🌼"သနပ်ခါးရနံ့လေးကြူကြူမွှေး"🌼
🌼"အခန်း (၁၇)"
မနက်ခင်းတစ်ခုဟာ အစပြုလာလေပြီ။
နာရီပြန်လေးချက်တီးသည်နှင့် အချို့အိမ်လေးများတွင် မီးရောင်မှိန်မှိန်လေးတွေကို တွေ့လာရသည်။
ဘုန်းကြီးကျောင်းအတွက် ဆွမ်းချိုင့်ပို့ပေးရန်နှင့် လယ်ထဲဆင်းကြလျှင် စားရန်အသင့်ယူသွားဖို့ ပြင်ဆင်ကြရသလို လယ်ပိုင်ရှင်များကတော့
မိမိတို့အလုပ်သမားများကို ထမင်းကြမ်း
ကျွေးမွေးဖို့ အသီးသီး ချက်ပြုတ်ကြော်လှော်ခြင်းလုပ်ငန်းစဥ်များကို စတင်ကြလေသည်။
"ပဲပြုတ်.....ဟော့ဒီက..ပဲပြုတ်ပူပူလေး...*
ရွာထဲမှ ပဲပြုတ်သည်ဒေါ်ပုကလည်း မိုးလင်းစလေးပြုလာ၍ ညာသံပေးကာ ပဲပြုတ်လည်ရောင်းလေသည်။
ပဲပြုတ်သည်ကို စောင့်နေသူများကမူ အိမ်ရှေ့သို့ ပြေးထွက်လာကြပြီး ၀ယ်ကြလေသည်။
ထိုစဉ်မုန့်လေပွေသည်ကလည်း မိမိမုန့်များကို မနက်ခင်းတွင် လှည့်လည်ရောင်းချဖို့အတွက်
အိမ်ဘေးမီးဖိုတဲလေးတွင် ရေနံဆီမီးစာလေး
မှိန်ဖျဖျကို ထွန်း၍ တရှဲရှဲမြည်အောင် ကြော်နေ
လေသည်။
တစ်ခါတစ်လေကြပြန်ရင် သူ့ခမျာ ကလေးတွေ ဆော့၍ မုန့်လေပွေတောင်းကြီးမှောက်ပြီး အကုန်ကြေမွကာ အရင်းပြုတ်ရသည့်အချိန်လည်း ရှိလေသည်။သို့ပေမဲ့ အပို၀င်ငွေရလိုရငြား ဆက်၍လုပ်နေတာပါပဲ။
အချို့ငါးပိ၊ငန်ပြာရည်လုပ်ငန်းကို လုပ်ကိုင်သည့်သူများဟာ ညဘက် နှစ်နာရီထိုးလောက် လူခြေတိတ်သည့် အချိန်ဖြစ်သော်ငြားလည်း စီးပွားရေး လောဘနှင့် စား၀တ်နေရေးက ရှိနေလေတော့ အနားမနေကြရပေ။
ပိုက်ချ၍ပြန်လာသော အဖွဲ့က ရွာကိုနှစ်နာရီ လောက်ရောက်သည်ဆိုရင် မိသားစုတွေအပါအ၀င် ရွာထဲမှ ငါးရွေးချင်ကြသော အပျို၊အအိုနှင် ကလေးများကအစလုပ်ချင်သူများကို ခေါ်ကြရလေသည်။
ငါးစင်ရိုင်း၊ငါးခုံးမ၊ငါးဇင်စက်၊ငါးရံ့၊ငါးဖယ်အောင်း၊ငါးဖောင်ရိုး စရှိသဖြင့်ပိုက်ချ၍
ရခဲ့သမျှ ငါးများကို ရွေးကြ၊ခုတ်ကြရာတွင် မိမိတို့အိမ်စားဖို့အတွက်လည်း ဟင်းစားအဖြစ် ပုဇွန်များနှင့် ငါးနက်ပြာများကို ရွေးပြီး တစ်ယောက်ကို
သုံး၊လေးဆယ်သားလောက်ယူခွင့်ရှိကြလေသည်။
အချို့ကတော့ မိမိတို့ခုတ်လို့ရသော ငါးခေါင်းများကိုပါ ယူသွားကြပြီး အိုးထဲတွင်ဆားသိပ်နှပ်ကာ
ငါးခေါင်းငန်ပြာရည် လုပ်ကြလေသည်။
ထို့ကြောင့် ငါးရွေးကြပြီ၊ငါးခုတ်ကြပြီဆိုလျှင် အုပ်စုတွေဝိုင်းထိုင်ပြီး အလာဘ၊သလာဘတွေ
ပြောကြလွန်း၍ တဟားဟားရယ်သံတွေလည်း လွှင့်ပျံလာလေ့ရှိပါသည်။
ဤသို့ဖြင့် ရွာငယ်ကလေး၏ ရိုးရှင်းလှသော သရုပ်လက္ခာသည် စောစီးစွာ အသက်၀င်နေပြီဟု ဆိုရပေမည်။
မကြာသော အချိန်အပိုင်းအခြားလေးတစ်ခုတွင်
သူရိန်နေမင်းဟာ သစ်လွင်သောမနက်ခင်းကိုဆောင်ကျဉ်းလျှက် အရှေ့အရပ်မှ ပူပူနွေးနွေးအလင်းဓာတ်ကို ပတ်ဖြန်းလိုက်လေသည်။
ထိုစဉ် ကျောင်းစိမ်း၀တ်စုံလေးများနှင့် ကျောင်းသားကလေးများဟာ မိမိနှင့် သက်ဆိုင်ရာကျောင်းသို့ ခရီးနှင်ကြတော့သည်။
အချို့ကတော့ စက်ဘီးကလေးများနှင့်၊
အချို့ကမော်တော်နှင့် လှေနှင့်သွားကြပြီး၊
အချို့ကတော့ ခြေလျှင်လျှောက်ကြလေသည်။
လယ်ထဲသို့ နေမထွက်ခင်ကမှ ဆင်းနှင့်ကြသူများ
ရှိပေမဲ့ စံပယ်ကတော့ ဒီနေ့မှာအနားယူချင်၍
အဖွားနှင့်သာ ဆွမ်းချိုင့်ပို့သို့ လိုက်ခဲ့လေသည်။
သစ်ရွက်နုတွေကြားမှာ နေရောင်ဖျော့ဖျော့လေးတွေကတကယ်ကိုကဗျာဆန်လွန်းလှပါသည်။
စံပယ်နဲ့အဖွားကတော့ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့ရန် ကျောင်းပေါ်သို့တက်လိုက်ကြသည်။ကျောင်းကြီးကနှစ်ထပ်ဆောင်ဖြစ်ပြီး
သစ်သားလှေကားကြီးကအစ ရေနံချေးအ၀သုတ်ထားလေသည်။
ကျောင်းထိုင်ဘုန်းဘုန်းက စံပယ့်ကို လိမ္မာသည့်ကလေးမလေးဆိုပြီး အင်မတန်ချစ်လေသည်။
စံပယ်ကလည်း မြို့ပဲဈေးတက်၀ယ်၀ယ် ၊
ဘယ်နေရာပဲသွားသွား ဘုန်းဘုန်းအတွက်၊
ကျောင်းအတွက် လိုအပ်တာလေးတွေကို
၀ယ်ပေးတတ်သည်။
စံပယ်လည်းဘုန်းဘုန်းကို၀တ်ပြုပြီး အိမ်မှာလုပ်စရာလေးတွေ ရှိနေ၍ ခွင့်တောင်းကာ ကျောင်းအောက်သို့ ဆင်းလာခဲ့လိုက်သည်။
အဖွားကတော့ ဘုန်းဘုန်းနဲ့ စကားပြောကာ ကျန်နေခဲ့လေရဲ့။
"အမယ်လေး.."
