🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼 အခန်း၁၆🌼
မနက်ပိုင်း အစည်းအဝေးအပြီးမှာ ခေါင်းတွေအရမ်းကိုက်လာတာကြောင့် ခေါင်းကိုက်ပျောက်ဆေးသောက်ပြီး ဆိုဖာခုံပေါ်မှာ ခဏလှဲနေလိုက်သည်။
သူ့မျက်လုံးတွေကို အတင်းမှိတ်ထားမိပေမဲ့
အတွင်းစိတ်သဏ္ဍန်က မငြိမ်းချမ်းတော့ ဘယ်လိုမှ
နေထိုင်လို့ မကောင်းဘူး။
ဆရာ၀န်ကတော့ စိတ်ဖိစီးမှုများနေတာကြောင့်နဲ့ အလုပ်ဒဏ်ပိလို့ သွေးပေါင်တွေကျပြီး အိပ်မရသည်ဟု မှတ်ချက်ချခဲ့တယ်။
တကယ်တော့ အိပ်မရသည့်အကြောင်းအရင်းက
ဘာကြောင့်လည်းဆိုတာ ကိုယ့်ဘာသာသိပါတယ်။
ဒါပေမဲ့ ပျောက်လို၊ပျောက်ငြား ဆရာ၀န်ကိုသွားပြခဲ့ပေမဲ့ ဒီစိတ်ဝေဒနာဟာ ဆရာ၀န်ကုနိုင်သည့် ဝေဒနာမဟုတ်လေတော့ အခက်သားပင်။
"ဒေါက်..ဒေါက်..ဒေါက်.."
ရုံးခန်းထဲက ဆိုဖာပေါ်မှာ နဖူးပေါ်ကို လက်တင်ပြီး
စဉ်းစားခန်းဖွင့်နေရင်းမှ တံခါးခေါက်သံကြားတာကြောင့် ချက်ချင်းထပြီး ကိုယ့်ခုံမှာ ကိုယ်နေရာပြန်ယူလိုက်သည်။
"၀င်ခဲ့.."
နေဂုဏ်မာန်ဟာ တစ်ယောက်တည်းရှိနေချိန်မှာ ခံစားနေရသော ပူဆွေးမှုတွေကို သူ့ရဲ့ အရှိန်အဝါပြင်းသည့် လုပ်ငန်းရှင်တစ်ယောက်၏ မျက်နှာဖုံးနှင့် ခေတ္တမျှ ကာကွယ်ထားလိုက်သည်။
"ဆရာ..ကျွန်တော့်ကိုခေါ်တယ်ဆိုလို့.."
အခန်းထဲသို့ ၀င်လာသည့် မိုးနီဆိုသူကို သူတစ်ချက်မျှ ခေါင်းစ၊ခြေဆုံးကြည့်လိုက်သည်။
"..မင်းနာမည်မိုးနီနော်.."
"ဟုတ်..ဟုတ်ပါတယ်ခင်ဗျာ..သူဌေးခေါ်တာ
ဘာအကြောင်းရှိလို့လဲ သိခွင့်ရှိမလားခင်ဗျ.."
နေဂုဏ်မာန်လည်း ဘယ်ကနေ၊ဘယ်လိုစကားစပြောရကောင်းမလဲဟု စဉ်းစားနေမိသည်။
မနက်ကကုမ္ပဏီကိုလာတော့ မိုးနီဆိုတဲ့လျှပ်စစ်ဌာနမှ၀န်ထမ်းက ဆိုင်ကယ်လ်နဲ့လာတာကို ကားပေါ်မှာလှမ်းတွေ့လိုက်မိသည်။
မိုးနီကို တွေ့လိုက်တော့ သူသိပ်ပျော်သွားခဲ့တယ်။မွှေးတစ်ခါကပြောဖူးတဲ့ "ရွာမှာခင်ခဲ့တဲ့မိတ်ဆွေပါ"ဆိုတဲ့စကားကြောင့် မိုးနီဆိုသူဟာ မွှေးကိုရှာတွေ့ရန် တစ်ခုတည်းသောလမ်းစပဲလို့ သူတွေးလိုက်မိသည်။
အစက သူဒီအချက်ကိုဘာလို့မေ့နေခဲ့တာလဲဆိုပြီး ကိုယ့်ဘာသာ အပြစ်တင်နေမိသည်။
"ဒါနဲ့မင်းရဲ့ဇာတိက..ဘယ်ကလည်း.."
"ကျွန်တော့်ဇာတိက ဧရာ၀တီတိုင်းပါ.."
"ကိုယ့်ကိုအတိအကျ ပြောနိုင်မလား.."
မိုးနီခမျာ မျက်လုံးပြူးသွားရသည်။
မဟုတ်မှလွှဲရောဒီသူဌေးကအခြောက်ကြီးများလား။
ငါ့ကိုကြိတ်ကြွေနေတာတော့မဟုတ်ပါဘူးနော်။
ငါ့လို အင်ဂျင်နီယာ ပုစိပေါက်စကို သူလိုပုဂ္ဂိုလ်က အထူးတလည်ခေါ်တည်းကိုက တစ်ခုခုတော့ တစ်ခုခုပဲ။
ကြက်သီးတောင်ထချင်လာသည်။
ငါ့ရုပ်ကပဲနုရွနေလို့များလား။
ကိုယ့်မျက်နှာကိုပြန်စမ်းမိတော့ မရိတ်ရသေးတဲ့အမွှေးတွေကထိုးထိုး ထောင်ထောင်နဲ့ဖြစ်နေသည်။
သူဌေးဆိုသူကို တစ်ချက်ပြန်ကြည့်လိုက်မိတော့
ရုပ်တည်ကြီးနှင့်ပါပဲ။ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ခုံပေါ်မှာ လက်ထောက်ထားတာများ ဆိုဒ်နဲ့ဂိုက်နဲ့။
"ဟို..ဧရာ၀တီတိုင်း..ဓနုဖြူမြို့နယ်..ဗျင်းညားအလယ်အုပ်စု..ပွတ်စလီကျေးရွာမှာနေပါတယ်.."
"အင်း..မင်းတို့ရွာမှာ..စံပယ်တွေရောပေါလား..
ဟို စံပယ်နဲ့ပတ်သတ်ပြီးနာမည်မှဲ့တဲ့လူတွေဘာတွေရောရှိလား.."
