရပ်ဒေသကိုရောက်နေလို့..ဒီကမိစိုးကိုလာမခေါ်သလဲမသိပါဘူးဟယ်.."

"အဟင်း..သူကအခုလောက်ဆိုရင်အင်္ဂလန်မှာ သူ့မိသားစုနဲ့အတူပျော်နေမှာပေါ့.."

"ဘာ..စံပယ်..နင်ကဘယ်လိုသိလဲ.."

စံပယ့်စကားကြောင့် မစိုးနည်းတူအကုန်လုံးက မျက်လုံးအပြူးသားနဲ့ ဝိုင်းကြည့်ကုန်ကြလေသည်။စံပယ်လည်းလျှောက်ပြောတာဟု ဆိုလိုက်ရသည်။

"အော်..ကိုစိမ်းကားကြီးရယ်..ကျွန်မကိုမေ့ပြီးရှင်သိပ်ပျော်နေသလားဟင်.."

🌼🌼🌼🌼🌼🌼🌼

နေဂုဏ်မာန်တစ်ယောက်ကတော့ ဖခင်ဖြစ်သူ၏ ခြဲ၀န်းထဲသို့ ကားကို တရကြမ်းမောင်း၀င်လာကာ ဖြစ်သလိုပါကင်ထိုးလိုက်ပြီး အိမ်ထဲသို့ ခြေလှမ်းကြမ်းကြီးများနှင့် လှမ်း၀င်လိုက်သည်။

"ချယ်ရီစူး..ချယ်ရီစူး..မင်းထွက်ခဲ့စမ်း.."

"ဝုန်း!!!!!!ခွမ်း!!!!"

ဒေါသတွေကို လုံး၀မထိန်းချုပ်နိုင်တော့ပြီမို့ နံရံနားမှ ပန်းအိုးတင်ထားသည့်‌ခုံကို ခြေထောက်နဲ့ပိတ်ကန်ပစ်လိုက်သည်။‌ ကြွေပြားပေါ်သို့ ခုံကြီးလဲကျသွားသလို တင်နေသည့်ပန်းအိုးလည်းကွဲကျကုန်လေသည်။

"ငါထွက်ခဲ့လို့ပြောနေတယ်လေ..မင်းထွက်မလာရင်..ငါကိုယ်တိုင်တက်လာပြီး..မင်းကိုသ တ်ပစ်မယ်..ထွက်ခဲ့!!..ဟာကွာ.."

"ဝုန်း!!!!!"

နောက်ထပ် ပစ္စည်းတွေကို ထပ်မံကန်ကြောက်ပြီး ကြိမ်းဝါးနေတာကြောင့် ဦးဘုန်းမာန်နှင့် ဒေါ်တင့်တို့လည်း အလန့်တကြားဖြစ်ကာ နေဂုဏ်မာန်ရှိရာဆီသို့ ပြေးလာကြလေသည်။

"ဟေ့ကောင်..မင်းဘာဖြစ်လို့ငါ့အိမ်ထဲမှာလာသောင်းကျန်းနေရတာလဲ..ဟမ်..ငါ့ပစ္စည်းတွေကိုလည်း ပျက်စီးအောင်လုပ်ထားသေးတယ်..."

ဦးဘုန်းမာန်လည်း၀င်လာတည်းက အုန်းဒိုင်းကျဲပြီး တွေ့သမျှအကုန်ရိုက်ခွဲနေတဲ့သားဖြစ်သူကို တော်တော်ဒေါသထွက်မိသည်။

"ဒီကိစ္စမှာဒယ်ဒီအသာနေ..ဒယ်ဒီ့မိန်းမ မွှေလို့
စံပယ်နဲ့သားဝေးရတာ..ကျွန်တော်သူ့ကိုလုံး၀
မကျေနပ်ဘူး..သူ့ကိုကျွန်တော် အမှုန့်ကြိတ်ပစ်ရမှ ကျေနပ်မယ်...."