"ရှူး..တိုးတိုး..ကိုယ်ပါမွှေး.."
"ရှင်..ရှင်..ဘာလုပ်တာလဲလွှတ်နော်.."
လှေကားခြေရင်းနောက်ကွယ်မှာပုန်းနေသည့်
ဦးနေဂုဏ်က ရုတ်တရက်ခါးကနေလှမ်းဆွဲ
လိုက်တာကြောင့် စံပယ်ရုန်း၍မရဖြစ်နေရသည်။
မျက်နှာကလည်းမချိုမချဥ်နဲ့
ဓား ပါရင် နုတ် နုတ်စင်းပစ်လိုက်ချင်သည်။
"ရှင်ဘာလုပ်တာလဲလွှတ်နော်..အပေါ်မှာအဖွားရှိတယ်...ဆင်းလာရင် တစ်မျိူးထင်နေလိမ့်မယ်
..လွှတ်.."
"ထင်လည်းဘာဖြစ်လဲ..ကိုယ်တို့ကလက်ထက်ဖို့တောင်စဉ်းစားထားတဲ့ဥစ္စာ.."
"သေလိုက်ပါလား..အဲ့မှာလဲသေလိုက်..ရှင့်လိုလူယုတ်မာ၊လူလိမ်ကောင်ကို..ကျွန်မက
တစ်သတ်လုံးလက်မထက်ဘူးမှတ်..
လွှတ်..ကျွန်မကိုအခုချက်ချင်းလွှတ်လို့....."
"ဟာ..ကိုယ်ဘယ်မှာယုတ်မာခဲ့၊လိမ်ခဲ့လို့ ဒီလိုစွတ်စွဲရတာလဲ..ကိုယ်မွှေးကိုဘယ်သူနဲ့မှမတူအောင်ကို..
ချစ်တယ်ဆိုတာမွှေးမသိဘူးလားကွာ..မွှေးအတွက်ဆိုရင် ကိုယ်အများကြီးအလျှော့ပေးခဲ့တယ်..
မွှေးရဲ့ဆန္ဒတွေကို ကိုယ်အမြဲဂရုစိုက်ပေးခဲ့တယ်လေ.... "
"အပိုတွေပြောမနေပါနဲ့..ရှင့်ရဲ့အချစ်ဆိုတာကြီးကို
ဒီကသိပ်ကိုကြောက်ပါသတဲ့ရှင်..ရှင့်ကိုလဲ
ကျွန်မရဲ့ စိတ်ထဲကနေထုတ်ပစ်လိုက်တာကြာပြီ..
သိရဲ့လား....ရှင့်ကိုကျွန် ထပ်မယုံတော့ဘူး...
ကျွန်မ..သေချာစဉ်းစားခဲ့ပြီးပြီ...ရှင့်ဆီကိုဘယ်တော့မှ ပြန်မလာတော့ဘူး..."
အတင်းရုန်းနေတဲ့ကြားက ပိုတိုးလို့ဖက်လာတာကြောင့်စံပယ်အသက်ရှူတောင်ကြပ်ချင်လာသည်။သူ့နဖူးနှင့်စံပယ့်နဖူးကိုပူးကပ်လိုက်ပြီး တိုးညှင်းစွာ အပ်ကွဲသံကြီးနဲ့ပြောလာသည်က..
"စံပယ်ဟာဒီကမ္ဘာတစ်ခုလုံးမှာ ကိုယ့်အတွက်အရေးကြီးဆုံး ပန်းလေးတစ်ပွင့်ပဲ သိရဲ့လား
ကိုယ့်ဘ၀မှာ မာမီပြီးရင် ကိုယ်မြတ်နိုးတန်ဖိုး
အထားရဆုံးက စံပယ်ပဲရှိတာပါ..စံပယ်ကိုယ့်ကို ပစ်ထားခဲ့တဲ့အချိန်တွေမှာ ကိုယ်ဘယ်လိုရှင်သန်နေခဲ့ရသလဲ စံပယ်သိရဲ့လား..ကိုယ့်ကိုသနားပါကွာနော်..."
သူ့ရဲ့ပက်ချွဲနှပ်ချွဲစကားတွေကို နားကြားပြင်းကပ်လာ၍ ပူးကပ်နေသည့်ရင်ဘတ်နှစ်ခုအကြား
လက်ကိုလျိုသွင်းလိုက်ပြီး သူ့ဗိုက်ကိုစမ်းလိုက်ကာ ဆွဲလိမ်ပစ်လိုက်သည်။
"အား..အား...အမယ်လေး..နာ..နာတယ်.."
"မှတ်ထား..အဲ့ဒါမဟုတ်မဟက်တွေလာပြောချင်အုံး....ရှင်ပြောတဲ့စကားလုံးတစ်ခုဆီတိုင်းကို
ကျွန်မလုံး၀မယုံကြည်တော့ဘူး...ရှင်းလား..."
"ဟဲ့!!ဟဲ့.....ကျောင်းအောက်မှာဘာအသံလဲ.."
