"သနပ်ခါးရနံ့လေးကြူကြူမွှေး"
"အခန်း ၁၈"
"ဟိတ်လူ!!!.."
"အောင်မလေး..!!"
အနောက်မှာ မိုးနီရောက်နေမှန်းမသိအောင်ပင်
ချောင်းလို့ကောင်းနေရာမှ လန့်ပြီးထအော်မိ
လေသည်။ကိုယ့်အသံကြီးကို စံပယ်ကြားသွားမှာစိုး၍ ပါးစပ်ကိုအမြန် ပြန်ဘရိတ်အုပ်လိုက်ရသည်။
"ခင်ဗျားလည်း...မထင်ရဘူးနော်...ဒါမျိုးတွေဝါသနာပါတယ်ထင်တယ်...."
ဒီကောင်စုတ်ကများ ငါ့ကိုဝါသနာပါသလေး၊
ဘာလေးနဲ့ ကန်ထုတ်လိုက်လို့ ချောင်းထဲကိုဂျွမ်းပြန်ကျသွားရင် မကောင်းရှိတော့မယ်။
ကိုယ့်ချစ်သူမို့လို့ ကိုယ်ချောင်းမိတာပါ။
အခြားမိန်းမဆိုရင် ယောင်လို့တောင်လှည့်ကြည့်မှာမဟုတ်ဘူး။
အင်္ဂလန်မှာဆို အတိုအပျက်တွေ၀တ်တဲ့ မိန်းကလေးတွေဆိုတာ မတွေ့ချင်မှအဆုံးပဲ။
ဒါမျိုးက သူ့လွတ်လပ်ခွင့်နဲ့သူမို့ ကိုယ်တွေကလည်း နှာအတွေးနဲ့ ရင်ခုန်စရာလို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။သို့ပေမဲ့ မွှေးကတော့မတူဘူးပေါ့။
"ဟဲ့....မိစိုး...ဒီညမြတင့်တို့အိမ်ကို သွားမှာလား..."
"မသွားလို့မဖြစ်ဘူးဟေ့....သူ့လယ်မှာ လုပ်နေရတော့ သွားရမှာပေါ့အေ..."
ထိုစဉ် ချောင်းစပ်မှာ အသံတွေဆူလာပြီးနောက်ထပ်ရေချိုးမဲ့မိန်းကလေးများရောက်လာရာ မိုးနီက ချုံအကွယ်သို့ သူ့ကို ဆွဲခေါ်ပြီး
တဏှာရူးရုပ်နဲ့ ပြုံးဖြီးကာ မျက်စပစ်လေသည်။
"အဟင်း..ရှုခင်းကောင်းကောင်းတွေ့ရင်လည်း
တစ်ယောက်ထဲမကြည့်နဲ့လေဗျာ..
ကျွန်တော်လည်းပါမှာပေါ့..ဒါမျိုးကမြို့မှာမြင်ရ
ခဲတယ်နော်..ဟီး..ဟီး.."
သွားသုံးဆယ့်နှစ်ချောင်းလုံးကို ဖော်ကာ
"ကျွန်တော်လည်းပါမယ်"ဆိုတဲ့စကားကြောင့်
သူခုဏကတွေ့ခဲ့တဲ့ စံပယ်လေးရဲ့ ပုံစံကိုသာ
ဒီကောင်တွေ့သွားရင်ဆိုသည့် သ၀န်တိုစိတ်ကကြီးစိုးလာလေသည်။
ထို့ကြောင့် မိုးနီရဲ့မျက်လုံးကြီးကိုအတင်းပြေးအုပ်ပစ်လိုက်သည်။
"ဟာ..ဟိတ်လူ..ဘာလို့မျက်လုံးကိုလာအုပ်တာလဲ
..ဒီမှာ ဘာမှမမြင်ရတော့ဘူး....ဖယ်လေဗျာ..
ကျွန်တော်လည်းကြည့်ချင်တာပေါ့လို့..."
"မရဘူး..မင်းကြည့်လို့မရဘူး..ဒါမျိုးကဘုန်းကံ
မြင့်တဲ့လူတွေပဲကြည့်သင့်တာ.."
"အော်..ပြောချင်တာက..ခင်ဗျားကဘုန်းကံ ပိုမြင့်လို့..ခင်ဗျားပဲတစ်ယောက်ထဲနှာဘူးထမယ်ပေါ့လေ
..ဖယ်စမ်းပါဗျာ..ကျွန်တော်လည်းဘုန်းကံမခေပါဘူးဗျ.."
နေဂုဏ်မာန်လည်း မိုးနီရဲ့လည်ဂုတ်ကို ညှစ်ထားပြီး မျက်လုံးတွေကို အတင်းအုပ်ထားမိပေမဲ့
သူ့မျက်လုံးတွေကတော့ ရေငုပ်နေရာမှ
ရေပေါ်သို့ ပြန်ပေါ်မလာသေးတဲ့မွှေးကိုသာ
စိုးရိမ်တကြီး ကြည့်နေမိသည်။
ဒီသူငယ်မ ရေထဲမှာကြွက်တက်နေတာလား။
ဒါမှမဟုတ် ပိုးမွှားတစ်ကောင်ကောင် ကိုက်လိုက်လို့များလား။ဒါမှမဟုတ်ရင် ခြေထောက်တွေဘာတွေ
ငုတ်ဆူးသွားလို့များလား။
စိတ်ထဲမှာစက္ကန့်တွေကိုရေတွက်နေရင်းနှင့်
မွှေးကို စိုးရိမ်နေမိတဲ့အတွေးတွေက ငယ်ထိပ်သို့တက်ဆောင့်လာရာ မသိစိတ်ဟာ ချစ်ရသူကိုအသက်မမှီမှာစိုးပြီး ရေထဲသို့ပြေးဆင်းသွားမိလေသည်။
"ဗွမ်း.."
"ဟာ..ဟိတ်လူ..ဟိတ်.."
ရုတ်တရက်ချောင်းစပ်သို့ ပြေးဆင်းသွားပြီး
ဖိနပ်တွေကို လေထဲမှာ မြှောက်တက်သွားအောင်ကန်ထုတ်ခဲ့ကာ ရေထဲသို့ဒိုင်ပင်ထိုးချသွားသည့်
နေဂုဏ်မာန်ကြောင့် မိုးနီလည်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။
"ဒီလူကွာ..ဇွတ်ပဲ..စိတ်လေးဘာလေးထိမ်းပါအုံးလား..အခန့်မသင့်ရင်..ပါးရိုက်ခံရမှာ..ဒီမြို့သားနဲ့တော့စိတ်တွေလဲလေပါတယ်....."
