💦သနပ်ခါးရနံ့လေးကြူကြူမွှေး💦
💦 အခန်း ၆💦
ဧရာ၀တီတိုင်း💦
နေမင်းကြီးက
ထိန်ထိန်သာနေပေမဲ့ သစ်ပင်ကြီးများ၏ နေရောင်ကို ကာဆီးပေးထားမှုကြောင့်
ရွာ့နောက်ဖေး လှည်းလမ်းကြောင်းလေးသည် အပန်းဖြေကာ အေးဆေးဆိတ်ငြိမ်သော
ခံစားချက်ကို ကြိုက်နှစ်သက် သူများအဖို့ အင်မတန်မှ ငြိမ်းအေးလွန်းလေသည်။
ထိုစဉ်
အေးဆေးတည်ငြိမ်စွာ ရှိနေသော လှည်းလမ်းကြောင့်အပေါ်သို့ ထော်လာဂျီတစ်စီး
ဖြတ်ပြေးသွားလေသည်။ စံပယ်မွှေးနှင့်အတူ ထော်လာဂျီအပေါ်မှ
စီးနင်းလိုက်ပါလာကြသော ရွာသားတစ်ဖြစ်လည်း ခရီးသည်တွေအားလုံးဟာ
ဖုန်သီးကုန်ကြလေသည်။တောသူ၊တောင်သားဆိုသည်မှာ မြေကြီးနဲ့သူငယ်ချင်း
ဖြစ်နေပြီးသားမို့ အထူးအဆန်းတော့ မဟုတ်ပါချေ။
ထူးဆန်းနေတာကတော့
စံပယ်မွှေးပါပဲ။သူမခမျာ ရန်ကုန်ကနေ စထွက်လာချိန်ကစလို့
မိမိ၏ရွာနောက်ဖေးလှည်းလမ်းကြောင်းကို ရောက်နေစဉ်အထိ ပါးစပ်ကို
ပြန်၍မစိနိုင်သည့်ပမာ ပြုံးဖြီးနေလေသည်။
သူမ၏ စိတ်ထဲတွင်တော့
လူရှုပ်၊ကားရှုပ်လှသောရန်ကုန်မြို့ကြီးမှ
အေးချမ်းဆိတ်ငြိမ်မှုအတိနှင့်လေကောင်းလေသန့်ကို တစ်၀ကြီးရှူရှိုက်နိုင်သည့်
မိမိရွာလေးသို့ ပြန်လာနေရလို့ အင်မတန်ကို ကျေနပ်နေလေသည်။
"ဒုန်း..ဒုန်း..ဒုန်း..ဒုန်း..ဒုန်း..ဒုန်း"
" ဟဲ့မိသဇင်နောက်ဖေးဘက်က.. ထော်လာဂျီသံကြားတယ်..ညည်းအစ်မပါလာသလားသွားကြည့်စမ်း.."
"ဟုတ်ကဲ့အဖွား.."
ပြောင်းဖူးဖက်လိပ်ဖွာနေရင်းနှင့်
အဖွားကြည်မေကလှမ်းပြောတာကြောင့် ကျစ်ဆံမြီးလေးကျစ်ထားသော
သဇင်မွှေးလည်းအိမ်နောက်ဖေးအပေါက်မှလှည်းလမ်းကြောင်းဘက်သို့
ခေါင်းပြူကြည့်လိုက်သည်။ထိုစဉ် ထော်လာဂျီပေါ်ကနေ အထုပ်တွေဆွဲပြီး
ဆင်းလာသည့် အစ်မဖြစ်သူကို တွေ့လိုက်ရတာကြောင့် သူမအရမ်းပျော်သွားသည်။
"ဟုတ်တယ်အဖွားရေ့..မမစံပယ်ပါလာတယ်
သမီးသွားကြိုလိုက်အုံးမယ်.."
"အေးအေး...."
အဖွားကြည်မေလည်း အိမ်ပေါ်မှ ပြုံးပျော်ကာ ပြေးဆင်းသွားသော သဇင်မွှေးကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်မိတာ ပြောင်းဖူးဖက်လိပ်အား အငွေ့
တလူလူထွက်အောင်အထိ ဖွာရှိုက်ပစ်လိုက်သည်။
သူမစဉ်းစားနေမိတာက
ဒီကလေးမနှစ်ယောက်ရဲ့ မိဘတွေ အကြောင်းကိုပါပဲ။ဖခင်က မကောင်းခဲ့လေတော့
မိသားစုရဲ့ စီးပွားရေးကလည်း တစ်ဆတစ်ဆ ဆုတ်ယုတ်ခဲ့ရတယ်။
နဂိုကဆိုရင်
ကြည်မေဆိုတာ ဟော့ဒီ့အုန်းပင်စုရွာထဲမှာ
ဒီလောက်မျက်နှာမမွဲခဲ့ရပါဘူး။အခုတော့ လင်အယူမှားတဲ့ ကိုယ့်သမီးကြောင့်
ကိုယ်ပါရောမွဲရတဲ့အဖြစ်ပါလေ။
မြေးအကြီးလေးက လိမ္မာလို့သာပေါ့။မဟုတ်ရင် ဒီအဖွားကြီး အခုထိလယ်ထဲ၊ကိုင်းထဲကို အိုးကြီးအိုမနဲ့ ဆင်းနေရမှာ သေချာတယ်။
"ဗျို့အဖွားရေ..အဖွားရဲ့ချစ်လှစွာသော
မြေးချောချောလှလှလေးပြန်လာပြီဗျို့..ဘာချက်ထားလဲ..''