အဖွားရဲ့အော်သံကြောင့်စံပယ်ထိတ်လန့်သွားရသည်။
ဒီလူနဲ့အကြောင်းကို အဖွားသိလို့မဖြစ်ဘူး။
"ဟို..ဘာမှမဟုတ်ပါဘူး..ဒီမှာဖားတစ်ကောင်
တစ်ဂွမ် ဂွမ်နဲ့အော်နေလို့..ပါးစပ်ပိတ်အောင်ဗိုက်ကိုလိမ်ဆွဲလိုက်တာအဖွားရဲ့..ဘာမှမဟုတ်ဘူးနော်.."
"အမယ်လေး...မိစံပယ်ရေ...ပြောတော့လုပ်စရာရှိတာ သွားလုပ်မလို့ဆို...သာအေး ခွဲထားခဲ့တဲ့ထင်းတွေကို မီးဖိုထဲမှာ သွားပုံချေလေ....ညည်းနယ်...
ဖားနဲ့မှ ရန်ပတ်ဖြစ်နေရတယ်လို့...ခဏနေ ငါပြန်လာခဲ့မယ်...."
"ဟုတ်ကဲ့ပါ...အဖွားရဲ့ သမီးသွားပါပြီ...."
စံပယ်လည်း အဖွားကိုလှမ်းအော်ဖြေလိုက်ပြီးနောက် သူ့ကိုမျက်စောင်းလှမ်းချိတ်လိုက်သည်။
ပြီးနောက် အမြန်ပြန်လှည့်ထွက်လိုက်တော့
သူကအရှေ့မှ အပြေးတားပြန်သည်။
သူ့ကိုမော့ကြည့်လိုက်တော့သနားစရာမျက်နှာထားနဲ့ လာကြည့်နေပြန်တယ်။စံပယ်ကတော့ မသနားနိုင်ပါဘူး။တမင်ဟန်လုပ်နေတယ်ပဲ ထင်တယ်။
"ကိုယ့်အချစ်ကိုယုံပါကွာ..စံပယ့်ကိုဘယ်လိုသက်သေပြရမလဲ ကိုယ့်ကိုကြိုက်သလိုစမ်းသပ်ပါ..ကိုယ့်ဒီနေရာအထိတောင် ရောက်လာခဲ့ပြီးပြီပဲ
လုံး၀လက်မလျှော့နိုင်ဘူး..."
"ရှင်သိပ်ကိုသက်သေပြချင်နေတယ်ပေါ့ဟုတ်လား..
ကောင်းပြီ..အဲ့ဒါဆိုရင် ကောက်စိုက်၊ပျိုးနှုတ်ကအစ တောမှာရှိတဲ့ ပင်ပန်းတဲ့အလုပ်မှန်သမျှ
လိုက်လုပ်..ရှင်ဘယ်လောက်အထိအပင်ပန်းခံနိုင်
မလဲစောင့်ကြည့်မယ်..ကျွန်မကျေနပ်ပြီဆိုမှရှင့်ကိုစဉ်းစားပေးမယ်..အရှေ့ကနေဖယ်.."
သူ့ပုခုံးကိုတိုက်ပြီး ကျောင်းထဲမှထွက်လာလိုက်သည်။စံပယ်သိတာပေါ့ သူကငယ်ငယ်ထဲကရွှေပေါ်မြတင်နေလာခဲ့တဲ့လူပဲ။
ဘယ်လောက်တော်ပြီးထက်မြက်တယ်ပြောပြော ၊ဘယ်လောက်အထိ နေ့မနား၊ညမနား အလုပ်လုပ်နိုင်တဲ့ သူဌေးလို့ဆိုဆို ဦးနှောက်စားတဲ့အလုပ်ကိုပဲ သူလုပ်နိုင်မှာပါလေ။
စံပယ်တို့တောသားတွေလို ကျောပူခံပြီးနေပူထဲမှာကြမ်းကြမ်းတမ်းတမ်း အလုပ်လုပ်နိုင်မှာမဟုတ်သလို မြှော့၊ဖြုတ်အတွယ်ခံပြီးလည်း
မိုးထဲ၊လေထဲမှာကောက်စိုက်နိုင်မယ် မထင်ပါဘူး။
တစ်တင်းခွဲ စပါးတစ်အိတ်တောင်သယ်နိုင်မဲ့ပုံမပေါ်ဘူး။
စံပယ်ဆိုတာလေ ဟင်ဆိုရင်ဘုရင့်အမိန့်လည်းလှည့်မကြည့်တတ်ဘူးရှင့်သိရဲ့လား။
🌼🌼🌼🌼🌼🌼🌼🌼
အချိန်အားဖြင့် နေ့လည်ဆယ်နာရီလောက်ပင်ရှိပါတော့မည်။
မစိုးက အကြွေးတောင်းရန်ဟုဆိုကာအဖော်ခေါ်သဖြင့် မလှရီနှင့်စံပယ်တို့ ပွတ်စလီရွာ ဟိုဖက်ကမ်းသို့ တံတားကူးပြီးသွားကြရလေသည်။
ဟိုအရင်ကတော့ ချောင်းကိုကူးရသော တံတားလေးဟာ ဝါးတံတားဖြစ်ပြီး စံပယ့်ဖြင့် ရေကူးတတ်သူပေမဲ့ အိပဲအိပဲ့ဖြစ်နေတဲ့ တံတားကိုခပ်ကြောက်ကြောက်နဲ့ ကူးခဲ့ရသည်။
မတော်လို့ ကိုယ်ပြုတ်ကျတဲ့အချိန်က လှေတို့၊မော်တော်တို့ ဖြတ်မောင်းသွားတဲ့အချိန်ဖြစ်နေရင် ဘယ်နှယ့်လုပ်ပါ့မလဲလို့ တွေးပူမိတာမျိုးပေါ့။
အခုတော့လည်း ဒီ၀ဋ်ကနေကျွတ်ပါပြီလေ။
ရန်ကုန်က အလှူရှင်ရယ် ရွာသားတွေရဲ့စုပေါင်းမတည်မှုနဲ့ပေါင်းပြီး ခိုင်ခန့်သော တံတားလေးကို ဆောက်နိုင်ခဲ့လေပြီ။
"ဒေါ်ချစ်ရေ...ဗျို့ဒေါ်ချစ်...."
"ဟဲ့....မချစ်မရှိဘူး...ဟိုဘက်ပိုင်းကို ခဏသွားတယ်...."