နေဂုဏ်မာန်လည်း တိုက်ရိုက်မေးချင်ပေမဲ့ ဒီကောင်ကပါ စံပယ့်ကိုကြိတ်ပိုးနေရင် တလွဲတွေ ဖြေမှာစိုးတာကြောင့် တမင်သဲလွန်စလေးနဲ့မေးကြည့်လိုက်သည်။
သကောင့်သားကတော့ ကိုယ့်တစ်ရွာတည်းသားချင်းတောင် စံပယ်ပါတဲ့နာမည်ကို အီးထွက်တော့မတတ် ညှစ်ပြီးစဉ်စားနေသလားမှတ်ရသည်။
"ဟေ့ကောင်...စဉ်းစားနေတာကလည်း
ကြာလိုက်တာကွာ...ငါ့ရည်းစားဆီက
အဖြေတောင်းတုန်းကတောင် ဒီလောက်မကြာဘူး...
."
"ရည်းစား..."သူဌေးမှာ ရည်းစားရှိတယ်ဆိုတော့ တော်သေးတာပေါ့လို့ မိုးနီလည်း စိတ်ထဲမှရေရွတ်လိုက်မိသည်။
"စံပယ်တွေပေါ၊မပေါတော့ မပြန်တာကြာလို့
မသိဘူးဗျ..နာမည်ကတော့..အင်း..စံပယ်မွှေးဆိုတဲ့မိန်းကလေးပဲကျွန်တော်သိတယ်.."
"ဟာ...တကယ်လား....မိုက်တယ်ကွာ..."
"ဗျာ..ဘာကို မိုက်တာလဲဗျ...စံပယ့်ကိုခင်ဗျားက သိလို့လား..."
"မသိပါဘူးကွာ...မသိပါဘူး..."
ရောယောင်ပြီး ပါးစပ်ကနေ စံပယ်နဲ့သူ့ရဲ့
ပတ်သတ်မှုကို ထုတ်ပြောမိမလို ဖြစ်သွားလေသည်။ဒီကောင့်ကို အခုပြောလိုက်လို့တော့
မဖြစ်ဘူး ။
သူ့အဖို့ ပျော်လွန်းလို့ ထမခုန်မိအောင် ထိုင်ခုံကိုဆွဲထားရပေမဲ့ မျက်နှာကို အချိန်မှီပြန်တည်ပစ်လိုက်သည် ။နေဂုဏ်မာန်ဆိုတာ ပုံပျက်ပန်းပျက် ဖြစ်လို့မရဘူး။
"ဒါနဲ့မင်းက ဘယ်အချိန်ရွာပြန်မှာလဲ.."
"ကျွန်တော်..နောက်တစ်ပတ်နေရင်ပြန်မှာပါ
အလုပ်ထွက်စာလဲတင်ပြီးပါပြီ.."
ဘာတွေလာမေးနေမှန်းမသိတဲ့ သူဌေးကို
ဂေး၊မဂေး သံသယကပိုတိုးလို့လာချေပြီ။
ငါပြန်ရင် သူကလွမ်းကျန်ခဲ့မှာမို့လို့ လာမေးနေတာလား။ဘာလဲဟ။လုပ်ငန်းအကြောင်းလည်း
တစ်စက်မှမမေးဘူး။
ငါ ရွာပြန်မှာကို စိတ်မချဖြစ်နေတာလားပဲ။
"နောက်တစ်ပတ်..သေချာလား.."
"ဟုတ်ကဲ့..သေချာပါတယ်..သူဌေး.."
"သေချာရင်..ငါလည်းမင်းတို့ရွာကိုလိုက်ခဲ့မယ်.."
"ဟမ်.."
မိုးနီ၏စိတ်ထဲတွင်တော့......
ငါ့ဦးလေးတော့ မိန်းမ မခိုးလာပဲ ယောက်ျားခိုးလာတယ်ဆိုပြီး..အသေတွယ်တော့မှာပဲ...မိုးနီ...မိုးနီ...
ကံဇာတာတွေ တက်နေတာလား....ကျနေတာလား...ဗေဒင်မေးရတော့မယ်ထင်တယ်။
ဟုတ်သားပဲ။သူ့မှာရည်းစားရှိတယ်ဆိုတော့
ရွာကိုလိုက်မှာ တစ်ခြားရည်ရွယ်ချက်တစ်ခုခုကြောင့်ပဲ နေလိမ့်မယ်။
🌼🌼🌼🌼🌼🌼🌼
ကားလေးဟာ တညိမ့်ညိမ့်သွားနေသလို သူ့ရဲ့ခံစားချက်တွေဟာလည်း အင်မတန်မှငြိမ်းအေးနေလေသည်။မျက်လုံးတွေကို မှိတ်ထားစဉ်မှာ နေရောင်ခြည် အလင်းတန်းမျှင်လေးတွေက
သူ့မျက်နှာကို ကလူကျီစယ်နေကြပေမဲ့ သူကတော့အိပ်တစ်၀က် နိုးတစ်၀က် အခြေအနေဖြစ်နေလေသည်။
နားထဲမှာလည်း အသံမျိုးစုံကို ကြားနေရပေမဲ့
မွှေးနဲ့ လက်ချင်းတွဲပြီး ဧရာ၀တီမြစ်ကမ်းပါးတစ်လျှောက်မှာ ပြုံးရယ်၍ လမ်းလျောက်နေတာကြောင့် သူ့နှုတ်ခမ်းတွေ အလိုအလျှောက် ပြုံးသွားမိသည်။
ပိုးသားလို အိစက်ညက်ညောပြီး ဖြောင့်စင်းနေတဲ့ ဆံနွယ်မျှင်လေးတွေဟာ လေတစ်ချက်တိုက်လိုက်တိုင်း ပုဝါပါးလေးတွေ တလွှင့်လွှင့်ဖြစ်သွားသလို လှပတဲ့လှိုင်းလေးတွေ ထသွားလေသည်။
သူမရဲ့ အပြုံးလေးကလည်း အလွန်အစီးသန်လှတဲ့ ဧရာ၀တီမြစ်ရေထက်တောင် အေးမြနေပါသေးတယ်။
သူမရဲ့ ပါးပြင်ပေါ်မှာ လေပြေကြောင့် ယိမ်းခါနေတဲ့ ဆံစလေးတွေကို သူသပ်တင်ပေးလိုက်ပြီး လက်ထဲမှာ အသင့်ပါလာတဲ့ စံပယ့်ပွင့်ခက်ကလေးတွေကို
တယုတယ ပန်ပေးလိုက်တယ်။
ကမ်းပါးပေါ်မှာ မတ်တပ်ရပ်ရင်း ဟိုးဘက်ကမ်းဆီမှ မှိန်ပျပျ သဏ္ဍန်လေးတွေကို လှမ်းလို့ကြည့်နေမိတယ်။ချစ်သူကို ရင်ခွင်ထဲမှာ ထွေးပွေ့ထား၍လားမသိ ယခုအခိုက်အတန့်လေးဟာ ကြည်နူးစရာအကောင်းဆုံးပါပဲ။
