Saturday, October 11, 2025

🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼 🌼 အခန်း၁၃🌼

 


 🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼 အခန်း၁၃🌼

နေဂုဏ်မာန်အစည်းအဝေးပြီးလို့ ရုံးခန်းကိုပြန်ပြီးခဏနားမယ်ကြံရုံရှိသေးတယ် အိမ်ဖုန်းလာ၍ကိုင်လိုက်မိသည်။

"ဟယ်လို..ဒေါ်ညို..ဘာကိစ္စရှိလို့လဲ.."

"ဘာ..ဘယ်ကဧည့်သည်လည်း.."

"ဟုတ်ပြီ..ကျွန်တော်အခုချက်ချင်းလာခဲ့မယ်.."

နေဂုဏ်မာန်လည်း အိမ်ကို‌ရောက်ချင်ဇောနဲ့
ကားကိုအရှိန်ပြင်းစွာမောင်းနေမိသည်။
ရင်ထဲမှာလည်းတော်တော်ပူနေသည်။

"ငိုပြီးအခန်းထဲကနေကိုထွက်မလာဘူးကွယ်..
ဒေါ်ညိုတို့ခေါ်တာလည်းမထူးဘူး..တံခါးကိုလည်း‌ လော့ချထားတယ်.."ဆိုသည့် ဒေါ်ညို့ရဲ့အသံကိုသာနားထဲမှာထပ်ခါထပ်ခါကြားနေမိလို့ ခေါင်းကိုသာတွင်တွင်ခါနေမိသည်။

"တောက်! ဟာကွာ..ဘယ်ကောင်ဖြစ်ဖြစ် စံပယ့်ကို
ငိုအောင်လုပ်တဲ့ကောင် တွေ့မယ်...."

ကားကို‌ ပေါ်တီကိုအောက်မှာထိုးရပ်လိုက်ပြီး
ကားပေါ်မှအမြန်ဆင်းကာ အပေါ်ထပ်ကိုပြေးတက်သွားလိုက်သည်။သူမနေတဲ့ အခန်းအရှေ့မှာရပ်လိုက်ပြီး တံခါးကိုအဆက်မပြတ်ထုနေမိသည်။

"ဒုန်း!!!!. ဒုန်း!!!.."

"စံပယ်..ကိုယ်နေဂုဏ်မာန်ပါ..ကြားလားစံပယ်..
ကိုယ့်ကိုတံခါးဖွင့်ပေးပါလား..ကိုယ်တို့စကားပြောရအောင်လေ..."

အခေါက်ပေါင်းများစွာခေါ်နေပေမဲ့
တံခါးလာမဖွင့်တာကြောင့် သူတော်တော်
စိတ်ညစ်နေရသည်။အခန်းထဲကနေထွက်လာသည့်
ငိုသံ၊ရှုက်သံသဲ့သဲ့တွေကိုသာ ကြားနေရတာကြောင့် စိတ်ထဲမှာလည်း နေထိုင်လို့မကောင်းတော့ပေ။
သူမဘယ်လောက်အထိ ခံစားနေရလို့ပါလိမ့်။

"စံပယ်..မနက်ဖြန်အဖွားဆီကို ပြန်မလို့ဆို..
တံခါးဖွင့်ပေးပါအုံး..စံပယ်..ကိုယ်ပြောတာကြားလား.."

"မခေါ်နဲ့..ရှင့်အသံကိုလည်းမကြားချင်ဘူး..
ရှင့်ကိုလည်းမုန်းတယ်..ရှင့်ကိုကျွန်မသိပ်မုန်းတယ်..
ဟိုမိန်းမကိုလည်းမုန်းတယ်..အဟင့်..
ကျွန်မအဖွားဆီကိုပဲပြန်မယ်.."

တံခါးမဖွင့်ပေးပေမဲ့အခန်းထဲကနေ စကား
ပြန်ပြောတော့မှ နဲနဲစိတ်အေးသွားရသည်။
သို့ပေမဲ့ သူ့ကို"မုန်းတယ်"ဆိုသည့်စကားကိုပဲ ဆက်တိုက်ပြောနေတာကြောင့် သိပ်တော့ဘ၀င်မကျမိပေ။

သူမဆီက မေတ္တာကိုပဲလိုချင်သည့်သူ့အဖို့ အခုလိုအမုန်းတရားတွေပေးလာမှာကို အကြောက်ဆုံးပဲ။
တွေးလိုက်မိတိုင်း စံပယ့်ကိုမဟုတ်တမ်းတရားတွေ ပြောသွားတဲ့လူကိုပဲ  ဆုံလည်ထဲကို ထည့်ပြီးထောင်းချင်နေသည်။
ဒေါ်ညိုကတော့ ချယ်ရီစူးဖြစ်နိုင်ပေမဲ့ မသေချာဘူးတဲ့။သေချာလို့ကတော့ ဒီမိန်းမကောင်းကောင်း
မနေရဘူးမှတ်။

"ဒေါ်ညို..ဒီအခန်းသော့က အပိုရှိတယ်မဟုတ်လား.."