ဘေးအိမ်က ဒေါ်တင်မိဟာ သူ့သမီးကို အိမ်ရှေ့အပေါက်၀၌ ကျကျနန သန်းထိုင်ရှာပေးနေရင်းမှ စံပယ်တို့ကို သတင်းလှမ်းပါးလေသည်။
မစိုးလည်း အကြွေးလာတောင်းသည့်နေ့တိုင်း
ပျောက်ပျောက်နေသည့် ဒေါ်ချစ်ကြောင့် အင်မတန်စိတ်တိုနေလေသည်။
ဟုတ်လည်းဟုတ်တာပဲ။ဒင်းတို့က ယူတုန်းကတော့ ဟိုနေ့ဆပ်မယ်၊ဒီနေ့ဆပ်မယ်လို့ ပြောပြီး
လာတောင်းရင် လူမရှိရတာနဲ့ ယောက်ျားပြန်မလာသေးရတာနဲ့ ၊နေ့စားခ မထုတ်ရသေးတာနဲ့ အကြောင်းပြချက်တွေကို စုံနေတာပါပဲ။
သူတို့ကိုလည်း အပြစ်ပြောလို့ဘယ်ရပါ့မလဲလေ။
တစ်ချို့ကြ ရှိရဲ့သားနဲ့မဆပ်တာမျိုးပေမဲ့၊
တစ်ချို့ကြတော့လည်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ဘ၀တွေဖြစ်တဲ့အပြင် သားသမီးအဖို့၊အိမ်ဖို့၊ဆေးဖိုးဝါးခအဖို့ဆိုသည့် အပေါက်တွေကို
လှည့်ဆို့နေရတာနဲ့ ရတဲ့လုပ်ခ တစ်ပဲခြောက်ပြားက
ဘယ်ကာမိကြပါ့မလဲ။
တကယ်ကို ရှင်သန်ရခက်ခဲတဲ့ ဘ၀တွေပါလေ။
ဒါကြောင့်လည်း တောကလူတွေမြို့တက်ကုန်ကြတာပေါ့။
"စံပယ်ရေ...ငါတို့ဘယ်လိုလုပ်မလဲ...."
"ပြန်ရုံပဲ ရှိတာပေါ့...."
"ဟဲ့...ဟဲ့...မချစ်မရှိပေမဲ့....ဟိုမှာ မချစ်ရဲ့သား ဂေါ်လီလုံး လှိမ့်နေတယ်လေ....ဟဲ့ထူးချစ်...."
ဒေါ်တင်မိက ရွာထိပ်ကနေအော်လျှင် ရွာဖျားကနေကြားရလောက်သော အသံကြီးနဲ့ ဂေါ်လီလုံးလှိမ့်နေသော ဒေါ်ချစ်ရဲ့သားကို လှမ်းခေါ်လိုက်လေသည်။
ဒေါ်ချစ်ရဲ့သားကလည်း သူ့အမေဒေါ်ချစ်လိုပါပဲ
ပိန်ပိန်၊သေးသေး သွားခေါခေါလေး။
"ဘာလဲဗျ...."
"ဟဲ့ နင့်အမေကို ဟိုဘက်ပိုင်းမှာ သွားခေါ်စမ်း...
မစိုးတို့ရောက်နေတယ်လို့...."
"ဟာဗျာ...ဂေါ်လီလုံးလှိမ့်နေပါတယ်ဆို...
မအားဘူး..."
"အောင်မာ...ဒီငနာလေး...ငါကျွေးလိုက်ရရင်တော့
ငါ့သမီးရဲ့ ခေါင်းကသန်းတွေ နင့်ပါးစပ်ထဲကို အတောင့်လိုက်၀င်သွားတော့မှာပဲ...."
"ဟာဗျာ...."
"ဟာဗျာ...လုပ်မနေနဲ့...သွားခေါ်....သွား..."
"ပြီးရော...."
ဒီလိုနဲ့ မစိုး၊စံပယ်နဲ့ မလှရီတို့သုံးယောက်သား
ဒေါ်ချစ်တို့ အိမ်ရဲ့ဖိနပ်ချွတ်လေးမှာ ဖုန်ခါပြီးထိုင်စောင့်နေမိကြလေသည်။
စံပယ်တို့စောင့်တာ နာရီ၀က်နီးပါးရှိလာပေမဲ့
ဒေါ်ချစ်တင်မက သူ့သားပါ ပေါ်မလာတော့ပေ။
သေချာပါတယ် နှစ်ကောင်လုံး ကျွင်းတူးပြီး
ပုန်းနေလောက်ပြီ။
"တောက်!!!!!ဒီမိန်းမကြီး သူများအကြွေးကို
ယူတုန်းကယူပြီး အခုကြ ပေါ်ကိုမလာတော့ဘူး...
နေအုံး မနက်ဖြန်ကြမှ သူ့ယောက်ျားလယ်ထဲကို
မဆင်းခင် စောစောလာတောင်းမယ် ကြည့်နေ...."
ဒီလိုနဲ့ ပိုက်ဆံမရပဲခြေထောက်သာညောင်း၍ပြန်လာရပါတော့တယ်။
"ဟဲ့..ဟဲ့..စံပယ်တို့..မစိုးတို့..ဟိုမှာကြည့်စမ်း.."
"ဟင်..ဘယ်မှာလည်း..ပိုက်ဆံတွေ့လို့လား.."
အရေးထဲချစ်တီးမ မစိုးဟာ လမ်းပေါ်မှပိုက်ဆံကိုအတင်းကုန်းရုန်းရှာနေလေရဲ့။
မလှရီလည်းစိတ်မရှည်ဖြစ်ပြီး မစိုးရဲ့
ကျောကုန်းကြီးကို "ဘုန်း"ကနဲမြည်အောင် ပိတ်ကာတီးပစ်လိုက်လေသည်။
မစိုးခမျာ ကျောတောင်ကော့ထွက်သွားရသည်။
"ဟဲ့လှရီမ...နင်ပဲကြည့်ဆိုလို့ကြည့်တာလေဟယ်..
သေနာမကြီး ဘာလို့လာရိုက်တာလဲ..အား..
ကျွတ်..ကျွတ်.."
"ချစ်တီးစုတ်မ..ငါပြတာဟိုကိုဟဲ့..ကိုအေးတို့အိမ်ကို..အိမ်ရှေ့မှာဘယ်သူတွေရောက်နေလဲ
တွေ့လား.."