စံပယ်မွှေးဆိုသည်မှာလည်း အိမ်ရှေ့တောင်မရောက်သေးခင်ကပင် နောက်ဖေးမှနေ၍ ညာသံပေးနေလေပြီ။
"ဒီကောင်မလေးနယ်..လူကဖြင့်အိမ်ပေါ်မရောက်သေးဘူး..စားဖို့ကအရင်.."
ထို့နောက်အိမ်ရှေ့ပေါက်မှ ညီအစ်မနှစ်ယောက် စကားတပြောပြောနှင့်တက်လာကြလေသည်။
"တကယ်နော်..မမ"
"တကယ်ပေါ့..အရမ်းလှတာ..ဒေါ်မြတို့အလှူကျရင်၀တ်လိုက်..အကုန်ငေးသွားစေရမယ်.."
"ဟီး..ပျော်တာ.."
"ဒေါက်!..."
"အာ့!!..နာတာအဖွားရယ်..ရောက်ရောက်ချင်းစောက်နဲ့ထွင်းရသလားလို့.."
စံပယ်မွှေး တစ်ယောက်ကတော့ အိမ်ပေါ်တက်ပြီး ထိုင်ရုံရှိသေးတယ် အဖွား၏ လက်စာကို မြည်းလိုက်ရလေသည်။
"ထွင်းသင့်ထွင်းရမှာပဲ..ဘယ့်နှယ်ကိုယ့်ညီမလေးကို..စာလုပ်ဖို့ဘာဖို့တော့မတိုက်တွန်းဘူး..
အလှူတကာလှည့်ပြီး..အပျိုလုပ်ဖို့တိုက်
တွန်းနေတယ်..ကြည့်လုပ်..နင့်ညီမစောစောစီးစီး
လင်နောက်လိုက်သွားမယ်..ဟင်း.."
"သဇင်ကအပျိုလေးအရွယ်လေးလေ..လှချင်ပချင်မှာပေါ့..အဖွားတို့လို..ဆံဖြူ၊သွားကျိုး၊ ကျားမတိုးတော့တဲ့ အဖွားကြီးတွေမှမဟုတ်တာ.."
"ဒေါက်!"
"အာ့!"
"အဖွားနော်.ကျွန်မခေါင်းကငါးဖယ်မဟုတ်ဘူး..
ဖိထုမနေနဲ့.."
"မိစံပယ်နော်..ညည်းကထုလေမာလေ ငါးဖယ်မ
သိလား..မဖြစ်ဘူး..ကိုအေးရဲ့တူ..မြို့ကအင်ဂျင်နီယာလေးမနက်ဖြန်ဆိုရင်ရွာကိုအလည်လာမှာ..ညည်းနဲ့ဆိုကိုအေးတို့ကလည်း..သဘောမတူစရာမရှိဘူး..ငါကိုအေးနဲ့တိုင်ပင်ထားပြီးပြီ.."
"ဟာအဖွားရယ်..မိန်းမဈေးကျလိုက်တာ..ဟိုကကျွန်မကိုတွေ့ဖူးတာလည်းမဟုတ်ဘူး..တော်ကြာအသားမဲမဲဗိုက်ရွှဲရွှဲကြီးဖြစ်နေမှ
ငရဲအိုးထဲကို
အရှင်လတ်လတ်ဆင်းရတဲ့အဖြစ်ရောက်နေပါအုံးမယ်...ကိုအေးနဲ့အဲ့လောက်တည့်နေရင်လည်း..ကိုအေးနဲ့အဖွားပဲယူလိုက်ပါလား.."
"ဒေါက်!"
"အာ့!..အဖွားနော်ခေါက်ပြန်ပြီ..အီဟီး.."