တစ်ဖက်တွင်တော့စံပယ်မွှေးတစ်ယောက်
ရေငုပ်နေရာမှပြန်ထလိုက်ပြီး ဘေးဘီကိုကြည့်လိုက်မိတော့ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ကိုယ်ပဲ အမြင်မှားနေတာလားဆိုပြီး မျက်နှာပေါ်မှာတင်နေတဲ့ ရေစက်တွေကိုသပ်ချလိုက်မိလည်း သူမှသူပါပဲ။
ဦးနေဂုဏ်က ရေထဲမှာမော်တော်ထက်တောင်မြန်အောင်ကူးနေလေသည်။ဘာစိတ်ကူးတွေပေါက်ပြီး
အိင်္ကျီ၀တ်လျှက်သားကြီး ရေကူးနေရတာပါလိမ့်။
ဒီလူ ရူးများသွားပြီလားမသိဘူး။
"ဟင်....ငါ့ဆီကို လာနေသလိုပဲ.....
စိတ်ထဲမှာသူမဆီကို ရေကူးလာနေတယ်ထင်ယုံရှိသေးတယ် တကယ်ကြီးအနားကိုကူးချလာပြီး
ရေထဲမှစံပယ့်ရဲ့ခန္ဓာကိုယ်ကို ပွေ့ချီလိုက်လေသည်။
"အား!!..ရှင်ဘာလုပ်တာလဲ.."
"မွှေး..ရေနစ်နေလို့ကိုယ်လာကယ်တာလေကွာ..
မွှေးအရမ်းကြောက်သွားလား....တော်သေးတာပေါ့
ကိုယ်အချိန်မှီ ကယ်နိုင်လို့....."
"သေလိုက်ပါလား..ဧရာ၀တီမြစ်ထဲမှာတောင်လက်ပစ်ကူးခဲ့တဲ့လူရှင့်..ချပေး..အခုချက်ချင်း အောက်ကို ပြန်ချပေးနော်.."
"ဟာ..ဘယ်မှာပဲလက်ပစ်ကူးခဲ့ကူးခဲ့..ရေတိမ်မှာ
နစ်ပြီး သေတဲ့ မသာတွေမှ အများကြီးပဲ.."
"ဘာကို..ရေတိမ်မှာနစ်ပြီးသေတဲ့မသာလဲ...
သေနာကြီး..စကားကို ကြည့်ပြောနော်...
ကျွန်မလုပ်ထည့်လိုက်မယ်.....ရှင်သာအဲ့ဒီမှာအတောင့်လိုက်သေမှာ..အခုချပေးလို့ဆို..
ဟိုမှာလူတွေကြည့်နေကြတယ်..မရှက်ဘူးလား..
ချပေးပါဆို.."
စံပယ့်အဖြစ်ကို ကမ်းနားမှနေ၍ ကြည့်နေကြသော မစိုးတို့အဖွဲ့မှာလည်း ပုံမှန်ဆိုရင် အော်ကြော့လန်တွေပေမဲ့ ယခုတော့ အသံတောင်မထွက်နိုင်အောင်
ကြောင်အ နေကြလေသည်။
စံပယ့်ကို ပွေ့ချီထားသူဟာ နေဂုဏ်မာန်ဖြစ်နေတာကြောင့် သူတို့အတွက် ကမ္ဘာ့အထူးဆန်းဆုံး
ပြဇာတ်ကို ကြည့်နေရသလောက်ကို ရင်ခုန်နှုန်းမြန်နေကြလေသည်။
"ဟင့်အင်း..ကိုယ်စိတ်မချဘူး..ကမ်းပေါ်အထိကိုချီသွားမှာ..."
"အီဟီး..သေနာကြီး..အင့်ဟယ်..အင့်ဟယ်"
"ဟာ....စံပယ်...မင်း...ကိုယ့်စေတနာကို မစော်ကားနဲ့နော်....အား....နာ...နာတယ်...."
"ဗွမ်း!!!...အား!!!.."
စံပယ်က ခပ်ရှက်ရှက်နှင့် သူ့ကိုကုပ်ဖဲ့ထုနှက်ပစ်လိုက်တော့ စံပယ့်ကိုရေထဲသို့ အသံမပေးပဲ
ပစ်ချလိုက်လေသည်။
ရေလယ်ခေါင်မှာမဟုတ်ပေမဲ့ ရေကသူ့အရပ်နဲ့ဆို
ပုခုံးလောက်ရှိပြီး စံပယ်အရပ်နဲ့က ခေါင်းမြုပ်သည်အထိ ဖြစ်နေတော့ ဒီတစ်ခါမှတကယ်ကို ရေနစ်
နေတော့သည်။
အကုသိုလ်ကြီး အကျိုးပေးကောင်းလို့ ရေတွေတောင် သီးကုန်သည့်အဖြစ် ရောက်ရသည်။
သို့ပေမဲ့ အချိန်မှီရပ်နိုင်လိုက်လို့ တော်သေးသည်။
ရုန်းကန်ရင်းထရပ်လိုက်မှ စံပယ်သတိထားမိသည်က ထမီ၊ထမီ...ဘယ်ပျောက်သွားတာလဲ။????
ဟာ....သေပြီ....ထမီကရေထဲမှာ ကျွတ်ကျန်ခဲ့ပြီထင်တယ်...။ဒီအတိုင်းကြီးဆို ကုန်းပေါ်ကို ဘယ်လိုပြန်တက်ရပါ့မလဲ။အရှက်တွေတော့ ဗြန်းဗြန်းကွဲတော့မှာပဲ။
စံပယ်လည်း ရေထဲမှာမသိမသာ ခေါင်းမြှုပ်ကူးရင်း ကမ်းနဲ့မနီးမဝေးမှာရှိတဲ့ လူငါးကိုယ်စာလောက်ရှိသည့် သစ်ပင်ကြီးနှင့်ကွယ်နေလိုက်ရသည်။
စိတ်တွေ ဆင်းရဲလွန်းလို့ စံပယ့်မျက်နှာကြီးက ချက်ချင်းအိုစာသွားသလိုတောင် ခံစားနေမိသည်။
ဟိုလူကြီးကတော့ စံပယ်သူ့ကိုရိုက်လိုက်လို့ စိတ်ဆိုးသွားတယ်ထင်ပါရဲ့ လူကိုနည်းနည်းလေးတောင် စောင်းမကြည့်ခဲ့ပဲ ကမ်းဆီသို့ သွားဖို့လုပ်နေလေသည်။မဖြစ်ဘူး သူသွားရင်စံပယ် ဘယ်သူ့ကိုလှမ်းပြီး အကူအညီတောင်းရပါ့မလဲ။
ကမ်းပေါ်ကမစိုးတို့ကို "ကျွန်မရဲ့ ထမီရေထဲမှာ ကျွတ်ကျသွားပြီ..."လို့ လှမ်းအော်ပြောရင်လည်း
ထရယ်ကြရင် ရှက်စရာသိပ်ကောင်းတယ်။
"ဉီးနေဂုဏ်မာန်..ဦးနေဂုဏ်လို့..ဒီမှာ.!!."