မလှရီက မဲ့ကာရွဲ့ကာနှင့် မျက်စပစ်ပြတော့
မစိုးကလည်း ပြူးပြဲကြည့်လေသည်။အတိုင်အဖောက်ကို ညီနေတာပါပဲ။
"အဲတော့..မတွေ့စဖူး အတွေ့ထူးလို့..ကိုအေးတို့အိမ်ရှေ့မှာ မကြီးကျယ် ဒေါ်မြတင့်တို့ပါလား..
ဘာခိုးမလို့ချောင်းနေတာလဲမသိဘူး.."
ထိုအခါမလှရီက မစိုးကိုတံတောင်နဲ့တို့လိုက်ပြီးအကျယ်ကြီးအသံလွှင့်လိုက်သည်က..
"လူခိုးမလို့ပေါ့ဟဲ့..ဒီဘက်ပိုင်းကို နှာဘူးလာထဖို့ကလွှဲပြီးဘာအကြောင်းရှိမှာမို့လဲ.."
"အယ်..သူများအတင်းတုပ်ရင်လည်းတိုးတိုးတုပ်ကြပါရှင်..ဒေါ်ကြည်ဝေတို့အိမ်မှာ စပါးသွားထည့်
ရအုံးမယ်..မြန်မြန်လာကြ.."
စံပယ်တို့သုံးယောက်က ကိုအေးတို့အိမ်အရှေ့မှ
အဖြတ် မြတင့်တို့အဖွဲ့ကလည်း ကိုအေးတို့ခြံဝိုင်းကအထွက်နှင့်ဆုံမိကြရာ ခုဏကအတင်းတုတ်ကြတဲ့မလှရီနှင့် မစိုးကပဲ ဟန်လုပ်အပြုံးနဲ့ပြုံးပြ
နှုတ်ဆတ်လေသည်။
"ဟယ်မြတင့်တို့..ကိုအေးဆီလာတာလား.."
"အို..ကျွန်မက ကိုအေးဆီဘာလာလုပ်ရမှာလဲ..
ရန်ကုန်ကဧည့်သည်ကို အိမ်မှာ၀က်တစ်ကောင်လုံးပေါ်လို့..ထမင်းစားလာဖိတ်တာရှင့်..."
မမြတင့်ဆိုသည်ကလည်း ရှိတာအကုန်ကြွားတတ်
သူမို့ မျက်နှာကို ချီပြီး ကြွားလုံးကစလာလေသည်။
တကယ်ပါ သူ့အိမ်ကအိုးထဲမှာ ဆန်ဘယ်နှစ်စိ
ရှိတယ်ကအစ ကြွားတဲ့ဟာတွေ။
"အော်..မြတင့်တို့ အိမ်မှာမွေးထားတဲ့ ၀က်တွေတော့သနားပါတယ်နော်..ဟိုတစ်လောကပဲကျောင်းဆရာကို၀င်းကို ထမင်းစားဖိတ်ဖို့အတွက်
တစ်ကောင်ပေါ်လိုက်တယ်ဆို..အခုတစ်ကောင်ပေါ်ပြန်ပြီ..ပေါ်...ပေါ်နိုင်လွန်းတယ်အေ...
မြတင့်တို့အိမ်က ၀က်တွေတော့ နေ့တိုင်းဘုရားတနေရမှာပဲ..သနားပါတယ်..."
"အဲ့ဒါဘာဖြစ်လဲ ကိုယ့်အိမ်က၀က် ကိုယ်ပေါ်စားတာပဲဟာ.."
"ဖြစ်တာပေါ့ မြတင့်ရယ် နင်တို့အိမ်က
၀က်တစ်ကောင်ပေါ်တိုင်း ငါ့ကိုတစ်ခါလာလာခြောက်တယ်ဟဲ့..ဟိုတစ်လောကလေ ငါ့ကိုအိပ်မက်ထဲမှာ မြတင့်တို့အိမ်က၀က်အဖြူလေးကအိပ်မက်ပေးတယ်သိလား..
ဒီအိမ်မှာဆက်နေရင်...ဘူးသီးနဲ့ရောပြီးအချက်ခံရမှာကြောက်လို့..ကယ်ပါအုံးတဲ့..
မစိုးကလည်းပြောလိုက်ပါတယ်..
ဘူးသီးနဲ့ချက်တာကသူတို့ဝါသနာပါလို့..
ဟို..အိပ်မက်ထဲမှာပါနော်.."
မစိုးဟူသည်မှာ မျက်နှာအတွန့်အကွန့်အမူအရာတွေနှင့် ပြောနေသည်များ သူတကယ်အခြောက်ခံရသည့်နှယ်။တကယ်က နှာဘူးထတယ်ကို တမင်
ဘူးသီးလို့ ရွဲ့ပြောနေတာ စံပယ်မသိရင်ခက်မယ်။
"ဟယ်..မစိုး...ရှင်အနှောင့်အသွား မလွတ်တဲ့စကားတွေမပြောနဲ့နော်..မြတင့်တို့ကစေတနာနဲ့ပါ.."
"အေးလေ အဲ့စေတနာကို... ဒီ၀က်တွေကိုက
နားမလည်တာ သိလား.."
"တော်ပြီ..ရှင့်တို့လိုလူတွေနဲ့စကားတုမပြောချင်ဘူး.."
မမြတင့်က မတူသလိုမတန်သလို နှာခေါင်းရှံ့ကာ
ခြေဆောင့်၍ထွက်သွားလေသည်။
အမှန်တော့သူမနာမည်က မြတင့်တင့်ဝေဖြစ်ပြီး
ရွာနှစ်ရွာရဲ့အချမ်းသာဆုံးဒေါ်မြဝေနဲ့ ဦးထွန်းတင့်တို့ရဲ့သမီးပေါ့။
အသားခပ်ညိုညိုနှင့် ရုပ်ရည်ချောမောသူမို့
ရွာ့ကွမ်းတောင်ကိုင်ဘွဲ့ထူးကိုရထားသည်လေ။
အကြွားသန်လွန်းပြီး ဂုဏ်မောက်လွန်းတဲ့သူတို့သားအမိကိုတော်တော်များများက မျက်စိဆံပင်မွှေးဆူးနေကြတာမဆန်းပါဘူး။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"မောင်နေဂုဏ်မာန်..စားနော်..ဘာမှအားမနာနဲ့..
အဒေါ့်နာမည်ကကြည်ဝေတဲ့..ကိုအေးရဲ့အစ်မ မိုးနီနဲ့ဆိုအဒေါ်အရင်းပေါ့ကွယ်.."