မြင်မြင်သမျှဟာလည်း လှပလွန်းလိုက်တာ။
ကဗျာဆန်လွန်းလိုက်တာ။
သူ့နှလုံးခုန်သံဟာ မြစ်ထဲမှာ ဖြတ်မောင်းသွားသော မော်တော်ကို ခပ်ပြင်းပြင်း ပုတ်ခတ်လိုက်တဲ့ လှိုင်းပုတ်သံတွေထက်တောင် ကျယ်လောင်နေသလိုပင်။
စံပယ်နဲ့ အကြည့်ချင်းဆုံသွားခိုက်မှာ ငုံ့မွှေးလိုက်တဲ့ပါးပြင်လေးမှ သနပ်ခါးရနံ့သင်းသင်းလေးက ပန်ဆင်ထားတဲ့ စံပယ်ရနံ့လေးနှင့်ပေါင်းလိုက်တော့
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေမွှေးထပ်တောင် တန်ဖိုးရှိနေသလိုပါပဲ။
ကိုယ်ကပဲ နှစ်သက်နေမိလို့လား။
နဂိုမူလ သင်းရနံ့ကပဲ သစ်လွှင်နေ၍လား မခွဲခြားတတ်အောင်ပါပဲ။
ဒီအခိုက်အတန့်လေးမှာ သူ့စိတ်တွေဟာ
သေးငယ်လှတဲ့ ငှက်မွှေးလေးတစ်မျှင် လေမှာလွှင့်ချင်တိုင်း လွှင့်နေသလို ပေါ့ပါးမှုအပြည့်၊
လွတ်လပ်မှု အပြည့်နဲ့ဖြစ်နေသည်။
ဘာအလုပ်တာ၀န်တွေမှလည်း ခေါင်းထဲမှာ
မရှိတော့သလို၊ ဘာစည်းစိမ်ဥစ္စာကိုမှလည်း
လိုချင်တပ်မက်ချင်းမရှိတော့သလိုပင်။
သူမရဲ့ လက်ကိုယခုလို ကိုင်ဆွဲပြီး မြစ်ကမ်းပါးမှာ ဦးတည်ရာမရှိ သွားနေရသည့် ဘ၀ကပင် ပြည့်စုံမှုအတိဖြစ်နေသည်။တကယ်တော့ ဒီလိုဘ၀လေးက
သူခုံမင်တဲ့ ဘ၀လေးပါပဲ။
"ဆရာ..ဆရာ..ထတော့လေ.."
ရုတ်တရက် အသံခပ်စူးစူးနဲ့အတူ သူ့ကိုလှုပ်နှိုးလိုက်တဲ့ မိုးနီကြောင့် အိပ်မက်မှလန့်နိုးသွားရသည်။
အိပ်မှုန် စုံမွှားဖြစ်နေသည့် မျက်လုံးတွေကို
ပွတ်လိုက်ပြီး တစ်ချက်မျှသန်းလိုက်မိသည်။
"..ဝါး!!!!..ရောက်ပြီလား.."
"မရောက်သေးဘူး.."
"ဘာ!!!!!!"
"ဟာ..ဖြည်းဖြည်းအော်ပါသူဌေးရယ်.."
ရန်ကုန်မှ ညောင်တုန်းအထိ သူကားမောင်းခဲ့ရပြီး ညောင်တုန်းရောက်မှ မိုးနီကတစ်လှည့်မောင်းနေချိန်မှာ သူအိပ်ပျော်သွားခြင်းဖြစ်သည်။
"အခုကကျုံတနော်လှေဆိပ်ကိုရောက်နေတာ
ရွာကလူတွေလာကြိုကြမှာဗျ..ရွာကိုကား၀င်လို့ကအဆင်ပြေမှာမဟုတ်ဘူး..ကျုံတနော်ကကျွန်တော့်အသိအိမ်မှာ ကားကိုထားခဲ့မှရမယ် အခုကစပြီးဆရာကကျွန်တော်တို့ရွာရဲ့ကျေးဇူးရှင်ပဲဗျ.."
"ဟာဗျာ..နဲနဲလေးလှူတာကိုများ.."
"ဘယ်ကလာနဲရမှာလဲ ဆရာ့အတွက်တော့သာမန်ကိစ္စပေမဲ့ ကျွန်တော်တို့ရွာသားတွေအတွက်တော့ကိစ္စကြီးပဲဗျာ.."
မိုးနီ၏စကားကြောင့်သူစိတ်မလုံချင်တော့ပေ။
သူ့ရဲ့အဓိကရည်ရွယ်ချက်ကစံပယ့်ကိုရှာပြီး
သူ့ဘ၀ထဲကိုအပြီးအပိုင်ပြန်ခေါ်သွားဖို့ပါပဲ။
ဒါပေမဲ့အလှူလုပ်တာကိုအကြောင်းခံပြီး ကိုမိုးနီနှင့်လိုက်လာခြင်းဖြစ်သည်။
စံပယ့်ကိုသာအပါခေါ်နိုင်ရင် တစ်ရွာလုံးကိုစိန်စီပြီးတောင် ထားခဲ့မှာပါလို့ ပြောလိုက်ချင်သည်။
"ဟယ်..ချောလိုက်တာ.."
"ဟုတ်ပ..ရုပ်ရှင်မင်းသားလားမသိဘူး..အရပ်ကြီးကလည်းမိုးထိတော့မယ်.."
နေဂုဏ်မာန်ဆိုတာ ဘယ်နေရာရောက်ရောက်အရှိန်အဝါကမသေဘူးဖြစ်နေလေသည်။
အတွင်းမှာတီရှပ်ချိုင်းပြတ်၀တ်ထားသောကြောင့်
ပူလွန်း၍ အပေါ်မှကုတ်အင်္ကျီကို ချွတ်လိုက်မိရာ
ဖြူဖွေးသောအသားအရည်၊မျက်လုံး မျက်ဖန်ကောင်းကောင်းနှင့် အများကြားမှာထီးထီးကြီးဖြစ်နေတဲ့သူ့အရပ်အမောင်းတို့ကြောင့် လှည်းဖြတ်လျှင် လှည်းပေါ်တွင်ပါသမျှလူတွေကငေးကြသလို
ထော်လာဂျီစီးကြသူ၊ဈေးသည်မှအပ
လမ်းသွားလမ်းလာတိုင်းက သူ့ကိုငေးကြည့်ကုန်ကြလေသည်။
သူ့ကိုအထူးအဆန်းလို မသိပဲလာလာပြုံးပြနေကြတာများ သူ့အဖို့ ဆက်ကပ်ထဲကမျောက်ကြီးလို
ဖင်တကြွကြွနှင့် မနေတတ်၊မထိုင်တတ်ဖြစ်နေရ လေသည်။
"မိုးနီရေ..ငါတို့ဒီမှာဟေ့.."