"ဘာလဲ.."
ဦးနေဂုဏ်ကြီး ခပ်ဝေးဝေးကို မရောက်ခင်မှာပဲ စံပယ်လည်း သစ်ပင်အကွယ်မှနေ၍ မသိမသာလှမ်းခေါ်လိုက်ရသည်။ကိုယ်တော်က တော်တော်စိတ်ဆိုးနေပုံရတယ်။ခုဏလို မျက်ခွက်မျိုးမဟုတ်တော့ပဲ တစ်ချိုးပြောင်းနေလေသည်။
"ကျွန်မအကူအညီတစ်ခုလောက်တောင်းချင်လို့.."
"ဘာအကူအညီလဲ..ခုဏကတော့
ကျေးဇူးမတင် ဖင်လှန်ပြပြီးတော့..အခုမှ.."
"အား..ရှင်ပေါက်ကရတွေမပြောနဲ့နော်..ဒီကနေပါးရိုက်ဖို့..လက်ကိုဒုံးကျည်တပ်ပြီး လွှတ်လိုက်မယ်သိလား.."
"အဟင်း..လွှတ်ရဲရင်..လွှတ်ကြည့်စမ်းပါ.."
"သေနာကြီး..ဒီမှာအကောင်းပြောမလို့ဟာကို..
ပါးစပ်ကနေ ပေါက်ကရလေးဆယ်က တော်တော်ထွက်တယ်...ဟို..ဝါးတံတားပေါ်ကထမီလေးကိုသွားယူပေးစမ်းပါ.."
"ထမီ..ဘာလုပ်မလို့လဲ.."
သူစဉ်းစားနေပြီးမှ သစ်ပင်နောက်မှာပုန်းနေတဲ့သူမကို သေချာလေး ပြန်ကြည့်လိုက်မိလေသည်။
ဒီလိုအချိန်ဆိုရင် သူ့အမြင်အာရုံကလည်း ကောင်းမှကောင်းပဲ။
ရေထဲကနေရေးရေးလေးမြင်နေရသလိုပဲ။
"ထမီယူခိုင်းတာဆိုတော့..ဒါဆို..သူမကအခု.."
"ဟား..ဟား..ဟား..ဟား..ဟား.."
"ရှင်..ရှင်....ရယ်နိုင်သေးတယ်ပေါ့..
အောက်ကနေခရုကို စမ်းပြီး..ပါးစပ်ထဲပစ်ထည့်လိုက်ရရင်..မကောင်းရှိတော့မယ်...သွားယူပေးစမ်းပါ မြန်မြန်....."
လေသံတိုးတိုးနှင့်ဆဲဆိုနေမှန်းသိတော့မှ ထမီကိုသွာယူပေးပြီး မျက်နှာလွှဲကာ လာပေးလေသည်။
ပြီးနောက် ရေထဲကနေပြုံးစိစိနဲ့အပေါ်ပြန်တက်သွားတဲ့သူ့ကို မျက်စောင်းပစ်ထိုးလိုက်သည်။
စံပယ် အရမ်းလည်းရှက်နေမိပါသည်။
ငိုချင်စိတ်တောင် ပေါက်လာသည်အထိပင်။
"မြင်သွားပြီလားမသိဘူး"
ကမ်းပေါ်ရောက်တော့ မစပ်စုတို့ကဟိုမေး၊ဒီမေးလုပ်ကြရာ စံပယ်ကြွက်တက်လို့ သူလာကယ်တာပါလို့ ကြည့်ကောင်းအောင်ဖြေလိုက်ရသည်။
ဒါတောင် "ဟုတ်လို့လားဟယ်....ဘာညာနဲ့..."
ယုံချင်ပုံမရကြသေးပေ။
ဒါပေမဲ့စံပယ့်လိုလူမျိုးနဲ့ ဘယ်သူကကြာကြာအထင်လွဲကြမှာလဲလေ။စံပယ်တို့ အကြောင်းကိုလည်း ထဲထဲ၀င်၀င် ဘယ်သူမှမသိကြတာကြောင့်
ယခုမှ စသိကျွမ်းကြတယ်လို့ပဲ ထင်ကြမှာပေါ့။
စံပယ်ကလည်း ဒါကျွန်မရဲ့ ရည်းစားဟောင်းပါလို့ ဘယ်သူ့ကိုမှ ကြွားလုံး မထုတ်ချင်ပါဘူးလေ။
အခုသူက ရွာကိုအလှူလုပ်ရင်း ခဏလာလည်တာဖြစ်လို့ စံပယ့်အနေနဲ့ နာမည်၀င်ယူတယ်လို့လည်း အထင်မခံချင်ဘူး။
မယုံရင်ပုံပြင်ဖြစ်သွားမှာပါလေ။
နေဂုဏ်မာန်လည်း ကုန်းပေါ်ပြန်ရောက်တော့
ရေစိုအ၀တ်များနှင့် ဒေါ်ကြည်ဝေ၏ အိမ်ဆီသို့သာ တန်းသွားလိုက်သည်။
သူမနဲ့ ရန်ဖြစ်လာခဲ့ရပေမဲ့ သူ့စိတ်ထဲမှာပျော်နေမိသလိုပဲ။
အနည်းဆုံးတော့ ကမောက်ကမ အခြေအနေတွေကြားမှာ သူမနဲ့စကားပြောခွင့်ရခဲ့လေပြီ။
မိုးနီကတော့ ပြုံးစိစိနှင့် လမ်းလျှောက်နေသူ၏အနောက်မှ တောက်လျှောက်ပြေးလိုက်လာလေသည်။
"ကိုယ့်လူ..ပါးဘယ်နှစ်ချက်လောက် အတီးခံလိုက်ရလဲ.."
"ငါးချက်လောက်ပါပဲ.."
"အားပါးပါး....အီဆလံဝေထွက်သွားမှာပဲနော်...."
ပါးကို ငါးချက်လောက် အတီးခံလိုက်ရတာတောင် ပြုံးနိုင်သေးသည့် ထိုလူကိုမိုးနီကြည့်ပြီး နားမလည်ဖြစ်နေရသည်။ဒီလူက ပါးရိုက်ခံရရင် ပျော်ပုံရတယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"မသွားချင်ဘူးလို့ဆိုနေ.."