ဦးဘုန်းမာန်လည်းတွေးရပြန်သည်။သူ့အိမ်ကိုတစ်ခါလေးတောင်အလည်မလာတဲ့သားက
လာတော့လည်းဒေါသမီးတောက်နေပုံထောက်ရင် ချယ်ရီဘာတွေများ လွန်လွန်ကျူးကျူးမွှေထားသလဲဆိုတာ သူအရမ်းသိချင်နေမိသည်။

ဒီကောင်က လူတစ်မျိုး။သူမကြိုက်ရင် အဲ့ပစ္စည်းကို သူနဲ့ခပ်ဝေးဝေးမှာထားတတ်သလို ဘယ်တော့မှလည်းပြန်လှည့်မကြည့်တတ်ဘူး။
ဒါပေမဲ့ သူကြိုက်ပြီဟေ့ဆိုရင် ဘယ်လိုနောင်တမျိုးမှ မရှိပဲ ပစ္စည်းသေးသေးလေးကအစ တန်ဖိုးထားလွန်းတယ်။‌မရရ‌အောင်လည်းယူတတ်တယ်။တိတ်ဆိတ်နေရင်လည်း သူများနဲ့မတူသလို
ဒေါသထွက်ပြီဆိုရင်လည်း  တော်တော်သွေးရဲသည့်ကောင်ပါ။

"ကိုနေဘာဖြစ်လို့ ဒီလောက်ဒေါသထွက်နေရတာလဲ.."

ဆံပင်နီကြောင်ကြောင်နှင့် ဆင်သားရည်ကိုဆိတ်သားရည်နဲ့ဖုံးထားသော အရှက်မရှိသည့်မျက်နှာကိုကြည့်ပြီး နေဂုဏ်မာန်လူသ တ်ချင်စိတ်တွေတစ်ဖွားဖွားပေါ်လာသည်။
လှေကားခြေရင်းမှာရပ်နေသည့် ထိုမိန်းမဆီကိုပြေးသွားလိုက်ပြီး ပါးကိုအားကုန်လွှဲရိုက်ရန်ပြင်လိုက်သည်။

"ဖြန်း!!!!!!"

"အာ့!!!!!!"

သူ့ရဲ့ရိုက်ချက်ပြင်းအားဟာ ချယ်ရီစူးအား လှေကားလက်ရန်းကို  လှမ်းကိုင်ထားလိုက်ရသည်အထိ ကြမ်းတမ်းသွားလေသည်။

နေဂုဏ်မာန်၏ စိတ်ထဲမှာ ဒေါသမီးတွေက
လျော့မသွားပဲ  ပို၍ပြင်းထန်လာသည့်နည်းတူ သူမရဲ့လည်ပင်းကို ညှစ်မိသည့်အခြေအနေအထိ ဖြစ်လာရသည်။

"မိန်းမယုတ်..ဂျိုကောင်မ..သေစမ်း..မင်းသေရမယ်..သေစမ်း.."

"အာ့..အစ်..အစ်..မဟုတ်..အစ်..အစ်.."

သူမရဲ့ လည်ပင်းကိုညှစ်နေမိသည့် သူ့လက်တွေဟာ အားကုန်သုံးနေ၍ လက်ဖျံကြောတစ်လျှောက် သွေးကြောစိမ်းတွေထလာသည်။အံကိုတင်းတင်းကြိတ်ထားသည်မို့ သူ့ရဲ့လည်ပင်းကြောတွေပါ တင်းထွက်လာသည်။
ချယ်ရီစူးက ရုန်းကန်ပြီး သူ့လက်မောင်းကို လက်သည်းနဲ့ ကုတ်ဖဲ့နေလည်း သူရပ်တန့်မပစ်မိဘူး။

"ဟေ့ကောင်..မင်းဘာလုပ်တာလဲ..လွှတ်စမ်း
အခုလွှတ်လိုက်.."

"သားနေဂုဏ်..ဒေါ်တင့်တောင်းပန်ပါတယ်..
လွှတ်လိုက်ပါကွယ်.."

"ဒီကောင်မကို..ဒီနေ့မှမသ တ်ရရင်ကျွန်တော်
 နေဂုဏ်မာန် မဟုတ်တော့ဘူး.."