ဒီလိုနဲ့ စံပယ်မွှေးရဲ့ရွာအပြန်ကတော့ အဖွားရဲ့ ခေါင်းခေါက်သံလေးတွေနှင့်သာ ညံနေပါတော့သည်။
💦💦💦💦💦💦💦💦💦💦💦💦
(အင်္ဂလန်UK[ Oxford City]
နေဂုဏ်မာန်တရေးနိုးလို့ ရေထသောက်ရင်းဖုန်းကို ကြည့်လိုက်တော့ အီးမေးလ်တစ်စောင်ရောက်နေသည်။
📧မနက်ဖြန်နေ့လည်အောက်စဖို့ဒ်တက္ကသိုလ်မှာတွေ့မယ့်..မင်းမလာရင်..ငါတို့မင်းအိမ်ကိုလိုက်လာမှာ...📧
နေဂုဏ်မာန်ပြုံးလိုက်မိသည်။သူUKကိုရောက်နေတာ ဒီကောင်တွေဘယ်လိုသိလဲပေါ့။
အင်္ဂလန်နိုင်ငံရဲ့Oxford City
(အောက်စဖို့ဒ်မြို့တော်)ဆိုတာသူ့ရဲ့ဒုတိယအိမ်ပဲ။
သူကိုယ်တိုင်က အောက်စဖို့ဒ်တက္ကသိုလ်ကနေဘွဲ့ရခဲ့တဲ့ကျောင်းသားတစ်ယောက်ဆိုလည်းမမှားဘူးပေါ့။
အရင်ကတက္ကသိုလ်နဲ့သိပ်မဝေးတဲ့
ဦးလေးရဲ့အိမ်မှာနေရင်းကျောင်းတက်ခဲ့ပေမဲ့ ဦးလေးရဲ့အသုံးမကျမှုကြောင့်
စီးပွားရေးတွေပျက်ပြီး ဒီအိမ်ကိုသူတစ်ဆင့်ခံပြန်၀ယ်ခဲ့လိုက်သည်။
ဦးလေးမိသားစုကိုတော့ဒီအိမ်မှာပဲနေစေလိုက်တယ်။
တက္ကသိုလ်ကျောင်းသားဘ၀က ကဲခဲ့၊မွှေခဲ့တာတွေကို ပြန်သတိရရင်းသူပြန်အိပ်ပျော်သွားလေသည်။အချိန်အားဖြင့် ည၁နာရီရှိပြီဖြစ်သည်။
မြန်မာစံတော်ချိန်နဲ့ဆိုမနက်၇နာရီခွဲပေါ့။
💦💦💦💦💦💦💦💦💦💦💦💦💦
မြန်မာနိုင်ငံ(ဧရာ၀တီတိုင်း)
မနက်၇နာရီခွဲ (သင်္ကြန်အကြိုနေ့)💦
🎵မြူးကြွတဲ့တေးသံ..ပျံ့လွှင့်လို့နေ🎵
🎵ကူးပြောင်းစ..တန်ခူးလေမှာ🎵
🎵တစ်ယောက်တစ်လှည့်မို့..🎵
🎵..လှမ်းကာဖျန်းပက်ကြစဉ်..🎵
🎵ပိတောက်ဖူးလေးတွေ..ပန်ဆင်ထားသူရေ🎵
🎵ခေါင်းကလေးမော့လို့🎵
🎵ပိတောက်ဖူးလေးတွေ..ပန်ဆင်ထားသူရေ🎵
🎵ပျော်ပျော်ရွှင်ရွှင်..တီးမှုတ်ကြတဲ့ပွဲမှာ..🎵
ရွာ့အရှေ့ဘက်ပိုင်း
မဏ္ဍပ်တစ်ခု၏ဓာတ်စက်မှ ထွက်ပေါ်လာသော သင်္ကြန်သီချင်းလေးနည်းတူ
ကလေးတစ်ချို့နှင့် လူငယ်၊လူလတ်ပိုင်းအချို့ဟာ ကခုန်မြူးထူးရင်းနှင့်
ရေပတ်ခံထွက်နေကြလေသည်။ကာလသား တစ်သိုက်နှင့် ပတ်ပင်းတိုးမိသော
သူများဟာရေမစိုချင်ပါဘူးဟု ပြောချိန်ပင်
မရလိုက်ပဲ သနပ်းခါးနှင့်အိုးမဲပါ အစစ်လိမ်းခံလိုက်ရလေသည်။
"ဟေး..ပက်ကြဟေ့..ပက်ကြ.."
"ဟေ့..အပျိုကြီးတွေကို မြန်မြန်ကျွတ်အောင်အဓိကထားပီုး ပက်ပေးလိုက်ကြနော်.."
"ဟိုမှာ..ကိုမိုးအေးဟေ့..ရေပက်မှာစိုးလို့..ပြန်ပြေးပြီ..လိုက်ကြဟေ့.."
ကိုမိုးအေးတစ်ယောက်
လယ်ထဲတွင် ရေသွားသွင်းဖို့အရေး လှည်းလမ်းကြောင်းမှ ပတ်ကာပြေးလည်း သဲသဲကဲကဲ
ကာလသားတို့၏လက်မှ မရှောင်လိုက်နိုင်ပါချေ။
"ဟေ့ကောင်..အိုးမဲနဲ့အတူသနပ်ခါးပါယူခဲ့..သင်္ကြန်မှာရေမစိုသူ၊သနပ်ခါးမလိမ်းသူမရှိရဘူး.."