"ဟုတ်ကဲ့ ကျွန်တော်မှတ်ထားပါ့မယ်.."
မိုးနီရဲ့အဒေါ် ဒေါ်ကြည်ဝေဆိုသူက အုန်းပင်စု
ရွာတွင်နေသူဖြစ်ကာ သဘောမနောကောင်းသူ
တစ်ယောက်ဟု သူမှတ်ချက်ချမိသည်။
ရှိသမျှ မုန့်မျိုးစုံကိုလည်းချကျွေးနေ၍ သူ့မှာအားနာနေရသည်။
တကယ့် တကယ်မှာတော့ ဒီရွာကလူတွေဟာ အင်မတန်ခင်စရာကောင်းကြသည်။
အဒေါ်ကြီးတွေက စကားပြောရင် အသံကျယ်ကျယ်ပြောတတ်ကြတာက လွဲလို့ ဘွင်းဘွင်းရှင်းရှင်းနဲ့ သဘောမနောကောင်းကြပြီး
ဟန်မဆောင်တတ်ကြပေ။
ဟာသဉာဏ်လည်း အရမ်းရွှင်ကြတယ်။
ဘာလေးပဲပြောပြော သူတို့ရဲ့ပါးစပ်ကနေ
ထွက်လိုက်ရင် ရယ်စရာကို ကောင်းနေတာ။
ဒါကလည်း စိတ်ခံရိုးရှင်းကြလို့ နေမှာပါလေ။
"မောင်နေဂုဏ်...စားနော်....အားမနာနဲ့သိလား....
ဒါက အန်တီကိုယ်တိုင်ကြော်ထားတဲ့ မုန့်ဆီကြော်လေ..."
"အော်...ဟုတ်ကဲ့..."
မစားပဲ အလှထိုင်ကြည့်နေရင် အဒေါ်ကြီးကို အားနာစရာဖြစ်နေတာကြောင့် သူလည်း မုန့်ဆီကြော်တစ်ခုကို ပန်းကန်ထဲမှ ယူစားလိုက်သည်။
မြန်မာလက်လုပ်မုန့်တွေကို ငယ်ငယ်တည်းက သိပ်စားလေ့
မရှိတာကြောင့် မုန့်ဆီကြော်ရဲ့အရသာက
သူ့အတွက်ထူးခြားနေသည်။
အလည်က နဲနဲပျော့ပေမဲ့ အနားသတ်လေးတွေက ကျွတ်ကျွတ်ရွရွလေးတွေဖြစ်လို့ ဝါးလို့ကောင်းသည်။
နှမ်းလေးတွေပါ ကပ်နေပြီး ထန်းလျှက်ရောထားပုံရတယ် ။အရသာကချိုချိုလေးဖြစ်နေသည်။
ပါးစပ်ထဲမှာ အရသာတွေ့မိတာကြောင့်
သူတစ်ခုလုံးကုန်အောင် စားပစ်လိုက်သည်။
"ဒုန်း..ဒုန်း..ဒုန်း..ဒုန်း"
"ဒေါ်လေး..နောက်ဖေးမှာ ထော်လာဂျီသံကြားတယ်.."
"အေး..အဲ့ဒါမောင်အေးတို့ စပါးသယ်လာတဲ့အသံလေ...ရွာဖျားကလယ်ကနေ ဟိုတစ်နေ့ကပဲ ရိတ်ပြီးလှမ်းထားတာတွေလေ......ကိစ္စမရှိပါဘူး..
နောက်ဖေးမှာ စပါးထည့်နေတဲ့အလုပ်သမားတွေ
ရှိတယ်..သူတို့ကူသယ်လိမ့်မယ်..."
"ကျွန်တော်လည်းသွားကူလိုက်အုံးမယ်ဗျာ..
ကိုနေဂုဏ် လိုက်ကြည့်အုံးမလား.."
"အင်းလေ..သွားကြည့်ကြတာပေါ့.."
နေဂုဏ်မာန်လည်း တောနေအလုပ်သမားတွေရဲ့ အလုပ်လုပ်ပုံကို အနီးကပ်ကြည့်ချင်တာကြောင့် လိုက်သွားမိလေသည်။
စံပါးပုံကြီးဘေးမှာ လက်ရှည်အိင်္ကျီတွေ၀တ်ထားသော အလုပ်သမားတွေက စပါးကို ဂုန်နီအိတ်ထဲသို့ ထည့်ပြီး အခြားဘက်မှာ စီကာထောင်နေကြလေသည်။
လမ်းလျှောက်ရင်းနှင့် နေရိပ်ထဲမှာတောင်ဘာကြောင့် လက်ရှည်အိင်္ကျီတွေ၀တ်ထားကြသလဲလို့ မိုးနီကိုမေးလိုက်တော့စပါးအမှုန်တွေကပ်ရင် အသားတွေအရမ်းယားတာကြောင့်တဲ့လေ။
မိုးနီနောက်ကိုလိုက်လာမိတာမှန်သွားသော
ကြောင့်သူကြိတ်ပျော်မိလေသည်။
အကြောင်းကတော့စံပါးထည့်နေတဲ့အဖွဲ့ထဲမှာ
သူ့ရဲ့မွှေးလေးလည်း ပါနေသည်ကိုး။
ထော်လာဂျီရပ်လိုက်သည်နှင့် မွှေးတို့အဖွဲ့ကလည်း လုပ်လက်စတွေကို ခဏချပြီး စပါးအိတ်ထမ်းရန် ထော်လာဂျီဘေးမှာသွားရပ်ကြလေသည်။
အပေါ်ကလူက သူမလေးရဲ့ပုခုံးပေါ်ကို ဆန်အိတ်အလေးကြီးအား ပင့်တင်လိုက်တယ်ဆိုရင်
သူမရဲ့ပုခုံးလေး အရမ်းနာ၊အရမ်းလေးနေမှာပဲလို့ သူတွေးနေမိသည်။
သူ့မွှေးလို ဖြူဖြူဥဥလေးက ဒီလိုစပါးအိတ်ကို ထမ်းနေတာ သူလုံး၀မကြည့်ရက်တော့ပေ။
ထို့ကြောင့် ချက်ချင်းပဲ မိုးနီကိုဖြတ်ကျော်ပြီး
မွှေးရဲ့အရှေ့မှာရပ်လိုက်မိလေသည်။
"မွှေး..အဲ..မစံပယ်..ကျွန်တော့်ကိုဒီစပါးအိတ်ပေးပါ..ကျွန်တော်ထမ်းပေးပါ့မယ်.."