လှေဆိပ်မှာလာကြိုတဲ့မော်တော်ကြောင့် နေဂုဏ်မာန်ကြိတ်ပျော်သွားရသည်။
သို့မဟုတ်ရင် မျောက်ပွဲကြည့်သလို ဝိုင်းအကြည့်ခံနေတာနှင့် ဒီနေရာမှာတင်ဇာတ်စင်ဆောက်ရမည့်အခြေအနေဖြစ်နေသည်။
စိတ်ချမ်းသာမှုက ကြာကြာမခံဘူးဆိုတာ တကယ်မှန်ပါသည်။
ကျုံတနော်မှလမ်းကြုံလိုက်ကြသည့် ဧည့်သည်တွေရဲ့ ပုလိပ်စစ်နည်းနှင့် ဝိုင်းအစစ်ခံနေရ၍ သူ့မှာခေါင်းကိုကိုက်ရောပဲ။
အမေးအမြန်းတော်တော်ထူကြပါလားလို့ တွေးမိသည်အထိပင်။
သူတို့ကိုစကားတစ်ခွန်းလေးတစ်ခွန်းမေးလိုက်ရင်လဲ နားညီးအောင်ပင်ပြန်ပြောတတ်ကြသည်။
"ဆရာ...ဒါကသဲချောင်း..ဒါကလိပ်ချောင်း.
ဒါကကျုံပျက်...ကလုကလောလေ...."
မော်တော် စီးနေရင်းနဲ့ မိုးနီက ရွာနာမည်တွေကို ရွတ်ပြနေလေသည်။သူလည်း ကြားဖူးနား၀ရှိရအောင် မှတ်ထားလိုက်သည်။စံပယ့်ကိုလည် ပြန်ခေါ်နိုင်ရင် ဒီနေရာတွေဟာ သူခဏခဏအလည်လာရမည့်နေရာတွေ ဖြစ်နေတာကြောင့်ပါပဲ။
"ဒါကစက္တုချောင်း...ရှေ့နဲနဲဆို ရောက်ပြီဗျ...
အုန်းပင်စုရွာကိုဖြတ်ပြီးရင် ကျွန်တော်တို့နေတဲ့
ပွတ်စလီချောင်းပဲဗျ...."
စံပယ်နေထိုင်တဲ့ နေရာဒေသနဲ့အနီးဆုံးကို ရောက်လာပြီမို့ သူအရမ်းပျော်နေမိသည်။
ချောင်းလေးဟာ အရမ်းအကျယ်ကြီးမဟုတ်ပေမဲ့ ရေစီးတော့ သန်ပုံရသည်။
ကမ်းပါး၏တစ်ဖက် တစ်ချက်မှာလည်း ဗေဒါတွေကို စုပြီးဝါးလုံးလေးတွေနဲ့ ကန့်ထားလေသည်။
"ငါးတွေကအပင်အလျှင် များတဲ့နေရာတွေမှာ
လာကပ်တတ်တော့ တမင်အဲ့လိုလုပ်ထားတာဗျ...
နွေဘက်ဆိုရင် ရေနဲနဲခမ်းလာရင် ပိုက်တွေလှည့်ဝိုင်းပြီး အဲ့ပင်တွေကိုဆွဲတင်လိုက်တာနဲ့ အောက်မှာ ငါတွေအများကြီး ကျန်ခဲ့တာပေါ့"
သူမမေးရသေးခင်မှာပဲ မိုးနီကဖြေလာလေသည်။
သူ့အနေနဲ့တော့ ဒီလိုမြင်ကွင်းမျိုးကို ဒါပထမဆုံးမြင်ဖူးခြင်းပါပဲ။ချောင်းထဲမှာ ဘဲလေးတွေကလည်း ဖြတ်ကူးနေကြတာကြောင့် ထိုမြင်ကွင်းကို
အမိအရဓာတ်ပုံ ရိုက်ယူလိုက်သည်။
လှေပေါ်က လူတွေဟာ သူ့လုပ်ရပ်ကို ထူးဆန်းသလို ပြုံးပြီးကြည့်လာကြတာကြောင့် သူလည်း ကင်မရာကို ခဏပြန်သိမ်းထားလိုက်သည်။
"ဟေ့....မိုးနီရေ....ရန်ကုန်ကပြင်လာတာလား...."
"ဟုတ်တယ်ဗျို့...နောက်မှလာလည်မယ်နော်...."
"အေး...အေး...."
မော်တော်က အရှိန်နဲ့မြန်မြန်သွားနေတာတောင် မိုးနီဆိုတဲ့ကောင်က ကမ်းပေါ်ကလူနဲ့ စကားလှမ်းအော်ပြောလိုက်သေးသည်။
"ဆရာ...အဲ့ဒါ ကျွန်တော်ပြောဖူးတဲ့ စံပယ်မွှေးရဲ့ အဖွားလေ...."
"ဘာ!!!!!"
"ဟင်...ဘာ...ဘာဖြစ်လို့လဲ...."
မျက်လုံး မျက်ဆန်ပြူးပြီး အော်လိုက်သည့်
သူ့အသံကြောင့် အကုန်လုံး ကြောင်သွားကြလေသည်။
"ဘာမှမဖြစ်ပါဘူး..."