"ဟေ့ကောင်တွေ..ဟိုမှာလိုက်ကြအုံး..မိအောင်လိုက်..ဟိုမှာညိုကြီးအိမ်ထဲကိုပြေး၀င်သွားပြီ..
အိမ်ပေါ်ကနေဆွဲချကွာ.."
"ဟာ..ဟေ့ကောင်တွေ..မလုပ်.."
"ဗွမ်း!"
ကိုညိုကြီးမှာ
ရေဆော့နေသူတွေကို ခြံစည်းရိုးအ၀နားကနေ ပြုံးကြည့်ရင်းနှင့်
သကောင့်သားလေးတွေသူ့ကိုရေလာပက်ကြမည်ဆိုတာ တွေ့သွား၍ အိမ်ပေါ်သို့
တက်ပြေးပေမဲ့ အိမ်ပေါ်ကနေ ဆွဲအချခံလိုက်ရပြီး အိုးမဲစာမိသွားလေတော့သည်။
"ဟား..ဟား..ကိုညိုကြီးမဟုတ်တော့ဘူး..မည်းကြီးဖြစ်သွားပြီဟေ့.."
"ခွေး မသားတွေ.."
"ဟား..ဟား..သင်္ကြန်မှာမ ဆဲ ရဘူးလေ.."
သိကြားမင်းစာရင်းမှတ်လိမ့်မယ်..ဟား..ဟား..
တော်ကြာမဲရာကနေ ချိုးတူးသွားမှဒုက္ခ...."
"ဟေ့!..ဒေါ်မိုး.."
"အမယ်လေး..ပလုတ်တုတ်.."
"ဒေါ်မိုး..ဒီနေ့ဥပုဒ်မစောင့်ဘူးလား.."
"အေးကွယ်..မစောင့်ဖြစ်ဘူး.."
"မစောင့်ရင်ပက်တယ်ဗျို့..!.."
"အား..ေ သနာလေးတွေ..ငါဈေးဆိုင်သွားမလို့ဟာကို.."
"ဟား..ဟား.."
အုန်းပင်စုနဲ့ ပွတ်စလီရွာနှစ်ရွာက သိပ်ပြီးသာ
မတည့်ချင်ကြတာ ဟိုဘက်ရွာ၊ဒီဘက်ရွာမှာ အကုန်လုံးကအမျိုးတွေလိုဖြစ်နေသည်။
မဏ္ဍပ်တွေမှလည်း
မုန့်လုံးရေပေါ်ကျွေးကြလိုက်၊သာကူကျွေးလိုက်နှင့်ဥပုဒ်မစောင့်သူလူငယ်များမှာ
ကလေးကအစ၊ခွေးအဆုံး
လမ်းပေါ်မှာမုန့်စားလိုက်၊ရေပက်ခံလိုက်၊အသံချဲ့စက်တွေအရှေ့မှာ
ကသူက ကလိုက်နှင့်မြူးပျော်နေကြလေသည်။
အနီးအနားရွာတွေမှလည်း ထော်လာဂျီများနှင့် မြို့တက်ချင်တက်၊မတက်လျှင် ရွာစဉ်လှည့်နေကြသည်ပင်။
လှည်း၀င်ရိုးသံ တစ်ညံညံပေးပြီး ရေပက်ခံကြသူတွေတောင်ရှိပါသေးတယ်။
လုံမပျိုတွေကတော့ မဏ္ဍပ်နားမှာ ရေပက်လျှင်ပတ်၊မပက်ရင် မုန့်လုံးရေပေါ်လုံးလိုက်ကြ၊သာကူပြင်ကျိုလိုက်ကြနှင့်အလုပ်ကိုရှုပ်နေကြတော့သည်။
စံပယ်တို့ညီအစ်မနှစ်ယောက်ကတော့
သင်္ကြန်အကြိုနေ့မှာ ရေမဆော့ချင်သေးတာကြောင့် တရားစခန်း၀င်သူ
သက်ကြီးရွယ်အိုတွေရဲ့ဝေယာဝေစ္စလုပ်ပေးရင်း ကုသိုလ်သာယူဖြစ်သည်။အသက်အရွယ်
ကြီးရင့်သော ယောဂီကြီးများကို ခြေသုတ်လက်နယ် ပြုစုခွင့်ရသည့် ကုသိုလ်ဟာလည်း
အင်မတန်ထူးမြတ်ကြောင်းကို အဖွားကခဏ၊ခဏဆုံးမလေ့ရှိသည်။
ဥပုဒ်ဆောင့်၊တရားနာနေကြသည့် သက်ကြီး၊ရွယ်အို
အဖိုး၊အဖွားတွေကို
ကူညီလိုက်မိတဲ့အခါတိုင်းမှာ သူတို့ဆီမှ ပြန်ပေးလာသည့် ကျေးဇူးတင်သည့်
အပြုံးလေးတွေဟာ အင်မတန်ကိုချိုမြိန်လွန်းပါတယ်။
💦💦💦💦💦💦💦💦💦💦💦💦💦💦💦