"ဟယ်မြို့သား မဖြစ်ပါဘူးရှင်.."
"ဟုတ်ပါတယ်.."
"မလုပ်ပါနဲ့..ဧည့်သည်ပဲဟာ အေးဆေးနားပါ.."
ဒီလူကြီးရဲ့ပါးစပ်မှထမ်းပေးမယ်လို့လေးပဲ
ပြောရသေးတယ်။ ရှေ့နေလိုက်တဲ့သူတွေကပုံလို့ပင်။အေးလေ မြို့သား၊သူဌေးဖြစ်တဲ့အပြင်
ရွာအတွက်လည်း ကုသိုလ်အရေးမှာ ရှယ်အမ်းထားလေတော့ အကုန်လုံးက သဲသဲလှုပ်နေကြတာ
မဆန်းပါဘူး။
စပါးအိတ်တစ်ခါမှ မထမ်းဖူးတဲ့လူက တကယ်ထမ်းနိုင်တဲ့ ပုံစံဖမ်းပြနေတော့ အခက်သားပင်။
ဗလတောင့်တယ်ဆိုပေမဲ့ ကျင့်သားမရသေးရင်
သုံးရက်လောက်က ကြွက်သားတွေနာနေမှာ သေချာတယ်။
စံပယ်တစ်ယောက်ထဲလူဆိုးအဖြစ်မခံနိုင်တဲ့အတွက် သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်
ဖြီးပြလိုက်သည်။
"မလုပ်ပါနဲ့မြို့သားရယ်..ဒါစံပယ်တို့လုပ်နေကျအလုပ်ပါ..ရှင်ကဗလတောင့်တယ်ဆိုပေမဲ့..ထမ်းနေကြမဟုတ်ရင်..ကြွက်သားတွေနာလိမ့်မယ်..
စန္ဒရားပဲတီးပါ..အိုးစည်ပြောင်းမတီးချင်ပါနဲ့ရှင်.."
စံပယ်လည်း တမင်ရွဲ့ပြောပစ်လိုက်သည်။
ဟုတ်လည်းဟုတ်ပါတယ်။
သူ့လိုလူကဒီလိုအပင်ပန်းခံနိုင်မှာမဟုတ်ပါဘူး။
စပါးနှစ်အိတ်လောက်ထမ်းရုံနှင့် အသက်ထွက်အောင်မောနေမှာ သေချာတယ်။
စံပယ့်အဖို့တော့ လူကောင်သေးပေမဲ့ဆယ်ကျော်သက်အရွယ်ကဆို ရွာဖျားကနေ
အဖွားအိမ်အထိတောင် ဆန်အိတ်တွေထမ်းခဲ့ဖူးတာမို့ လုပ်နေကြဖြစ်ပြီး မပြောပလောက်သည့် အလုပ်ကလေးပင်။
"ဟာ..အခုလိုပြောနေတာနဲ့တင်..မစံပယ်ထမ်းရတာအရမ်းလေးနေပါပြီ..ပေးပါဗျာ..ကျွန်တော့်ကို..
အမြန်ပေး..ကျွန်တော်ယောက်ျားပါ.."
သူ့ကိုယ်သူဇွတ်ကျားပြနေတာများ အမြင်ကပ်လိုက်တာနော် နောက်ကနေတင်ပါးကိုသာ ပိတ်ကန်ပစ်လိုက်ချင်တယ်။
သူများ တွေဝိုင်းကြည့်နေတာကို ရဲစွမ်းသတ္တိတွေတော်တော်ပြချင်နေတယ်ပေါ့လေ။
စံပယ်ထမ်းထားတဲ့ ဆန်အိတ်ကို သူ့ပုခုံးပေါ်သို့ အတင်းဆွဲတင်နေတဲ့လူကြီးအား ဒီလောက်တောင်
ထမ်းချင်နေတာ ရော့ဟယ်ဆိုပြီး အသံမပေးပဲ
အိတ်ကြီးကိုပစ်ချပေးလိုက်သည်။
"ဟာ...လုပ်...လုပ်ပါအုံး..."
ဟန်ချက်မထိန်းနိုင်ပဲ မြွေကြီးလိုယိမ်းခါနေတာများ စံပယ့်အဖို့လက်ဝါးတစ်ဖြောင်းဖြောင်း တီးပြီးသာအားပေးလိုက်ချင်တယ်။
"ဟာ..ဟာ..လုပ်ကြပါအုံး..ကျွန်တော်မရတော့ဘူး.."
"ဘုန်း!!"
" အောင်မယ်လေးဗျ!!!!!.."
"ဟာ..ကိုနေဂုဏ်...ခင်များရရဲ့လား.."
"ရမှတော့ လဲမလားဗျ..အား..ကျွတ်..ကျွတ်..
ခါးရိုးကျိုးပြီလားမသိဘူး"
"ဒါဆိုဖြေးဖြေးထဗျာ..ဒေါ်လေးဆီသွားရအောင်.."
"ခင်များအဒေါ်ဆီဘာသွားလုပ်ရမှာလဲ.."
"ခင်ဗျားကအောက်ပိုင်းဖြစ်တာလေ..
အောက်ပိုင်းကအဒေါ်နဲ့မှရတာ..သူကဒါမျိုးတွေပိုင်တယ်.."
"ဘာ!!!!"
"ဟာ..ဖြည်းဖြည်းအော်ပါ..ဒီလိုဗျာ..ဒီလို
အဒေါ့်ဆီမှာက ဒဏ်ကြေလိမ်းဆေးတွေအများကြီးရှိလို့ သူ့ဆီကဆေးနဲ့မှပျောက်မှာလို့.."
"အဲဒီ့လို..ရှင်းရှင်းပြောပါလား.."
"ခင်ဗျားကိုက ရှုပ်ရှုပ်ကြားနေတာပါဗျာ.."