အကုန်လုံးကို ခေါင်းခါပြလိုက်ပြီး နောက်ကြောင်းကို ပြန်လှည့်ကြည့်လိုက်မိသည်။စံပယ့်အဖွားတဲ့။
ဒါဆိုရင် ကိုယ့်ရဲ့စံပယ်လေးကရော ။ဖြစ်နိုင်ရင် အခုချင်ချင်းပဲ တွေ့ချင်မိတယ် စံပယ်ရယ်။
🌼🌼🌼🌼🌼🌼🌼🌼
နေမင်းကြီးက အရှိန်ပြင်းစွာအပူဓာတ်ကိုထုတ်လွှတ်ပေးနေပေမဲ့ ရွာလမ်းကလေးကတော့သစ်ရိပ်၊ဝါးရိပ်ကြောင့် လေတစ်ဖြူးဖြူးနှင့်အေးမြနေလေသည်။အုန်းပင်စုရွာဖျားမှာတော့လူငယ်၊လူရွယ်များက သူတစ်လှည့်၊ကိုယ်တစ်လှည့် လုပ်အားပေးနေကြလေသည်။
ရပ်ရွာမိသားစုများစုပေါင်းမတည်ပြီးလမ်းပြင်နေကြခြင်းဖြစ်သည်။အုတ်ခဲသယ်ကြသူ၊ဘိလပ်မြေဖျော်သူ၊အအေးဖျော်တိုက်သူ၊လမ်းခင်းကြသူတွေနှင့် အုံကြွလို့နေလေသည်။ထိုနေရာလေးတွင် ကလေးအစ၊ခွေးအဆုံး သူတို့နိုင်သလောက်
၀န်လေးနှင့် အခကြေးငွေမပါ ကုသိုလ်ယူနေကြလေသည်။
"စံပယ်တို့..အေးမြတို့..မန်ကျည်းဖျော်ရည်လာသောက်ကြဟေ့..ငါကိုယ်တိုင်ဖျော်ထားတာနော်"
မလှရီရဲ့ဆော်ဩသံကြောင့်ရော မန်ကျည်းဖျော်ရည်မျက်နှာကြောင့်ပါ စံပယ်တို့အုပ်စုလည်းမြေကျင်းထဲမှ တက်လာလိုက်ကြသည်။
မလှရီရဲ့မန်ကျည်းဖျော်ရည်ကို တစ်ငုံလောက်သောက်အပြီးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရှုံ့မဲ့ကုန်ကြသည်။
"ထွီ!..ဂါး!..အဟွတ်..အဟွတ်.."
"အမယ်လေး..မြတ်စွာဘုရားကယ်တော်မူပါ.."
"လှရီ..နင့်ဟာက..မန်ကျည်းဖျော်ရည်လား..
သံပုရာသီးဖျော်ရည်လားဟယ်.."
"ဟော့တော်..လှရီရဲ့စေတနာကိုမစော်ကားပါနဲ့..
ကျုပ်ကိုယ်တိုင်မန်ကျည်းသီးအစစ်နဲ့
သေချာဖျော်ထားတာပါတော်..ခုဏက
ကိုမြအေးတောင်သောက်သွားသေးတယ်..
သောက်လို့သိပ်ကောင်းတာပဲတဲ့..
တော်တို့ကြမှ အဖြစ်သည်းနေလိုက်သိလား.."
"ဟဲ့..မတူဘူးလေ မြအေးကနှာဘူးကျပြီး
ပြောသွားတာနေမှာပေါ့..ကိုယ့်မန်ကျည်းဖျော်ရည်လည်း ပြန်မြည်းကြည့်လိုက်ပါအုံး..
ချဉ်ဟင်းအိုးထဲကို ဇောက်ထိုးကျတာထက်
ဆိုးတယ်..."
"အဲ့လိုတော့မပြောကြပါနဲ့ဟယ်..ကျွန်မကိုယ်တိုင်သံပုရာသီး အလုံး သုံးဆယ်လောက်ကိုသေချာညှစ်ထည့်ထားရတာဟဲ့.."
မလှရီရဲ့စကားကြောင့် အကုန်ပါးစပ်အဟောင်း
သားဖြစ်ကုန်သည်။
ဘယ်သူကများသံပုရာသီးထည့်ဖို့
မြှောက်ပေးလိုက်လဲမသိပါဘူး။
မန်ကျည်းသီးကလည်းအချဉ် ၊သံပုရာသီးကလည်းအချဥ်ကိုမှ အလုံးသုံးဆယ်တောင်ထည့်ထားသည်တဲ့။
မလှရီတစ်ယောက် တစ်ရွာလုံးကို ချီးစိမ်းပမ်းပြီးသေအောင်လုပ်နေသလိုပဲ။
တကယ်ပါ မလှရီဆိုတာရူးတူးပေါတောရယ်ပါ။
ဒီလိုလူမျိုးကိုတောင် ကိုမြအေးကသုံးနှစ် သုံးမိုးသစ္စာရှိစွာလိုက်ပိုးခဲ့ပေမဲ့ မလှရီကအခုထိအဖြေ
မပေးသေးပဲ ဈေးကိုင်နေပြန်သည်။
ကိုမြအေးရဲ့ မျက်နှာလေးကလည်း အဖြေပေးချင်စရာလေးကို။
ဖားပြုတ်ကို ဖနှောင့်နဲ့ အချက်တစ်ရာလောက်
တက်ကြိတ်ထားတဲ့အတိုင်းပဲ။
ပြူး၊ထော်ပြီး လန်နေတာ။
ဒုက္ခိတဖားကမှ သူ့ထက်ချောအုံးမယ်။
အရူးမဒေါ်ကြည်တောင် မြအေးကိုကြိုက်မလားလို့မေးကြည့် ဖားကိုလင်တော်ရမှာထက်
ရေမရှိတဲ့ချောင်းထဲမှာ ဖင်ထောင်ပြီးပဲသေလိုက်တော့မယ်ဟုဖြေမှာ ဧကန်မလွဲပင်။
"ဟဲ့..ဟဲ့..နင်တို့ ဟိုသတင်းကြားပြီးပြီလား.."
"ဘယ်သတင်းလဲမိစိုးရဲ့..ပြောစမ်းပါအုံး.."
"ဟိုစံပယ့်လူမိုးနီလေ..ဒီနေ့သူနဲ့အတူ ရန်ကုန်ကအလှူရှင်တစ်ယောက် လိုက်လာမှာတဲ့တော်..
ကျုပ်အမေဘုန်းကြီးကျောင်းမှာကြားခဲ့တာ.."
"ဟုတ်လား..အဲ့အလှူရှင်က ဘာလှူမှာမို့လို့လဲ.."
"အမေပြောတာတော့..အဲ့လူက..ကျောင်းထိုင်
ဆရာတော်ကို ရွာမှာဘာလိုအပ်သလဲ..
လိုအပ်တာမှန်သမျှ သူကိုယ်တိုင်လာလှူချင်တယ်လို့ပြောတယ်တဲ့.."
"အဲ့တော့..ကျောင်းထိုင်ကြီးကဘာအလှူခံလိုက်လဲ.."
"နင်တို့လည်း ကျောင်းထိုင်ကြီးအကြောင်းမသိတာမှတ်လို့..ဘာမှသိပ်မလှူခိုင်းပါဘူး..
ကြာကန်ဘေးကဘုရားကိုပြန်ဌာပနာပြီးတည်ချင်တယ်..ရင်ပြင်လေးနဲ့ပေါ့ဟယ်..ကန်ကိုလည်းဘောင်ခတ်မယ်..ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းကိုလည်း အုတ်တံတိုင်းကာချင်တယ်..ထမင်းစားဆောင်နဲ့ သိမ်ကျောင်းကိုလည်းအသစ်ဆောက်မယ်တဲ့..စာကြည့်တိုက်လေးကိုလည်းပြန်ဆောက်ပြီး စာအုပ်တွေထည့်ချင်တယ်တဲ့တော်.."