(အင်္ဂလန်UK[ Oxford City]
🕐နေ့လည်12နာရီ
နေဂုဏ်မာန်တစ်ယောက် တစ်မနက်ခင်းလုံး အလုပ်တွေရှုပ်နေတာနဲ့ နေ့လည်12နာရီလောက်မှ
နေ့လည်စာ
စားဖြစ်သည်။ဟိုငပေါတွေနဲ့ချိန်းထားတာကြောင့်
အဖြူရောင်တီရှပ်လက်ရှည်အပါးကို ၀တ်ဆင်လိုက်ပြီး
အဖြူရောင်ဂျင်းဘောင်းဘီအရှည်နှင့်တွဲဖက်၀တ်ဆင်လိုက်တာကြောင့်သူ့တစ်ကိုယ်လုံးက
သန့်ခန့်တဲ့လူငယ်တစ်ယောက်ပုံစံ ဖြစ်သွားလေသည်။
အောက်စဖို့ဒ်မြို့ထဲတွင် ၁နာရီခွဲကျော်လောက်လျှောက်ပတ်လိုက်ပြီးမှ တက္ကသိုလ်ကို၃နာရီထိုးခါနီးရောက်လေသည်။
ချိန်းထားတဲ့အချိန်က ကွက်တိလောက်ပါပဲ။
သူတို့အဖွဲ့အရင်ကထိုင်နေကြ ခုံတန်းတွေမှာလက်ပိုက်ကာထိုင်စောင့်ပြီးဖုန်းသုံးနေလိုက်သည်။
ထိုစဥ် သူ့ရှေ့မှလူငယ်စုံတွဲလေးဖြတ်လျှောက်သွားလေသည်။
သူ့လက်တွေက ဖုန်းရဲ့Contactsဆိုတာကိုချက်ချင်းရောက်သွားပြီး စံပယ်မွှေးဆိုတာကိုနှိပ်လိုက်မိသည်။
မတော်တဆမှုဖြစ်တဲ့နေ့ကသူမဆီကနေဖုန်းနံပါတ်တောင်းထားလိုက်တာမှန်သွားပြီလို့ ဆိုရမယ်။
တစ်ဖက်တွင်တော့
တောဓလေ့အရ ည၉နာရီခွဲမှာအိပ်မောကျနေတဲ့ စံပယ်မွှေးတစ်ယောက်
ကီးပတ်ဖုန်းလေးမှအသံမြည်လာ၍ လန့်နိုးသွားရလေသည်။အိမ်ချင်မူးထူးနဲ့ပဲ
ဖုန်းကိုင်လိုက်ရသည်။
"ဟယ်လို..ဒီအချိန်ကြီး..ဘယ်သူဆက်တာလဲ.."
"ဟယ်လို..စံပယ်မွှေးလား..ကိုယ်ပါ.."
"ဘယ်က..ကိုယ်တွေခေါင်းတွေ..လာပြောနေတာလဲ..လူနာမည်မရှိဘူးလား.."
"ဟား..ဟား..မင်းကတော့လေ..ကိုယ့်နာမည်
နေဂုဏ်မာန်..ကဲသိပြီလား.."
"နေဂုဏ်..ဟင်!..သူ..သူဌေး..ကန်တော့နော်..ဘာကိစ္စရှိလို့လဲမသိဘူး.."
"မင်းအခုဘာလုပ်နေလဲ.."
"အိပ်နေတာလေ..သူဌေးဖုန်းသံကြောင့်လန့်နိုးသွားတာ..ဝါး.."
"ဟာအဲ့ဒါဆို..ဆောရီးပါကွာ..မြန်မာနိုင်ငံကအချိန်ကို..ကိုယ်မေ့သွားတာ.."
"မြန်မာနိုင်ငံကဆိုတော့..သူဌေးကအခု..ဘယ်နိုင်ငံခြားမှာမို့လို့လဲ.."
"ကိုယ်ကUKမှာလေ.."
"UK..UKကဘာကြီးတုံး.."
"အင်္ဂလိပ်လူမျိုးတွေနေတဲ့..အင်္ဂလန်ပေါ့ကွာ.."
"အင်္ဂလန်..ဒါဆိုသူဌေးကအင်္ဂလိပ်စာတော်တော်ကျွမ်းမှာပေါ့နော်.."
"ဒါပေါ့..ကိုယ်ကငယ်ငယ်ထဲက..ဒီနိုင်ငံမှာပဲ..
ကျောင်းတက်ခဲ့တာ..အခုတောင်ကိုယ်တက်ခဲ့တဲ့အရမ်းခမ်းနားတဲ့တက္ကသိုလ်၀န်းထဲမှာရောက်နေတာလေ.."
"အာ့ဆို..အဲ့ဘက်မှာကအခုဘယ်အချိန်ရှိပြီလဲ.."
"နေ့လည်၃နာရီ.."
"ဟင်..ကျွန်မတို့ဆီမှာက၉နာရီခွဲနေပြီ..ဘယ်လိုဖြစ်ပြီးမတူတာလဲ.."