"သွားစမ်းပါအေ..ရွာထဲကမိန်းကလေးအကုန်နီးပါး..အဲ့ဒီ့ကိုရောက်နေတဲ့ဥစ္စာ..ညည်းတစ်ယောက်ထဲကွက်ပြီးဘာဖြစ်နေတာလဲ..ငါခေါက်ထည့်လိုက်ရမလား......"
"ဟုတ်ပါတယ်စံပယ်ရယ်..ငါတို့လည်းမသွားချင်ပေမဲ့လာခေါ်ထားတော့..မကောင်းတတ်ဘူးအေ့..
လာပါဟာ.."
ကွမ်းတောင်ကိုင် မြတင့်တို့အိမ်တွင် မုန်ကြက်တိုက်တို့ မုန့်လက်ကောက်တို့စသဖြင့်မြန်မာမုန့်တွေ လုပ်စားကြမှာကြောင့်လာခေါ်နေခြင်းဖြစ်သည်။
ရွာမှာကဒီလိုပါပဲ တစ်အိမ်မှာမုန့်ကြိတ်ပြီသည်ဆိုရင် ဝိုင်းလုပ်ဝိုင်းစားလုပ်ပေးရမြဲပေ။
အခုကဟိုနေဂုဏ်မာန်ဆိုတဲ့လူကြီးကြောင့် ပျော်ပျော်ပါးပါးမုန့်လုပ်စားကြမည်တဲ့။
"အဲ့ဒါဆို..ခဏပဲနော်ကျွန်မအကြာကြီးမနေဘူး.."
"စိတ်ချပါ..ငါတို့လဲမုန့်လုပ်ပေးပြီးတာနဲ့ပြန်လာမှာ..အဲ့သားအမိရဲ့ကြွားလုံးတွေကိုမခံနိုင်ပေါင်အေ.."
စံပယ်လည်းစိတ်မပါစွာလိုက်လာခဲ့ရသည်။
မြတင့်တို့အိမ်ကခြံဝိုင်းခတ်ထားပြီး တိုက်ခံနဲ့
သစ်အိမ်ပေါင်းဆောက်ထားတဲ့ နှစ်ထပ်အိမ်ဖြစ် လေသည်။
ခြံထဲကို၀င်လိုက်တယ်ဆိုရင် လူတော်တော်များများရောက်နှင့် နေကြသည်။
ဦးနေဂုဏ်ကတော့ ကွပ်ပျစ်ပေါ်မှာထိုင်ပြီး
မြတင့်တို့သားအမိ၊သားအဖသုံးယောက်နဲ့ရယ်လို့မောလို့ ပါးစပ်ကြီးက၊နားရွက်ကိုတက်ချိပ်မိတော့မတတ် စကားတွေဖောင်ဖွဲ့နေလေသည်။
စံပယ်လည်း မမြတင့်တို့သားအမိတွေနှင့် စကားပြောနေသောသူ့ကို မျက်မှောင်ကြုံ့၍
ခဏမျှရပ်ကာ ကြည့်လိုက်ပြီး အခြားအုပ်စုတွေနဲ့ ကူလုပ်နေလိုက်သည်။
မြတင့်သည်လည်း ဆံပင်အရှည်ကြီးတွေကိုအရှေ့သို့ လွှဲချထားကာ စောင့်စောင့်လေးထိုင်၍
မုန့်လုပ်နေသည့် စံပယ့်ဘက်ကို မျက်စောင်းလှည့်ထိုးပစ်လိုက်သည်။
မစိုးတို့ဆိုတာသတင်းအဖွကောင်းတဲ့လူတွေမဟုတ်ပါလား။
အခြားသူတွေဆီမရောက်ရင်တောင် မြတင့်ရဲ့
နားထဲကိုတော့ မရောက်ရောက်အောင်လာပို့ပြီးသားပဲ။
ကိုနေဂုဏ်က စံပယ်မွှေးကိုရေနစ်လို့အသက်ကယ်လိုက်ပါတယ်တဲ့။
မိစံပယ်မ ဘာတွေစတန့်ထွင်နေတာလဲမသိဘူး။
သူ့အဖေရဲ့ အမျိုးတွေက ဧရာ၀တီမြစ်ဟိုဘက်ကမ်းမှာနေကြတဲ့အပြင် ကိုင်းအလုပ်၊ တံငါအဓိကလုပ်ကြသူတွေဆိုလည်းမမှားဘူး။
ဒီကောင်မ ငယ်ငယ်ထဲကဧရာ၀တီမြစ်ထဲမှာ
လက်ပစ်ကူးရင်းကြီးလာပြီး ဘာတဲ့ဒီချောင်းငုတ်တုတ်ကို ရေနစ်သတဲ့ ယုံချင်စရာကြီး။
သိမယ်။မြတင့်ရဲ့ အကြောင်းကို ဒင်းသိစေရမယ်။
ကိုနေဂုဏ်ကလည်း ကိုယ့်လိုအဆင့်အတန်းမျိုးနဲ့ ဟိုကဟန်လုပ်လို့လုပ်မှန်းမသိ၊မြှူဆွယ်လို့
မြှူဆွယ်မှန်းမသိပဲ သွားကယ်သတဲ့။
တကယ်ပါလေ အမြင့်မှန်းချင်တဲ့ မိန်းမတွေအကြောင်းသိအောင်တော့ ကိုနေဂုဏ်ကို သတိပေးထားရမယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"စံပယ်ရေ.."
"ရှင်..မမြတင့်..ဘာဖြစ်လို့လဲဟင်.."
"ဟိုလေ..မမမြ ခေါင်းနဲနဲမူးနေလို့..အပေါ်ထပ်က
မမမြရဲ့အခန်းထဲမှာ..ရှူဆေးဗူးလေး..သွားတက်ယူပေးပါလားကွယ်.."
"အော်..ဟုတ်..ဟုတ်ကဲ့..ကျွန်မသွားယူပေးပါ့မယ်.."