"ဟယ်..ကျောင်းထိုင်ကြီးကလဲ..သူ့ကျောင်းအတွက်ကြီးပဲ..ရပ်ရွာဖို့ကျမပါဘူး..စံပါးရိတ်စက်လေးတစ်လုံးလောက်တော့မလှူခိုင်းဘူး.."
"ဟဲ့လှရီ..ဘုန်းကြီးက သူ့ကျောင်းအတွက်ပဲသူလုပ်မှာပေါ့..အုပ်ချုပ်ရေးမှူးကသာ ရပ်ရွာအတွက်လုပ်ရမှာလေ..ရွာ့ကျက်သရေဆိုတာဘုရား၊ကျောင်း၊ကန်အေ့.."
"ဘုန်းကြီးကျောင်းက သာယာ၀ပြောမှ ရန်ကုန်ကအလှူရှင်တွေကလည်း..သဒ္ဒါထက်ပြီးလှူချင်တော့မှာပေါ့..ငါတို့ရွာလည်းဂုဏ်ရှိတာပေါ့..ငါတော့ကောက်ရိတ်စက်ကိုအားမပေးဘူး..အဲ့စက်တွေရှိလာရင်..ကိုယ့်ရွာမှာလုပ်စရာမရှိတော့ပဲ..တစ်ခြားရွာအဝေးကြီးတွေမှာသွားရိတ်ရတာကများမှာပေါ့.."
"အင်း...ဟုတ်တော့လည်း ဟုတ်ပါတယ်လေ...ကောက်ရိတ်စက်ရှိလည်း တို့လို လယ်မရှိတဲ့သူတွေက ဘာအသုံးတည့်မှာမှတ်လို့ ...
အလုပ်လက်မဲ့ ဖြစ်တာပဲအဖက်တင်မယ်...
အခုတောင် ဒေါ်မြကြည်က ကောင်ရိတ်စက်၀ယ်ထားတော့ တို့ကိုသိပ်မခေါ်ချင်တော့ဘူးရယ်...
အဲ့သူဌေးက လယ်တစ်ယောက်တစ်ကွက် ၀ယ်ပေးရင်ကောင်းမှာပဲနော်...."
"အမယ်လေး....ဟိုက ညည်းလင်မို့လိုလား လယ်၀ယ်ပေးရအောင်...စိတ်ကူးတွေယဉ်မနေစမ်းပါနဲ့..."
🎶ဒေါ်မိုးပါ..ကျွန်မဒေါ်မိုးပါရှင့်..🎶
🎶အများကချစ်တဲ့ ဒေါ်မိုးပါ..မြန်မာ့ဓလေ့ရိုးရာအလှူမင်္ဂလာပွဲမှာ..🎶
"ဟဲ့..ဟဲ့..ကြားကြလား.."
"အေး..ကြားတယ်လေ.."
"အဲ့ဒါဟိုရန်ကုန်ကသူဌေးရောက်နေတာဟဲ့..
ဘယ်လိုလူမို့ဒီလောက်ချမ်းသာတာလဲသွားကြည့်ကြမယ်ဟာ.."
"အေး..ငါလည်းမြင်ချင်နေတာနဲ့အတော်ပဲ.."
ရန်ကုန်မှပုဂ္ဂိုလ်ထူးကိုကြည့်ဖို့ရန် လုပ်အား
ပေးသူများက တစ်ယောက်ပြီးတစ်ယောက်ထသွားကြတာကြောင့် စံပယ်လည်းလိုက်စပ်စုမိလေသည်။
ငွေကြေးရာနဲ့ချီပြီးလှူဒါန်းတဲ့လူ ပေါ်ခဲတာမို့ ဗုံတွေ၊ဝါးလက်ခုပ်တွေနှင့် ကြိုနေကြခြင်းဖြစ်သည်။
အုပ်ကြီး၏အစီအစဉ်နဲ့ ဦးရွှေရိုး၊ဒေါ်မိုးတောင်ပါလိုက်သေးသည်။
ရွယ်လည်က ဘုန်းကြီးကျောင်းမှ အသံဖြစ်လို့ စံပယ်လည်း သူများအုပ်စုနှင့်အတူ လှည်းလမ်းကြောင်းမှ ကွေ့ပြီး ဘုန်းကြီး ကျောင်းဘက်သို့ သွားမိလေသည်။
"ဟယ်..ချောလိုက်တာဟယ်.."
"စံပယ်ရေ..ဟိုမှာတွေ့လား..နိုင်ငံခြားမင်းသားကျနေတာပဲ..ဟီ..ဟိ..ငါက အသက်ဖင်ဆောင့်နေတဲ့အဖိုးကြီးလို့ထင်နေတာ..
လက်စသ တ်တော့..စင်းလုံးချောလေးပဲ.."
လာကြည့်နေကြတဲ့ လူတွေကြားမှ ချောင်းကြည့်လိုက်တော့ မြင်လိုက်ရသည့် မျက်နှာကစံပယ့်ကို အံ့ဩတုန်လှုပ်သွားစေသည်။
သူ...သူဘယ်လိုဖြစ်ပြီး ဒီရွာကိုမှရောက်လာရတာလဲ။ကိုမိုးနီနဲ့ သူကဘယ်လိုလုပ်ပြီး သိသွားရတာလဲ။
သူ့ကိုမြင်တော့ စံပယ်ကိုယ့်နှုတ်ခမ်းကိုယ် ပြန်ကိုက်လိုက်မိလေသည်။ဝဲချင်လာတဲ့ မျက်ရည်တွေကိုလည်း မကျဆင်းလာအောင် မနည်းထိန်းနေရသည်။သူနဲ့ မပတ်သတ်ချင်လို့ လုံး၀အဆတ်ဖြတ်ထားခဲ့တာ လေးလကျော်လောက်ရှိနေပါပြီ။
သူ့ကို မေ့ပြစ်ဖို့ ခက်ခဲတဲ့အချိန်တစ်ခုကို ကျော်လွန်
အပြီးမှာ ဒီလိုတွေ့လိုက်ရတော့ ခံစားချက်တွေက တစ်ကျော့ပြန်လာသလိုပဲ။
ချစ်စိတ်တွေတော့မဟုတ်ဘူး။မခံချင်မှုတွေ နာကျင်မှုတွေပါပဲ။
"ဟဲ့...စံပယ်ရေ...ချောလိုက်တာဟယ်..."