"အင်း..မင်းနားလည်အောင်ဆိုရင်..မင်းအခု လကိုကြည့်လို့ရရင်ကြည့်လိုက်ပါလား.."
စံပယ်လည်း ဘေးမှကျူထရံကာတံခါးကို ဖွင့်လိုက်ရာလမင်းဖွေးဖွေးကိုမြင်ရလေသည်။
ယောက်ျားတစ်ယောက်ရဲ့ ခိုင်းစေချက်ကြောင့်လမင်းကိုကြည့်မိတာ ဒါပထမဆုံးပါပဲ။
"ကျွန်မအခု..လမင်းကြီးကိုကြည့်နေပြီ..ပြောပြတော့လေ.."
"အင်း..အဲဒီ့လမင်းကြီးက..တို့နေထိုင်တဲ့ကမ္ဘာကြီးကိုပတ်နေတာလေ..ကမ္ဘာကြီးကလည်းနေကိုတစ်လှည့်ပတ်နေပြန်ရော..အဲ့ဒီတော့နေနဲ့ကမ္ဘာအကြားကိုလရောက်သွားတဲ့နေရာက
ညဘက်ဖြစ်သွားတာပေါ့..
ဥပမာ အခုလမင်းက စံပယ်နေတဲ့နေရာနဲ့ နေရဲ့ကြားမှာ ပိတ်ရပ်နေတော့ ..စံပယ့်နေရာကမှောင်သွားတာပေါ့.."
"အော်..နားလည်ပြီ..ဝါး!!!!.."
စံပယ်လည်း
ဖုန်းသာကိုင်နေရတာ မျက်လုံးတွေကတော့ မဖွင့်ချင်လောက်အောင်
မှေးစင်းနေလေသည်။ဘာအကြောင်း ထွေထွေထူးထူးမှလည်းမရှိပဲ ဖုန်းလာဆက်တဲ့
သူ့ကိုသာ အံ့ဩနေမိတယ်။
"ဟင်..စံပယ်အိပ်ချင်ပြီလား.."
"အိပ်ချင်တာမှ..မျက်လုံးကိုဖွင့်မရတော့တာ"
"ဆောရီးပါကွာ..ကိုယ်ကလွမ်းလို့ဆက်လိုက်တာ..
အာ့ဆို..ဒါပဲနော်.."
"တူ....."
ဟိုဖက်ကဖုန်းကျသွားသည်နှင့်အတူ စံပယ့်မှာမျက်လုံးတွေလည်းပြူးကျယ်သွားရသည်။
"လွမ်းလို့"ဆိုတော့ "ငါ့ကိုလွမ်းတာလား"..ဘယ်လိုစကားကြီးလည်း" ရင်တုန်သွားတဲ့ ကိုယ့်နှလုံးသားကိုယ်လက်နဲ့ပြန်ဖိမိသည်။စိတ်ထဲမှာတော့..
"ဦးနေဂုဏ်မာန်..ရှင်ကျွန်မကိုနှလုံးရောဂါရအောင်လုပ်ခဲ့တာလား.."စကားပြောဖူးတာမှ
သုံးခါလားပဲရှိသေးတာကို လွမ်းလို့ဆိုတော့ စံပယ့်ကို
ကစားဖို့နည်းလမ်းရှာနေတာများလား။ဒါမှာမဟုတ် မိန်းမ
ေတွအများကြီးယူထားပြီး ငွေတိုးချေးစားနေတဲ့ ဦးမှတ်ကြီးလို စားနေကြကြောင်ပါးကြီးများ ဖြစ်နေမလား။
"ဦးနေဂုဏ်မာန်...ရှင်ကဘယ်လိုလူလဲ...ဒီစကားကိုမှ
ဘာလို့ရွေးပြောသွားရတာလဲ...စကားမှားသွားတာများလား....မသိတော့ဘူးဟာ
အိပ်တာပဲကောင်းတယ်..."
စံပယ်လည်း ကျူထရံတံခါးကိုပြန်ပိတ်ပြီး
စောင်ကိုခေါင်းမြီးခြုံကာ တစ်ချိူးတည်းအိပ်ပစ်လိုက်ပါသည်။လမင်းကြီးရဲ့
အလင်းဖျဖျကတော့ ထရံအပေါက်ငယ်တွေကြားမှ တိုးဝေ့လို့ပေါ့။
💓💓💓💓💓💓💓💓💓💓💓💓
(အင်္ဂလန်UK[ Oxford City]
"ဟေ့ကောင်BL.."
"!..ဟာ....ဒေးဗစ်!လန့်လိုက်တာကွာ.."