စံပယ်လည်း အိမ်အပေါ်ထပ်သို့ တက်လာပြီး
မမြတင့်ရဲ့ အခန်းထဲမှ ကုတင်ခေါင်းရင်းတွင်
တင်ထားသောရှူဆေးဗူးကိုယူကာ ပြန်ထွက်လာလိုက်သည်။
မမြတင့်ကို ရှူဆေးဗူးပေးလိုက်ပြီး မုန့်လုပ်နေသောအဖွဲ့တွေနှင့်အတူ မုန့်ကူလုပ်ပေးနေလိုက်သည်။
မုန့်တွေအားလုံး လုပ်ပြီးသွားချိန်မှာ မစိုးတို့က
ပြန်ရန်လက်တို့လေသည်။
စံပယ်ထရပ်လိုက်သည့်အချိန်မှာပဲ ဒေါ်မြဝေကအတင်းလက်ကိုလာဆွဲခေါ်လေသည်။
စံပယ်လည်းကြောင်တောင်တောင်နှင့်ပါသွားရသည့်နည်းတူ "ဘာဖြစ်တာလဲဟုဆိုကာ "
မုန့်လုပ်ပေးသူအားလုံးကပါ ဝိုင်းလာကြလေသည်။
လွန်ခဲ့တဲ့ တစ်နာရီလောက်ကတင်ရယ်မောနေတဲ့
မမြတင့်က မျက်နှာကို လက်နဲ့အုပ်ကာ ငိုယိုလို့နေလေသည်။
ဒေါ်မြဝေ၏မျက်နှာကြီးကလည်း အင်မတန်ဒေါသထွက်နေပုံပေါ်သည်။စံပယ့်ကိုလည်း မျက်မှောင်ကြီးကြုံ့ကာ စူးစူးရဲရဲနှင့် ကြည့်လာသည်။
စံပယ်ဘာအမှားလုပ်မိလို့ပါလိမ့်။
ဘာကြောင့် စံပယ့်ကို အထင်အမြင်သေးသလို အကြည့်မျိုးနဲ့ ကြည့်နေရတာလဲ။
မမြတင့်ကရော ဘာကြောင့်ငိုနေရတာလဲ။
ကိုယ့်ဘာသာ မေးခွန်းတွေ စုံနေအောင် ထုတ်၍
မဆုံးသေးခင်မှာပဲ ဒေါ်မြဝေ၏ မေးခွန်းကြောင့်
စံပယ်တင်မက အားလုံးစွံ့အသွားကြရလေသည်။
"ပြောစမ်းစံပယ်..ငါ့သမီးရဲ့ ဆွဲကြိုးကို နင်ယူထားတာမဟုတ်လား.."
"ရှင်!!ဘယ်ဆွဲကြိုးကိုပြောနေတာလဲ..စံပယ်လဲ
ဘာမှမသိရပါလား.."
"စံပယ်ရယ်..မမမြကိုပြန်ပေးပါကွယ်..စံပယ့်ကို
ဘာမှလည်း အရေးမယူပါဘူးကွယ်စိတ်ချပါ..
မမမြရဲ့ ဆွဲကြိုးကိုသာ ပြန်ပေးပါနော်..."
"ဟင်.."
"စံပယ်ရေ..ဘာဖြစ်တာလဲ..မစိုးကိုပြောစမ်းပါအုံး.."
စံပယ်ကိုယ်တိုင်တောင် တွေးယူနေရသည်။
ဘယ်ကဆွဲကြိုးကိုပြောနေတာလဲ သူတို့ကိုကြည့်ရတာ ငါကဘာမှမလုပ်ပဲနဲ့ သူခိုးဟစ်နေသလိုပဲ။
"ဟဲ့...ညည်းဘာမှ အူကြောင်ကျားပုံဖမ်းမနေနဲ့...
အခုချက်ချင်းဖြေ...ညည်းခိုးထားတဲ့ဆွဲကြိုးကို
အခုချက်ချင်းထုတ်ပေး...."
ဒေါ်မြဝေက စံပယ့်လက်ကိုကြမ်းတမ်းစွာလှုပ်ယမ်းလိုက်ရာ စံပယ်ယိုင်ကြသွားရသည်။
မစိုးနှင့်အခြားအဖွဲ့များကထိန်းထားလို့သာ
မလဲခြင်းပင်။
"ပြောစမ်း...နင်ခိုးထားတာမဟုတ်လား..ဟမ်!!"
"အန်တီမြဝေ..ကျွန်မကိုဘာတွေလာစွပ်စွဲနေတာလဲ..ကျွန်မဘာမှမယူဘူး..မတရားမစွပ်စွဲပါနဲ့..."
"အောင်မာ..သူခိုးမကများ လူပြန်ဟေ့ရတယ်လို့..
ညည်းက...ငါ့သမီးရဲ့ အခန်းထဲကို၀င်သွားပြီး
ဆွဲကြိုးခိုးနေတာကို တွေ့တဲ့လူကတွေ့တယ်ဟဲ့..
ဗြောင်လိမ်ဗြောင်စား လုပ်ဖို့မကြိုးစားနဲ့..."
"ဘာ..ဘယ်သူလဲ..တွေ့တဲ့လူကဘယ်သူလဲ..
ပြောစမ်းပါ..ကျွန်မအခုချက်ချင်း ကျိန်ပြောလို့ရတယ်...အဲ့ဒီဆွဲကြိုးကို ကျွန်မ မယူဘူး...
ကိုယ့်ပစ္စည်းမဟုတ်ရင် ကျွန်မတို့က မျက်စောင်းတောင်လှည့်မထိုးတတ်ဘူးရှင့်...."
"ဟုတ်တယ်..အန်တီမြဝေ..စံပယ့်အကြောင်းကိုမိစိုးတို့အသိဆုံး..စံပယ်က အဲ့လိုလုပ်မှာမဟုတ်ဘူး..."
"အော်..ဟော်..သူခိုးကိုဓားရိုးကမ်းတဲ့အဖွဲ့ကလဲသပ်သပ်ရှိသေးပါလား..ညည်းတို့လည်း အလိုတူအလိုပါပဲလား ဟမ်....."
"....ဒေါ်မြဝေ...စကားကို လွန်မလာနဲ့နော်....
ဒီခြံထဲကို ရှင်တို့ခေါ်လို့ ကျွန်မတို့က လာရတာလေ
...ရှင်တို့ဆီကို လာချင်လွန်းလို့မှတ်နေသလား...
အခုလည်း မဟုတ်ပဲ မတရားစွပ်စွဲနေလို့ ၀င်ပြောရတာ...."
မစိုးကလည်း နဂိုတည်းက ဆက်ဆက်ထိမခံလူဆိုတော့ သူခိုးလို့အစွပ်စွဲခံလိုက်ရတာနဲ့ ကပ်ကပ်လန်အောင် ပြန်ပြောလေတော့သည်။
ဒေါ်မြဝေကတော့ နှာခေါင်းရှုံ့ကာ မျက်နှာကိုမဲ့ရွဲ့
ပစ်လိုက်လေသည်။
"မကြိုင်ရေ...ဒီအနားကိုလာခဲ့စမ်း.....ညည်းမြင်ရတာမှန်သမျှအကုန်ပြောပြလိုက်.."