ရုပ်ချောတဲ့လူမှန်ရင် အလွတ်မပေးတတ်တဲ့မစိုးကိုစံပယ်မျက်စောင်းထိုးလိုက်မိသည်။
ဟိုကမိန်းမရှိရုံတင်မကဘူး ကလေးနှစ်ယောက်ပါအစစ်ပါလိုက်သေးတယ်ရှင့်လို့ အော်ပြီးသာပြောလိုက်ချင်သည်။
ဦးနေဂုဏ်က ဘုန်းကြီးကျောင်းထဲကို၀င်ခါနီးမှာ
လူအုပ်ဖက်သို့ဝေ့ရမ်းကြည့်လိုက်တာကြောင့်
စံပယ်လည်းထိုနေရာမှအမြန်ကျောခိုင်းလာခဲ့မိသည်။
ပြောတော့အလုပ်မအားလို့အဖွားဆီကိုတောင်
မလိုက်နိုင်ဘူးဆို။ အခုကြသိန်းနဲ့ချီအကုန်အကျခံပြီးအလှူတော့လာလုပ်နိုင်သေးတယ်ပေါ့။
ရှင့်ကိုမျက်နှာချင်းဆိုင်တွေ့မိရင်လေ ပါးကို
အိုးစည်လိုဘယ်တစ်ပြန်၊ညာတစ်ပြန်တီးမိမှာစိုးလို့
ရှောင်ထွက်လာတယ်မှတ်ပါ။
"လူလိမ်၊လူညာ..တစ်ခုလပ်ကြီး..မုန်းဖို့ကောင်းလိုက်တာ.."
🌼🌼🌼🌼🌼🌼🌼🌼🌼
ညအမှောင်ဟာလရောင်ကြောင်း လင်းပနေပေမဲ့
နေဂုဏ်မာန်ရဲ့ ရင်ထဲမှာတော့ တိမ်ဖုံး၍လမသာ
ဖြစ်နေတာကိုသူပဲသိပါတယ်။
နေ့လည်ကလူအုပ်ကြားထဲမှာမွှေးကိုတွေ့လိုက်မိ
သည်။
သူလှည့်ကြည့်လိုက်တာနှင့် သူမကချက်ချင်းကိုကျောခိုင်းထွက်သွားခဲ့တယ်။
သူမဆီကိုပြေးသွားလိုက်ချင်ပေမဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားရင် သူ့ကိုအလေးထားဆက်ဆံနေတဲ့ရွာသားတွေနဲ့ မွှေးရဲ့ဂုဏ်သိက္ခာကို ထိပါးရာရောက်မှာစိုးလှသည်။
မွှေးရယ်...မင်းလက်ကိုအတင်းပြေးဆွဲပြီးမရရတဲ့နည်းနဲ့ရန်ကုန်ကိုသာခေါ်သွားလိုက်ချင်တယ်။
အိပ်ခါနီး၍ မိုးနီက ဘထ္ထရီမီးကိုမှိတ်လိုက်သည်နှင့်အတူ အခန်းထဲတွင် အမှောင်ဖုံးသွားလေသည်။
ထို့ကြောင့်အတွေးစကိုဘေးချပြီး အိပ်ရာ၀င်လိုက်ရလေသည်။
အရင်ညတွေက အိပ်လို့တော်တော်နဲ့မရပေမဲ့
အခုညတော့ ခရီးပန်းလာတာရော၊မွှေးနဲ့အနီးဆုံး နေရာမှာ ရောက်နေပြီဆိုသော အသိကြောင့်ရယ် ခဏလေးအတွင်း အိပ်ပျော်သွားလေသည်။
"တောင်..တောင်..တောင်..တောင်.."
"ဟာ..ဘာ..ဘာသံကြီးလဲ.."
တစ်တောင်တောင်နှင့် တစ်ခုခုကိုအားနဲ့ထုနေတဲ့အသံကြီးကသူ့နားအနီးမှာကပ်၍ လာနှောက်ယှက်နေသလိုပင်။
နည်းနည်းတောင်ထိတ်လန့်သွားမိသည်။
မိုးနီနဲ့သူက တစ်ခန်းထဲမှာခြင်ထောင်တစ်ခုစီနှင့်အိပ်ကြတာကြောင့် မိုးနီရဲ့ခြင်ထောင်ကိုဆွဲလှန်ပြီးနိုးလိုက်သည်။
"မိုးနီ..ကိုမိုးနီ..ထပါအုံး..ဟေ့လူ..မိုးနီ.."
"ဒီလူကလည်း ဆင်တက်နင်းတာတောင်
နိုးပါ့မလား..ကိုမိုးနီ..ထစမ်းပါဗျာ..."
"အင်း..ဟင်..ဘာ..ဘာဖြစ်လို့လဲဗျာအစောကြီးရှိသေးတဲ့ဥစ္စာ.."
"ကျွန်တော့်နားထဲမှာအသံတစ်ခုကြားနေရလို့..
အဲ့ဒါ...ခင်များရောကြားရလား.."
"ဘာအသံလဲ.."
"ဟို..တောင်..တောင်..တောင်နဲ့လေ..ရွာထဲမှာများတစ်ခုခုဖြစ်လို့လားမသိဘူး..ထွက်ကြည့်ရအောင်ဗျာ.."
"ဟာဗျာ..အဲ့ဒါအုန်းမောင်းခေါက်သံဗျ..
ဘုန်းကြီးကျောင်းကတီးတာ..ခင်များတို့မြို့မှာ
ဒါတွေမှ မရှိတာ ဘယ်သိပါ့မလဲ..
ဒါက လေးချက်တီးလို့ခေါက်တာ..ပြန်အိပ်တော့ဗျာ ကျုပ်လဲအိပ်တော့မယ်.."
အရက်မူးသမားလေသံနဲ့ ပြောချင်တာပြောပြီးစောင်ခြုံထဲ၀င်ကွေးနေသည့် ကိုမိုးနီကို စိတ်ရှုပ်စွာကြည့်လိုက်မိသည်။
ဒီလောက်အသံအကျယ်ကြီးက သူတို့အဖို့သီချင်းဆိုသိပ်သလိုထင်နေပုံရတယ်။
သူကတော့အိပ်ရာ၀င်တဲ့အချိန် အခန်းထဲမှာအပ်ကျသံ ကြားရရင်တောင်အိပ်လို့ရသူမဟုတ်ပေ။
အခုတော့မျက်လုံးသာမှိတ်နေရပေမဲ့ အိမ်အောက်ကကြက်တွေက"ကတော့..ကတော့လုပ်လိုက်" ကြောင်ကိုက်သံတွေ၊ခွေးဟောင်သံတွေဆိုတာ
သရဲဇာတ်ကားထဲမှာ ကိုယ်တိုင်၀င်ထိုင်နေရသလိုပါပဲ။
တစ်ခါတစ်ခါထထအော်တဲ့"၀က်ညီးသံတွေဆိုတာ နားယားအောင် လာကလိနေသလားပဲ။
"စံပယ်ရေ..စံပယ့်ကြောင့်ကိုယ်သည်းခံနေတာနော်.."