ပြုံးစိစိလုပ်နေတဲ့BLကိုနှောက်လိုက်တော့ဒီကောင်ဖုန်းတောင်လွှတ်ကျမတတ်ပဲ။
BL၊ဂျက်ခ်၊ဝီလီယံနဲ့ဒေးဗစ်ဆိုတာ အောက်စဖို့ဒ်တက္ကသိုလ်ကျောင်းသားဖြစ်စဉ်က တက္ကသိုလ်ရဲ့
အမွှေတုံးတွေဆိုလည်းမမှားဘူး။
ဥပမာBLခေါ်နေဂုဏ်မာန်ပေါ့။
သူ့ရဲ့အင်္ဂလိပ်နာမည်ကSun(နေ)ပါ။
အတန်းဖော်အများစုက BL(Bright Light )
"တောက်ပသောအလင်းရောင်"လို့ခေါ်ကြတယ်။
အဲ့လိုခေါ်ရင်ဒီကောင်အရမ်းနာတာ မသိသူကဟိုBLထင်ကြမှာစိုးလို့တဲ့။
ဒီကောင်ယောက်ျားစစ်မှန်းပိုသိလိုက်ရတာက တက္ကသိုလ်ဒုတိယနှစ်မှာပါပဲ။
ပရောဂျက်တစ်ခုပြတိုင်း အပြစ်မရှိအပစ်ရှာတတ်တဲ့ ပရော်ဖက်ဆာကို ဘယ်သူကမှဘာပရောဂျက်မှမပြရဲကြဘူး။
ပြလည်းပရော်ဖက်ဆာရဲ့လက်ထောက်ကပဲကြည့်ပေးပြီး ပရော်ဖက်ဆာဆီလုံး၀မရောက်ဘူး။
ပရော်ဖက်ဆာဆီရောက်သွားတဲ့ပရောဂျက်တစ်ခုတော့ရှိတယ်။
သေချာပေါက်BLရဲ့ပရောဂျက်ပေါ့။
တစ်နေ့မှာပရော်ဖက်ဆာရဲ့ရုံးခန်းထဲကိုမ၀င်ရဲတဲ့BLတစ်ယောက်။
ဒေါက်အမာပါတဲ့ဖိနပ်ကောင်းကောင်းကိုစီးပြီး။ပရော်ဖက်ဆာရုံးခန်းအပြင်မှာတစ်ဒုန်းဒုန်းနဲ့
အခါ၁၀၀လောက်လျှောက်ပြလိုက်တာ ဖရော်ဖက်ဆာကြီးလည်း ခေါင်းကြိမ်းပြီး
သူ့ပရောဂျက်ကိုကြည့်ပေးလိုက်ရတယ်။
အဲ့နေ့ကစပြီးBLဆိုတာကျောင်းသားတွေကြားထဲမှာနာမည်မွှေးသွားတော့တာပဲ။
"BLကြီးဒေါက်ဖိနပ်စီး"ဆိုပြီးပေါ့။
"ငါ့ကောင်တွေဘယ်သွားပြီး..ဘာစားကြမလဲ..ငါတကာခံမယ်.."
"ငါတို့ကတော့ KFC(ကြက်ကြော်)သွားစားမယ်လို့တိုင်ပင်ထားကြတယ်BL.."
"ဟာမင်းတို့ကလည်း..သူငယ်ပြန်နေကြတာလား
ကလေးလဲမဟုတ်ကြပဲနဲ့...ကျောင်းတုန်းကလို ကြက်ကြော်နဲ့ ကိုကာကိုလာနဲ့ သောက်ရမဲ့အရွယ်မဟုတ်တော့ဘူးနော်..."
"ဟား..ဟား..ဟား..ဟား.."
💦💦💦💦💦💦💦💦💦💦💦
ဧရာ၀တီတိုင်း(သင်္ကြန်အကျနေ့)💦
မနက်၈နာရီ🕣
🎵ရှာပုံတော်မင်းသားကြီး..
...မဏ္ဍပ်တကာရောက်ခဲ့ပြီ🎵
🎵ဘယ်အရပ်သူ ဇာတိမှန်းလည်း...
..မသိတော့အခက်တွေ့ပြီ🎵
🎵မနှစ်ကပေးတဲ့မင်းလိပ်စာ...
....ရေတွေစိုလို့ပျက်ကုန်ပြီ🎵
🎵မမှတ်မိတော့ခက်သားလားဒေဝီ🎵
"ဟေး..ပျိုမေတို့...ဟိုမှာ..ကိုအေးရဲ့တူ..
ရှာပုံတော်မင်းသားကြီးက..ဒေဝီလေးစံပယ်
မွှေးကိုလာရှာတယ်တော့"
"အေးဟယ်..လိပ်စာက..ရေစိုလို့ပျက်ကုန်ပြီဆို.."
"အော်စာရွက်ပေါ်မှာပျက်ပေမဲ့..နှလုံးသားထဲမှာသိမ်းထားလို့နေမှာပေါ့.."
"ဒို့အပျိုလေးတော့..ဂေါ်စွံတော့မယ်ထင်တယ်ဟေ့.."
"တော်ကြပါတော့..မစိုးတို့ရယ်.."