ထိုအခါမကြိုင်တင်ကပါ ရှေ့ထွက်လာပြီး စံပယ့်ကိုတည့်တည့်ကြည့်လာလေသည်။
"ဟို..မိစံပယ်က အိမ်ပေါ်ကိုပြေးတက်သွားတော့ ကျွန်မလည်းမသင်္ကာလို့လိုက်ကြည့်မိတာ..
မြတင့်ရဲ့အခန်းထဲကိုသူ၀င်သွားပြီး ဆွဲကြိုးတစ်ကုံးကိုယူလိုက်တာတွေ့တာပါပဲ.."
မကြိုင်ရဲ့ စကားကိုကြားပြီးတာနှင့် စံပယ်ဖြင့် အံ့ဩလွန်းလို့ ကိုယ့်ရင်ဘတ်ကိုယ်ပြန်ဖိထားမိသည်။သူများကို ချောက်တွန်းဖို့အတွက်
မဟုတ်တမ်းတရား စကားတွေကို သူမို့လို့ အလွယ်တကူပြောထွက်တယ်။
"မကြိုင်..ရှင်မတရား မပြောနဲ့နော်..ကျွန်မက
မမြတင့်ရဲ့ အခန်းထဲကိုသွားတာတော့မှန်တယ်...
ဒါပေမဲ့ မမြတင့်ကိုယ်တိုင်..ရူဆေးဘူးသွားယူခိုင်းလို့ သွားရတာ..မယုံရင်ပိုင်ရှင်ကိုမေးကြည့်..."
"ဟုတ်ပါတယ်..မြက..ရူဆေးဗူးယူခိုင်းလိုက်တာပါ..
ဒါပေမဲ့..ဟင့်..ဒီလိုဆွဲကြိုးကိုပါ..ယူလိမ့်မယ်လို့
ထင်မထားခဲ့မိဘူး..အဟင့်.."
မမြတင့်ရဲ့စကားအဆုံးမှာတော့အကုန်လုံးက
စံပယ့်ကိုဝိုင်းကြည့်ကုန်ကြလေသည်။
မစိုးတို့ကပါ "ဟုတ်ရဲ့လား..မဟုတ်ပါဘူး"ဖြစ်ကုန်ကြသည်။
စံပယ်ငိုချင်လာပေမဲ့ စိတ်ကိုဖိတင်းထားမိလေသည်။ဒီပွဲမှာငိုမိရင် စံပယ်ရှုံးသွားမှာပေါ့။
စံပယ်ဟာ မှားတဲ့လူမဟုတ်တဲ့အတွက် ငိုလို့မဖြစ်ဘူး။
"စံပယ်..တကယ်ပဲယူတာလား...."
"မဟုတ်လောက်ပါဘူးဟယ်...."
"မသိဘူးလေ...အခုဟာ ဟုတ်သလိုလို ဖြစ်နေပြီ..."
"မြတင့်ကလည်း သူ့ပစ္စည်းကို မပျောက်ပဲ
ပျောက်တယ်လို့ ပြောစရာအကြောင်းမှ မရှိတာ...
သူတို့က ရန်သူတွေလည်းမဟုတ်ဘူးလေ..."
အားလုံးရဲ့ပါးစပ်ဖျားမှာ စံပယ်ဟာတဖြည်းဖြည်းနဲ့ တရားခံတစ်ယောက်လို ဖြစ်လာလေသည်။
စိတ်ကို အတတ်နိုင်ဆုံး တင်းခံထားမိပေမဲ့...
ကိုယ့်ဘက်ကနေ ကူပြောပေးမဲ့သူမရှိတာကြောင့် စိတ်အားငယ်နေမိသည်။
"မဟုတ်ဘူး..ကျွန်မသူခိုးမဟုတ်ဘူး..ကျွန်မကို
အဲ့လိုလာမစွပ်စွဲနဲ့..အသက်နဲ့ရင်းပြီးကျိန်ရဲတယ်
သိလား..."
"အို..အန်တီရယ်..ခိုးလား၊မခိုးဘူးလားသိရအောင်..သူ့ခန္ဓာကိုယ်ကိုစစ်ကြည့်လိုက်ရင်သိမှာပဲ.."
"ဟုတ်တယ်..ဟုတ်တယ်..စစ်ကြည့်.."
"စစ်ကြည့်ရင်..သိမှာပဲလေ.."
တစ်ယောက်တစ်ပေါက်ပြောနေကြတဲ့အသံတွေကြားမှာ စံပယ့်ကို မြတင့်ရဲ့သူငယ်ချင်းနှစ်ယောက်ကလာချုပ်ပြီး အပေါ်အနွေးထည်အိတ်ကိုနှိုက်ကြလေသည်။
"ဟာ..ဒီမှာတွေ့ပြီ..သူကတကယ့်သူခိုးမပဲ.."
"ဟယ်..ဟုတ်ပါ့ဟယ်..သူများပစ္စည်းကိုမှ.."
"ကျွန်မ..မခိုးပါဘူး..တကယ်ပါ..ကျွန်မကိုယုံပေးကြပါ..ကျွန်မသူခိုးမဟုတ်ပါဘူး..ဒီဆွဲကြိုးက ကျွန်မအိတ်ထဲကို ဘယ်လိုရောက်လာတာလဲမသိဘူး....အဲ့လိုမကြည့်ကြပါနဲ့..ကျွန်မတကယ်မခိုးပါဘူး..."
ပတ်၀န်းကျင်တစ်ခုလုံးက စံပယ့်ကိုသူခိုးတစ်ယောက်လို ဝိုင်းလှောင်နေကြသလို ထင်နေမိသည်။
သူတို့မျက်၀န်းတွေထဲမှာ အထင်သေးမှုတွေ၊ရွံရှာမှုတွေကိုတွေ့နေရတော့ စံပယ်ပိုရင်နာမိတယ်။
တစ်သက်လုံးစောင့်ထိန်းလာခဲ့တဲ့အရှက်သိက္ခာ
တွေက တစ်ညထဲမှာပဲ ပျက်စီးသွားရပါရောလား။
မစိုးတို့ မလှရီတို့ကိုကြည့်လိုက်တော့လည်း ကူညီချင်ပေမဲ့သက်သေနဲ့တကွဆိုတော့ ဘယ်လိုမှ၀င်
မပြောနိုင်ကြဘူး။
ဦးနေဂုဏ်မာန်ကိုရှာကြည့်တော့လည်း မတွေ့ဘူး။
တကယ်ပဲစံပယ့်ဘက်မှာဘယ်သူမှရှိမနေပေးပါလား။
စံပယ့်ကိုကူညီမဲ့သူတစ်ယောက်တောင်ရှိမနေဘူး။
စံပယ့်မျက်ရည်တွေလည်းထိန်းလို့မရတော့ပဲ မျက်၀န်းမှအတားအဆီးမရှိ စီးကျလာလေသည်။
စံပယ့်အဖို့ ငိုဖို့ရာပဲတတ်နိုင်ပါတယ်။
"ဟဲ့ဘာကြည့်နေကြတာလဲ..အုပ်ချုပ်ရေးမှူးဆီပို့ကြမယ်လေ..ဆွဲကြိုးပြန်တွေ့ပေမဲ့
သူခိုးမကိုဒီအတိုင်းထားလိုက်ရင် နောက်လဲ..ခိုးစ
ရှိတော့ခိုးအုံးမှာပဲ.."