စိတ်ထဲမှာပေါ်ပေါက်လာတဲ့ဒေါသအခိုးအငွေ့
တွေက လက်မှာသွားစုနေသလိုဖြစ်နေပြီး ဒီမိန်းမကိုသေစေရန်ပဲတိုက်တွန်းနေသည်။
သူ့ရဲ့မသိစိတ်ကနောက်ဆုတ်ဖို့ကိုခွင့်မပြုဘူး။

စံပယ့်ကို အသားလွတ်ဒုက္ခသွားသွားပေးတာ
နှစ်ခါရှိနေပြီ။ဒိမိန်းမမျိုးဟာ ခွင့်လွှတ်လို့ မရဘူး။
ကိုယ်တန်ဖိုးထားတဲ့ အရာတစ်ခုကို အဝေးကိုရောက်အောင် လုပ်ပစ်တာလောက် သူခံပြင်းတဲ့အရာမရှိတော့ဘူး။

"ဟေ့ကောင်..မင်းကိုလွှတ်လို့ငါပြောနေတယ်..
သူ သေရင် မင်းထောင် ကျမှာနော်.."

"ခွပ်!!!!"

ချယ်ရီ့ကိုလည်ပင်း ညှစ်နေတာ ရပ်တန့်ပစ်ဖို့
ဦးဘုန်းမာန်ဟာ နေဂုဏ်မာန်ရဲ့ပါးဆောင်နေရာကို လက်သီးနဲ့နှစ်ချက်လောက် ဆင့်ထိုးပစ်လိုက်သည်။
လူသ တ်ဖို့သာစိတ်အားထက်သန်နေ
သည့်သားကို သူတုန်လှုပ်နေမိသည်။

သားရဲ့ဒီလိုပုံစံက သူ့အမေသေတဲ့နေ့တုန်းကပုံစံမျိုးနဲ့တစ်ထပ်တည်းပါပဲ။သူ့အ မေရဲ့အလောင်းကို မီးသင်္ဂြိုလ်ဖို့လုပ်တော့ အခေါင်းကိုဆွဲထားတာများ ‌လူ‌တွေ မနဲဝိုင်းပြီးဆွဲခဲ့ရတဲ့အထိပဲ။
နေဂုဏ်မာန်လိုလူမျိုးကိုဆင်ခြင်ဉာဏ်မဲ့စွာ
လူသ တ်ချင်လာအောင်ဘယ်အရာကတွန်းအားပေးခဲ့တာလဲ။

"ဒယ်ဒီတောင်းပန်ပါတယ်သားရယ်..မင်းမာမီရဲ့ဆိုဆုံးမမှုတွေကိုမင်းတွေးကြည့်စမ်းပါ..
စံပယ်မွှေးဆိုတဲ့ကောင်မလေး..သူ့ကိုမင်းမေ့ထားတာလားကွာ.."

စံပယ်မွှေးဆိုတဲ့အမည်နာမကိုကြားတော့မှ တင်းမာနေတဲ့သူ့စိတ်တွေပြေလျှော့သွားသလိုပင်။
"ဟုတ်တယ် ငါလူသ တ်မိရင်စံပယ့်ကို
တစ်သ တ်လုံးပြန်တွေ့နိုင်မှာမဟုတ်တော့ဘူး..
စံပယ့်ကိုငါ့ဘ၀ထဲပြန်ရောက်အောင် ခေါ်လာရအုံးမယ်"။
 ပန်းကလေးရဲ့ ရနံ့သင်းသင်းက သူ့ရင်ကိုလာရိုက်ခတ်နေသလိုမျိုး သူမရဲ့နာမည်လေးကို ရေရွတ်မိသည်နှင့် သူ့စိတ်တွေဟာ နူးညံ့တတ်နေသည်။

ချယ်ရီစူးရဲ့ လည်ပင်းကိုညှစ်ထားတဲ့ သူ့ရဲ့လက်ကိုဖြေချလိုက်သည်။

"အဟွတ်..အဟွတ်..အဟွတ်.."