"အယ်..မိစံပယ်အပျိုကြီး..ရှက်သွားပြီ..ရှက်သွားပြီ.."
တကယ်လည်းစံပယ်မျက်နာတွေနီလာရသည်။
ကိုအေးရဲ့တူ ကိုမိုးနီဆိုသူကိုရင်ခုန်လို့တော့မဟုတ်ပါဘူး။
မစိုးတို့ရဲ့အလှော်လွန်နေတဲ့စကားတွေကြောင့်ပါ။
ကိုမိုးနီဆိုသူက ရုပ်ကအတန်အသင့်ကြည့်ကောင်းသူဖြစ်သလို အင်ဂျင်နီယာဘွဲ့ရဆိုတော့ရွာကလူတွေကအထင်တွေဇွတ်ကြီးနေကြတာပေါ့။
အဲ့အထဲမှာအဖွားက ထိပ်ဆုံးကပါသည်။
ကိုမိုးနီကလည်းစံပယ့်ကို သဘောကျနေဟန်တူတယ်။
သင်္ကြန်ရက်အတွင်းမှာသူနေတဲ့ပွတ်စလီရွာကနေ စံပယ်တို့အုန်းပင်စုကိုချောင်းပေါက်မတတ်ကိုလာနေတော့ ပြောစရာဖြစ်ပြီပေါ့။
"ဟေ့စံပယ်ရေ..မောင်မိုးနီကိုမုန့်လုံးရေပေါ်ပေးလိုက်ပါအုံး.."
"ကိုမိုးနီ..စားနော်အားမနာနဲ့..မ၀လည်းအများကြီးရှိသေးတယ်.."
"အမယ်လေး..မိစံပယ်တို့သဒ္ဒါတွေလွန်နေတာ..
တဏှာတော့မကျွန်နဲ့တော်ရေ့..တို့ကရှက်တတ်တယ်.."
"အဲ့မစိုးဟာလေ..ကိုမိုးနီစိတ်မဆိုးနဲ့နော်..သူတို့ကသိပ်နောက်တတ်တာ.."
"ဟုတ်ကဲ့ကျွန်တော်က..ဘာမှ..အား..အား..
စပ်..စပ်တယ်..ရေ..ရေပေးပါ..စူး.."
ကိုမိုးနီကြီးလည်းရှက်ရှက်နဲ့ ငရုပ်သီးပါတဲ့မုန့်လုံး
ရေပေါ်တွေပါးစပ်ထဲသုံးလုံးလောက်
ထိုးထည့်မိပြီး ရှုံ့မဲ့ကာထအော်တော့သည်။
"ရေ..ရေ..ပေးပါ.."
"ဒီမှာ..အဆင်သင့်ပဲ..ရော့..ရော့.."
"..အား..ပူတယ်..ပူတယ်.."
"အယ်..ဟုတ်သားပဲအဲ့ဒါရေနွေးတွေ..ကျွန်မမှားလို့..ရေအေးယူပေးမယ်လေ.."
"တော်..တော်ပါပြီ..ကျွန်တော်ပြန်တော့မယ်နော်.."
"ဟို..ကိုအေးအတွက်မုန့်လုံးရေပေါ်ယူသွားအုံးလေ.."
"တော်ပါပြီဗျာ..ခင်ဗျားတို့ဘာသာစေတနာရှိရင်အိမ်လာပို့ပေးပါ.."
ပြောပြီးကိုမိုးနီတစ်ယောက်ပုဆိုးမပြီး တစ်ချိုးတည်းပြေးတော့သည်။
"ဟား...ဟား..ငါပြောပါတယ်သဒ္ဒါလွန်ရင်..
တဏှာကျွံတယ်လို့..ခုတော့..နှပ်တွေရော..
မျက်ရည်တွေရောထွက်သွားရရှာတယ်..."
"သွားပေါ့..ဒီလောက်လေးနဲ့ငါတို့စံပယ်လေးကိုလှည့်တောင်မကြည့်တာ..နေပစေ.."
စံပယ်သိလိုက်ပါပြီ။ဒါမစိုးတို့တွေ တမင်နှိပ်ကွက်လိုက်တာပဲ။တကယ်တော်တဲ့ငါ့အစ်မတွေပါလား။တစ်ရန်တော့အေးသွားပြီထင်တယ်။
အခန်း..၇ဆက်ရန်
💦💦💦💦💦💦💦💦💦💦💦💦💦
"စံပယ်မွှေးနဲ့ နေဂုဏ်မာန်ရဲ့ မတူညီတဲ့လူနေမှုပုံစံလေးကိုလဲ ပြချင်လို့ပါ.."
💦မဟာသင်္ကြန် ၅တန်းတည်းကရေမဆော့ဖြစ်တော့တာအခုထိပဲ
2023သင်္ကြန်နားနီးမှာ ဒီအခန်းလေးကို ရေးခဲ့တာပါ...
#စာရေးသူ_ဆောင်းငွေ့ဝေ
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

No comments:
Post a Comment