စံပယ့်ကိုလွမ်းနေရင်းမှ ဗိုက်ကလည်းရစ်ပြီး
နာလာသည်။
ဒီအချိန်ကြီးမှ အိမ်သာကလည်း လာတက်ချင်နေရတယ်လို့။ တကယ်ပါပဲ။
ဒုက္ခဆိုတာအစုလိုက်၊အပြုံလိုက်ကိုလာတဲ့ အမျိုးပါလား။
ညကလည်းမှောင်နေပြီး အိမ်သာကလည်း
ဘယ်မှာရှိမှန်းမသိတာကြောင့် မိုးနီကိုနှိုးရပြန်သည်။
"ဟေ့..မိုးနီ..ဟေ့.."
"ဟာ..ဘာဖြစ်ရပြန်တာလဲဗျာ.."
မိုးနီလည်းစိတ်မရှည်တော့၍ ငုတ်တုတ်ကြီးထထိုင်လာလေသည်။
ဒီလူနဲ့တော့အိပ်ကောင်းချင်းမအိပ်ရပါလား။
ငါ့ကို သူ့မိန်းမကြီးမှတ်နေသလားမသိဘူး။
"ဒီမှာဗျာ..ကျွန်တော်ဗိုက်အရမ်းနာနေလို့..
အိမ်သာကိုလိုက်ပို့စမ်းပါ.."
"လာဗျာ..လာ လာ.."
ဓာတ်မီးတစ်လတ်နှင့် မိုးနီအနောက်မှ သူလိုက်ရ လေသည်။
အိမ်သာကိုတွေ့လိုက်တယ်ဆိုရင်
"ဟာကနဲ..ဟင်ကနဲ.."ဖြစ်သွားရသည်အထိ စိတ်ညစ်သွားသည်။
အိမ်သာနဲ့အိမ်ကရန်ဖြစ်ထားလို့များ တစ်ခုနဲ့တစ်ခုအဝေးကြီးဆောက်ထားရသလားမှတ်ရတယ်။
မတော်လို့ လမ်းမှာအီးထွက်ကျရင် ဘယ့်နှယ့်
လုပ်ပါ့မလဲ။
ဒီလိုယိုင်နဲ့နေတဲ့ အိမ်သာမျိုးမှာသာတက်ရရင်
ဘယ်အချိန် အီးတွင်းထဲကိုပြုတ်ကျပြီး
သေပွဲ၀င်နေမလဲမသိဘူး။ခက်တော့ ခက်နေပြီ။
အိမ်သာကသိပ်အစိုးရမဲ့ပုံမပေါ်ဘူး။
သေခါနီးအဖိုးကြီးထက်တောင် အားနည်းနေသလားမှတ်ရတယ်။
နာဂစ်ဖြစ်တုန်းက ယိုင်သွားလို့များအခုထိ
ပြန်မဆောက်ပဲထားတာလားမသိပါဘူး။
"ဘာလဲ..အိမ်သာမကောင်းလို့လား..
ကျွန်တော်တို့ကတော့. အိမ်သာကိုသိပ်မသုံးဘူး..
ဟောဟိုကခြုံတွေထဲကို၀င်တိုးပြီး..ကိစ္စရှင်းလိုက်တာပဲ..မြေဩဇာတောင်ဖြစ်ပါသေးတယ်.."
"အော်..အခုလိုအိမ်သာတက်နည်း ကောင်းတာလေး ညွှန်းပေးလို့ ကျေးဇူးတင်လိုက်တာ အသားကုန်ပဲ.."
တမင် အမြင်ကပ်လို့ ရွှဲ့ပြောပစ်လိုက်သည်။
ချုံတောထဲတော့မတိုးနိုင်ပါဘူး။
တော်ကြာ ကိုယ့်အီးဗုံးကိုယ်ပြန်မှန်ပြီး နေရာမှာတင်သတိမေ့နေမှ အရှက်ဟပ်တက်ကွဲနေပါ့မယ်လေ။အိမ်သာပေါ်ကိုမရဲတရဲတက်လိုက်ပြီး ကိစ္စအမြန်ရှင်းလိုက်သည်။ဘောင်းဘီကိုအမြန်ပြန်၀တ်ပြီး မတ်တက်ထအရပ်..
"ဂျုန်း!!!!!.."
"အမလေးဗျ!!!!!"
သူ့ဦးခေါင်းငယ်ထိပ်နဲ့ ခေါင်းမိုးတိုက်မိပြီးရုတ်တရက်အရမ်းအေးလာသလိုဖြစ်လာတာကြောင့်အပေါ်ကို ကြည့်လိုက်မိတော့ ကြယ်ရောင်စုံကောင်းကင်ကြီးကိုတောင်မြင်နေရ လေသည်။
"အဟား..ဟား..ဟိတ်လူ..ကြယ်ကြည့်ချင်ရင်လဲပြောပါဗျာ..အိမ်သာခေါင်မိုးတော့ဖောက်ပြီး
မကြည့်ပါနဲ့...လူမြင်လို့မကောင်းပါဘူး..
ဟား..ဟား.."
ရှည်လွန်းတဲ့သူ့အရပ်ကိုမေ့ပြီး ရုတ်တရက်ထရပ်လိုက်တော့ အိမ်သာခေါင်မိုးကိုတက်ဆောင့်မိသလိုဖြစ်ကာ ခေါင်းကြီးပါ အပြင်ကိုကျွံထွက်သွားရလေသည်။
ရှက်ရှက်နဲ့ မျက်နှာကြီးကို အိမ်သာကျွင်းထဲသာပစ်ချလိုက်ချင်မိသည်။
ရှက်လိုက်လေခြင်း နေဂုဏ်မာန်တစ်ယောက် အိမ်သာတက်တာ ခေါင်းမိုးပါပေါက်ရတဲ့အဖြစ်က လူကြားလို့တောင်မကောင်းဘူး။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
အခန်း(၁၇) ဆက်ရန်....
နေဂုဏ်မာန်တော့ ရွာမှာဒုက္ခတွေတွေ့နေပါပြီ...
အိမ်သာတက်ရင် သတိထားကြနော်....
၀တ္ထုအသစ်လေး ရေးနေပြီမို့ Pageမှာလည်း ပုံမှန်လေး တင်ပေးတော့မှာပါ သဲတို့ရေ ပျော်လိုက်တော့နော်...☺️

No comments:
Post a Comment