"မလုပ်ကြပါနဲ့..ကျွန်မကိုအုပ်ချုပ်ရေးမှူးဆီကိုမပို့ကြပါနဲ့..ကျွန်မတကယ်မခိုးရပါဘူး...
ကျွန်မတောင်းပန်ပါတယ်..ကျွန်မတကယ်ကို..
မခိုးပါဘူးရှင်..အသက်နဲ့လဲပြီးတိုင်တည်ရဲပါတယ်..အား!!"
ဒေါ်မြဝေတို့သားအမိကို စံပယ်ဒူးထောက်မတတ်တောင်းပန်နေပေမဲ့ သူတို့ခိုင်းတဲ့ အလုပ်သမားနှစ်ယောက်က အတင်းလာဆွဲခေါ်ကြလေသည်။
စံပယ့်ဒူးခေါင်းကပွန်းသွား၍ စစ်ကနဲနာကျင်သွားပေမဲ့ စံပယ်မရပ်မနားတောင်းပန်နေဆဲပါပဲ။
အဖွားကို စံပယ့်အတွက်ကြောင့် ထိခိုက်နစ်နာရမယ့်အဖြစ်မျိုး၊မျက်နှာငယ်ရမဲ့အဖြစ်မျိုး
စံပယ်လုံး၀အဖြစ်မခံနိုင်ဘူး။
စံပယ်ဒူးထောက်ပြီးပဲတောင်းပန်ရပါစေ အဖွားအတွက်ဆိုရင်ဦး ခေါင်း တွေ စုတ် ပျ က်သွားတဲ့အထိ မြေကြီးနဲ့ခေါင်းနဲ့ တို က်ပြီးတော့ကို တောင်းပန်ရပါစေ စံပယ်လုပ်ပါမည်။
"အဲ့ဒါဘာလုပ်တာလဲ..လွှတ်စမ်း.."
"ဟင်မောင်နေဂုဏ်.."
"ဟယ်..မြို့သားက.."
စံပယ့်လက်ကိုအတင်းလာချုပ်နေတဲ့လူတွေကိုစောင့်တွန်းလိုက်ပြီး စံပယ့်ကိုသူ့နောက်မှာကွယ်စေလိုက်သည်။
သူ့ကျောပြင်ကျယ်ကြီးကိုသာ ဆိုက်ကြည့်ပြီး စံပယ်မျက်ရည်တွေမထိန်းနိုင်စွာ ငိုချလိုက်မိသည်။
သူဘယ်တွေသွားနေလို့ အခုမှရောက်လာရတာလဲ။
"ခင်ဗျားတို့..ဒါဘာလုပ်တာလဲ..ဘာဖြစ်လို့ မိန်းကလေးတစ်ယောက်ကို ဒီလိုအကြမ်းပတမ်းဆွဲလွဲနေကြတာလဲ..ဟမ်!.."
အမြဲတမ်း ရုပ်တည်ကြီးနဲ့နေတတ်တဲ့အလျှောက် ဘယ်နေရာမှာမဆို သူ့ဩဇာကလွှမ်းမိုးနေသည့်အလား တစ်ယောက်မှတုတ်တုတ်မလှုပ်ရဲကြတော့ပေ။လှုပ်လာသူမှာ မြတင့်နှင့် သူမ၏မိခင်
ဒေါ်မြဝေတို့ပင် ဖြစ်လေသည်။
"မောင်နေဂုဏ်..သူကအန်တီ့သမီးရဲ့ဆွဲကြိုးကို
ခိုးထားတဲ့သူခိုးမပါ..ဒီလိုမိန်းကလေးမျိုးကို ဘာမှကာကွယ်ပေးမနေနဲ့ ..သူ့ကိုအုပ်ကြီးဆီကိုပဲခေါ်သွားလိုက်မယ်..."
"ဟုတ်တယ်ကိုမာန်..လူသက်သေ၊ပစ္စည်းသက်သေနဲ့တကွ..အားလုံးမိထားပြီးသား..ဟုတ်တယ်မလား..
မကြိုင်.."
"ဟုတ်..ဟုတ်ပါတယ်.."
မကြိုင်ဆိုသည့် အမျိုးသမီးကို သူဆိုက်ကြည့်လိုက်သည်။သူ့ရဲ့အကြည့်တစ်ချက်ကိုတောင်မခံနိုင်တဲ့ထိုအမျိုးသမီးက ခေါင်းငုံ့သွားလေသည်။
ထိုမိန်းမရဲ့မျက်လုံးတွေက ဂဏာမငြိမ်တဲ့အပြင်နှုတ်ခမ်းကိုလည်း ခဏခဏဖိကြိတ်နေသည်။
ဒါ့ထက်ပိုသိသာနေတာက ထိုမိန်းမရဲ့လက်တွေပဲ ချွေးစေးပြန်သလိုမျိုးဖြစ်နေပြီး မသက်မသာသလိုဖြစ်နေကာ သူမရဲ့လက်တွေကိုခဏခဏပြန်ပွတ်နေသည်။
လေတစ်ဖြူးဖြူးတိုက်နေပေမဲ့ သူမရဲ့နဖူးမှာ ချွေးစေးတွေပြန်နေသည်။
အောက်စဖို့ဒ်မှာစိတ်ပညာမေဂျာကိုလည်း တက်ခဲ့သေးတဲ့သူ့အတွက် ဒီလူရဲ့လက္ခဏာတွေကသေချာပေါက် မဟုတ်တာလုပ်ထားတာပဲ။
ထိုအမျိုးသမီးကိုတည့်တည့်ဆိုက်ကြည့်ရင်း
အသံကိုတမင်ခပ်မာမာနဲ့ပြောလိုက်သည်။
"ခင်များ..ညာနေတာ!!!.."
"ရှင်..မ..မကြိုင်မညာရပါဘူးရှင်..
တ..တကယ်တွေ့ခဲ့တာပါ.."