မြေကြီးမှာကျနေတဲ့ ဆန်အိတ်ကြီးအပေါ်မှာ ပက်လက်ကြီးလန်နေရာမှ မိုးနီကတွဲထူလေရာ
ခါးကုန်ရင်း ညီးညူပြီးလိုက်သွားတဲ့သူ့ကို
နည်းနည်းတော့သနားနေမိသည်။
စံပယ်လုပ်လိုက်တာ လွန်များသွားပြီလား။
သူတော်တော်နာသွားမှာပဲ။
အခန့်မသင့်ရင် ခါးရိုးတောင် ကျိုးသွားနိုင်တယ်။
အို...ဘာပဲဖြစ်ဖြစ် ငါအတင်းခိုင်းတာမှမဟုတ်ပဲ။
သူ့ဒုက္ခသူရှာတာလေ။
ကိုယ့်စိတ်ကိုပြန်တင်းလိုက်ရင်း မဲ့ပြုံးတစ်ခုကိုဖန်တီးပစ်လိုက်သည်။
"ကျွန်မကျခဲ့ရတဲ့မျက်ရည်တွေက ဒီ့ထက်တောင်နာကျင်ခဲ့ရတာပါလေ"
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ကြည်လင်အေးမြတဲ့ ချောင်းရေအလျှင်အတိုင်း
သူ့စိတ်တွေလည်းလွှင့်မျှောနေလေသည်။
စံပယ့်ကိုသူဘယ်လိုပြန်ခေါ်ရမလဲဆိုတဲ့အဖြေကတွေးလေ ဝေးလေပါလား။
သူ့မှာလည်းအလုပ်တစ်ဖက်နှင့်ဖြစ်၍ ဖုန်းနဲ့ပဲလှမ်းပြီးဖြေရှင်းနေရတာကြောင့် သိပ်စိတ်တိုင်းမကျဖြစ်နေသည်။
သူဒီရွာကိုရောက်နေတာ သုံးရက်လောက်ရှိသွား
ပေမဲ့ စံပယ်နဲ့တွေ့တိုင်းလဲ အမြဲမျက်စောင်း
ထိုးခံနေရတာ ကြာရင်သူပြာဖြစ်တော့မည်။
ချောင်းရေပြင်ထဲမှာညနေခင်းရဲ့ရောင်နီလေးကိုကြည့်ရင်း သူထိုင်ငေးနေမိစဥ်မှာ ချောင်းစပ်မှအရိပ်ကလေးတစ်ခုကသူ့မြင်ကွင်းထဲသို့ရောက်လာလေသည်။
သူပဲအမြင်တွေ ဝေဝါးနေသလားဆိုပြီး မျက်လုံးကိုပြန်ပွတ်ကြည့်နေမိသည်။မဟုတ်ဘူး ဒါမွှေးမှမွှေးပါပဲ။
မိုးနီကသူ့အဒေါ်နဲ့ ပွဲရုံကိစ္စအလုပ်ရှုပ်နေလို့
တစ်ယောက်တည်း စိတ်ညစ်ညစ်နဲ့ချောင်းစပ်ကိုဆင်းလာမိတာ မှန်သွားပြီပေါ့။
နေ၀န်းနီနီရဲ့ ရောင်ဝါအောက်မှာ ရေချိုးဆင်းလာတဲ့သူ့မွှေးလေးကလှရက်လိုက်လေခြင်းလို့ တွေးနေမိစဉ်မှာပဲ သူမကကိုယ်ပေါ်မှာခြုံထားတဲ့ ပ၀ါစကိုဖယ်လိုက်လေသည်။
အဖြေတောင်းခဲ့တဲ့နေ့က မြင်ခဲ့ရတဲ့ပုံစံထက်
အခုချောင်းနဘေးကနတ်မိမယ်လေးက ပိုပြီးလှနေပုံဟာ ပန်းချီကားတစ်ချက်အလား ထင်မှတ်မိလောက်အောင် ဘယ်ပန်းချီရေးလို့မှီနိုင်မယ်မထင်ပါဘူး။
သူမရဲ့အသားအရည်ဟာ ယုန်ဖြူလေးတစ်ကောင်အလား ထင်မှတ်ရသည်အထိ ဖြူစင်လှသည်။
လက်ကို ရေစွတ်ပြီး မျက်နှာလေးပေါ်ကို သပ်ချလိုက်တဲ့အချိန်မှာတော့ မျက်နှာတစ်ပြင်လုံးကို ဖုံးအုပ်ထားသည့် သနပ်ခါးဝါဝါတွေဟာ
အရည်ပျော်ကျသွားပြီး နှာတံလုံးလုံးလေးနဲ့ ပန်းနုရောင်သန်းနေသော ပါးပြင်လေးဟာ နှစ်သက်ချင်စဖွယ် ထင်းကနဲပေါ်လာလေသည်။
ရေထဲမှာမြုပ်လုနီးပါးဖြစ်နေတဲ့ ဝါးတံတားလေးပေါ်မှာထိုင်နေပြီး ရေအလျှင်အတိုင်းခြေထောက်များကိုလွှဲခက်နေတဲ့သူမ၊ ရုတ်တရက်ဆံပင်ရှည်ကြီးတွေကို ဖြန့်ချလိုက်တယ်ဆိုရင် သူ့နှလုံးခုန်နှုန်းတွေက ကမ္ဘာ့အမြန်ဆုံးရထားကိုတောင်စံချိန်ချိုးနိုင်လောက်ပါရဲ့။
မဲနက်ပြီး ပိုးသားလိုအိထွေးနေတဲ့ ဆံနွယ်ရှည်တွေကို ရေစွတ်လိုက်တာကြောင့် ဖြူဥနေတဲ့ပုခုံးနှင့်ရင်ညွှန့်လေးထက်ကိုရေစက်များ စီးကြလာရာ
ဘေးဘီမှာ သူ့လိုချောင်းကြည့်နေသူတွေ
ရှိမှာစိုး၍ ဝေ့ဝဲကြည့်လိုက်ရသေးသည်။
ဒီကောင်မလေး တစ်ယောက်ထဲ အတင့်ရဲလှချည်လားလို့ ကိုယ့်ဖာသာလက်သီးကိုကျစ်ကျစ်ဆုပ်ရင်း သ၀န်တွေလှိမ့်တိုနေလေသည်။
သူ့မွှေးကတော့ ထမီရင်လျားကြီးနှင့်ရေထဲကိုဒိုင်ပင်ထိုးချပြီး ရေတောင်ငုပ်နေလိုက်သေးသည်။
"ဟိတ်လူ!!!.."
"အောင်မလေး..!!"
အခန်း(၁၈)ဆက်ရန်....
🌼🌼🌼🌼🌼🌼🌼🌼
နေဂုဏ်မာန်တော့ စံပယ်မွှေးလို မြို့သားတောတက်ဖြစ်နေပါပြီ.....
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

No comments:
Post a Comment