သူလွတ်ပေးလိုက်တာနဲ့ အတင်းလေးဘက်ထောက်ပြီး ချောင်မှာသွားကပ်နေသည့် ချယ်ရီစူးကို မျက်လုံးရဲကြီးတွေနဲ့ အငြှိုးကြီးစွာ သူကြည့်ပစ်လိုက်ပြီး ဒယ်ဒီ့ဘက်သို့လှည့်ကြည့်လိုက်သည်။

"ဒယ်ဒီ့ကိုလည်း..ကျွန်တော်တစ်ခါတည်းအပြတ်ပြောလိုက်မယ်..
ကျွန်တော်လား..ဒီမိန်းမလား...ရွေးပါ..
ဒီမိန်းမကြောင့် စံပယ်ကျွန်တော့်ဆီကနေ ထွက်သွားပြီ.....
...ကျွန်တော့်ကိုသားအဖြစ်ဆက်ပြီးတော်ချင်သေးရင်..ဒီမိန်းမနဲ့အပြတ်ဖြတ်လိုက်..
...ဒီမိန်းမကိုမှ ဆက်ပြီးပတ်သတ်‌နေအုံးမယ်ဆိုရင်တော့..ကျွန်တော်သေရင်တောင်..ဒယ်ဒီမလာပါနဲ့..
ဒါကျွန်တော့်ရဲ့နောက်ဆုံးစကားပဲ.."

နေဂုဏ်မာန်ဟာ ဟိန်းထွက်နေသောအသံဖြင့်
ပြောပစ်ခဲ့ကာ အနည်းငယ်တွန့်တက်နေသည်
သူ့အိင်္ကျီကို ပြန်ဆွဲချလိုက်သည်။
ပြီးနောက် ရှူးဖိနပ်သံ တစ်‌ဒေါက်‌ဒေါက်မြည်သည်အထိ ခြေလှမ်းတွေကို ခပ်ပြင်းပြင်းနင်းကာ
ကားဆီသို့ပြန်လာခဲ့လိုက်သည်။

ထွက်သွားတဲ့ သားရဲ့ကျောပြင်ကိုကြည့်ပြီး ဦးဘုန်းမာန်ပြောနေမိသည်က
"ဒယ်ဒီ့သားကိုအသက်လောက်ချစ်တာပါကွာ..
ဒယ်ဒီ့အပေါ်မှာ သားဘယ်လောက်အထိမုန်းတီး
နာကျည်းနေမလဲဆိုတာလည်း ဒယ်ဒီသဘောပေါက်ပါတယ်။
 စိတ်ချပါသား သားပျော်ရွှင်စေရပါမယ်.."လို့
စိတ်ထဲမှာတိုင်တည်လိုက်ပြီး ချယ်ရီ့ဘက်သို့ သူလှည့်ကြည့်လိုက်သည်။

"ချယ်ရီစူးဒီကိစ္စကိုမင်း ငါနဲ့သေချာရှင်းရမယ်"

ဦးဘုန်းမာန်ကိုဆိုက်ကြည့်ပြီး ချယ်ရီနှုတ်ခမ်းကို
ဖိကိုက်လိုက်သည်။ဒေါ်ညိုတို့ကိုခြိမ်းခြောက်ပြီး အ‌ပေါက်တွေပိတ်ထားတာ‌ကို ဘယ်လိုသတ္တိတွေနဲ့ ကိုနေ့ကိုသွားပြောရဲရတာလဲ။

အခုကိုနေ ချယ်ရီကိုအရင်ကထက် ပိုမုန်းသွားပြီထင်ပါတယ်။ဒါပေမဲ့ ဒီလောက်အထိ ဒေါသထွက်လာတယ် ဆိုတည်းက ချယ်ရီ့လုပ်ရပ်ကအောင်မြင်သွားလို့ပဲဆိုတာ သေချာတယ်။
"ကိုနေ  ရှင်ကျွန်မကို မချစ်ရင်နေပါ..ရှင်ဘယ်သူ့ကိုမှလည်း အကြာကြီးမချစ်ရဘူး..."

အခန်း(၁၆)...ဆက်ရန်

🌼🌼🌼🌼🌼🌼🌼

ချစ်စရာ ချယ်ရီစူးလေးကို မဲဖောက်ပေးပါ့မယ်
ယူကြမလား...🫢

#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်


No comments:

Post a Comment

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း ၁"

    "သနပ်ခါးရနံ့လေးကြူကြူမွှေး"   " အခန်း ၁" တောသူတွေမယ်...အရိုးခံပါကွယ် ချစ်တယ်..ကြိုက်တယ်..ဆိုလာပါတဲ့ ကိုလူညိုထွား.......