စကားပြောတာကလည်း အမှန်သာဆိုတယ် စကားတွေကအထစ်ထစ်အငေါ့ငေါ့နှင့် အသံတွေကလည်းတုန်နေသည်။
စကားပြောနေတဲ့အချိန်မှာလည်း မြတင့်ဆိုသူကို အားကိုးသလို မျက်လုံးဝေ့ပြီးကြည့်လိုက်သေးသည်။
ပြီးတော့ ခြံ၀န်းတံခါးကိုသာလှမ်းကြည့်နေပုံထောက်ရင် စိတ်ပညာသဘောတရားအရသေချာပေါက်မဟုတ်တာလုပ်ပြီးထွက်ပြေးဖို့ကိုသာချောင်းနေတာပဲ။သူသဘောပေါက်လိုက်ပြီ။
"မှန်မှန်ပြောစမ်း..မင်းနဲ့အတူပေါင်းပြီးကြံစည်တဲ့သူကဘယ်သူလဲ..ဒီအထဲမှာပဲရှိနေတယ်..
ဟုတ်တယ်မလား..ဒီကောင်မလေးကိုတမင်ချောက်ချချင်နေတာ ဘာကြောင့်လဲ.."
"ရှင်..မဟုတ်..မဟုတ်ပါဘူးရှင်..ကျွန်မ..."
မကြိုင်ကမြတင့်ကိုပဲလာလာကြည့်နေတော့ မြတင့်တောင်စိတ်မလုံချင်ဖြစ်လာသည်။
"ဟဲ့မကြိုင်..ကိုမာန်ပြောသလို..စံပယ့်ကိုနင်သပ်သပ်အပုပ်ချတာလားဟင်..နင်မို့လို့အဲ့လိုလုပ်ရက်တယ်သိလား..သွားငါ့ခြံထဲကနေ
အခုထွက်သွား..."
"ဟဲ့ဘာဖြစ်နေကြတာလဲ.."
အိမ်သာသွားတက်ရာမှ ပြန်လာတဲ့အပျိုကြီးမရင်က မစိုးဘေးမှာလာရပ်နေလေသည်။
မစိုးလည်းအကြောင်းစုံရှင်းပြလိုက်ရာ မရင်ကမျက်လုံးပြူးပြီး စံပယ်နှင့်နေဂုဏ်မာန်ရဲ့ဘေးနားမှာသွားရပ်လိုက်လေသည်။
"ဒီကိစ္စ..အစ၊အဆုံးကို ကျွန်မသိတယ်.."
"ဟဲ့မရင်နင်က ဘာစခန်းထတာလဲ.."
မစိုးကလက်ကုပ်လိုက်ပေမဲ့ စံပယ့်ကိုချစ်တဲ့မရင်က"နင်အသာနေစမ်းပါဆိုပြီး.."ဆက်ပြောလေသည်။
"ကျွန်မ အိမ်ထဲ၀င်ပြီး ရေနွေးကြမ်းတက်ယူတဲ့အချိန်တုန်းက အိမ်ကြားထဲမှာ မြတင့်ကမကြိုင်ကိုဆွဲကြိုးတစ်ကုံးပေးနေတာတွေ့လိုက်တယ်....ကျန်တာတော့မကြားပေမဲ့ ...
သူများတွေမရိပ်မိစေနဲ့နော်လို့..မြတင့်ပြောတာတော့ကြားလိုက်တယ်....
...ရေနွေးကြမ်းပန်းကန်ယူပြီး ပြန်ထွက်လာတော့ အလုပ်ရှုပ်နေတဲ့ စံပယ်မွှေးဘေးနားကို မကြိုင်ကကပ်သွားပြီးတစ်ခုခုထည့်လိုက်တာတော့
တွေ့ပေမဲ့ ကျွန်မလည်းဒီလိုကြံစည်လိမ့်မယ်လို့
မထင်ထားခဲ့မိဘူး.."
"မရင်ရယ်..အဲ့ဒါကို ပြဿနာစဖြစ်ထဲက မပြောပဲ..
တော်ကဘယ်ချောင်မှာသွားအိပ်နေတာလဲ.."
"ဟို..ငါလည်းဗိုက်နာလို့..အိမ်သာသွားတက်တာပေါ့ဟယ်..ဒီလိုဖြစ်မယ်မှန်းသိရင်..ဇိမ်ခံပြီးအိမ်သာဘယ်တက်ပါ့မလဲ.."
"ကဲအားလုံး..ကြားတဲ့အတိုင်းပဲ ဘယ်သူကအပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတာခန့်မှန်းမိလောက်ပြီဆိုတော့..မနက်ကျမှပဲအုပ်ချုပ်ရေးမှူးနဲ့ကျွန်တော်ကိုယ်တိုင်..သွားတွေ့ပြီးအပစ်ပေးစရာရှိတာပေးခိုင်းမယ်..ကဲ..ဒီကအစ်မတို့ စံပယ်မွှေးကိုအပ်ပါတယ်..သူအရမ်းပင်ပန်းနေပြီ..အိမ်ပြန်ပို့ပေးပါအုံး..
ကျွန်တော်စိတ်ချမယ်နော်.."
မစိုးတို့ မရင်တို့လည်းစံပယ့်ကိုလာဖက်ကြကာ
အိမ်သို့ပြန်ခေါ်လာကြလေသည်။
အနောက်မှာသူနဲ့ဟိုလူတွေ ဘာဖြစ်ကျန်ခဲ့လဲဆိုတာ စံပယ်မသိနိုင်သလို သိလည်းမသိချင်တော့ပါဘူး။
အိမ်ရောက်မှ မစိုးကထူးဆန်းစွာထမေးလေသည်။
"စံပယ်..ငါမရှင်းတာရှိလို့မေးရအုံးမယ်..နင့်ကိုငါတို့က ဒီအတိုင်းလည်းအတူအိမ်ပြန်ခေါ်သွားမှာပဲကို..
ကျွန်တော်စိတ်ချမယ်နော်ဆိုတော့..စိတ်မချချင်
ချချင်နဲ့လွှတ်လိုက်တဲ့သဘောပေါ့..ဟဲ့အဲ့မြို့သားကငါတို့စံပယ်လေးကိုကြိုက်နေတာလားမသိဘူးနော်.."
မစိုးစကားကြောင့် မလှရီရော မရင်ပါတွေးကုန်ကြတော့သည်။စံပယ့်ရင်ထဲမှာတော့ ဒီနေ့အတွက်သူ့ကိုသိပ်ကျေးဇူးတင်တာပဲ ။
အကြောင်းစုံကိုသိသိချင်း အဘွားကတော့ ဟိုသားအမိကို အဆဲပေါင်းတစ်ရာနှင့် ထိုင်ပြီးမေတ္တာပို့နေတော့လေသည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
Like and share ပေးကြပါအုံးနော်
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်းငွေ့ဝေ

No comments:
Post a Comment