"ဟုတ်ကဲ့ရှိပါတယ်.."

"အာ့ဆိုသွားယူဗျာ.."

"ဟုတ်ကဲ့.."

‌ဒေါ်ညို အခန်းသော့ယူလာတာနဲ့ ချက်ချင်း
တံခါးကိုသော့ဖွင့်လိုက်တော့ သူမြင်လိုက်ရတာက
အမြဲသနပ်ခါးကို ပါးမှာတင်မှနေသာတဲ့သူမဟာ
အခုတော့ ပါးပြင်မှာသနပ်ခါးတွေကင်းစင်နေလေသည်။

မျက်နှာတစ်ခုလုံးကနီရဲနေပြီး အံကိုတင်း‌နေအောင်လည်းကြိတ်ထားတဲ့သူမ၊ သူ့ကိုမုန်းတီးစွာဆိုက်ကြည့်နေတာ သူတောင်အံဩလွန်းနေမိသည်။
သူဘာအမှားလုပ်မိလို့လဲ။
သူမရဲ့အကြည့်‌တွေကသူ့ကို အရမ်းမုန်းနေသလိုပဲ။

ရုတ်တရက် ခရီးဆောင်အိတ်ကိုဆွဲပြီး
ထဖို့ပြင်နေတဲ့သူမကိုအတင်းပဲ လှမ်းဆွဲလိုက်ရသည်။
မဆွဲရင် ချက်ချင်းထွက်သွားတော့မှာ မလွဲဘူး။

"စံပယ်..ဘယ်သွားမလို့လဲ..ကိုယ့်ကိုပြောအုံးလေ.."

"ရွာပြန်မလို့..စိတ်ချစမ်းပါ...ရှင့်ဆီကို..
ရွာကခြံရောင်းပြီး..အကြွေးပြန်လာဆပ်မယ်..
လွှတ်..ကျွန်မလက်ကို.."

"စံပယ်မသွားပါနဲ့ကွာ..မင်းဘာဖြစ်ခဲ့တာလဲ..
ဘယ်သူကဘာပြောလိုက်လို့လဲ..
ကိုယ့်ကိုပြောပြပါကွာ..ကိုယ်ဖြေရှင်းပေးမယ်.."

"မလိုဘူး!..ရှင့်အိမ်မှာဆက်မနေရင်ကို
ဒီကိစ္စကပြီးပြီ..တောင်းပန်ပါတယ်..အဟင့်..
ကျွန်မကိုအဖွားဆီပဲပြန်ခွင့်ပြုပါတော့..
ကျွန်မသူပြောသလိုမိန်းမဟုတ်ပါဘူး..
သူများအပြောအဆိုလည်းမခံနိုင်တော့ဘူး..."

သူ့စကားကြောင့်သူမထပ်ငိုနေပြန်ပြီ။
သူဘယ်လိုနှစ်သိမ့်ပေးရမလဲ။ဘယ်လိုစကားလုံးတွေကြောင့် သူမဒီလောက်အထိ ရှိုက်ကြီးတငင်ငိုပြီး ၀မ်းနည်းနေရတာလဲ။

"ကျွန်မသွားတော့မယ်.."

"စံပယ်! မင်းမသွားရဘူး.."

နေဂုဏ်မာန်လည်း သူ့လက်ကိုဆောင့်ရုန်းချလိုက်တဲ့သူမကို အတတ်နိုင်ဆုံးပြန်ဆွဲထားလိုက်ရသည်။
လူကောင်လေးကသာသေးတာ အားကတော့အတော်သန်သည်။သူ့မှာ သူမကိုချုပ်ဖို့မနည်းရုန်းနေရသည်။

"ကျွန်မကိုလွှတ်..အခုပြန်မယ်.."

"မသွားနဲ့ကွာ..ဒေါ်ညို..အဲ့တံခါးကိုပိတ်ပြီး
အပြင်ကနေသော့ခတ်လိုက်..အခုလုပ်!"

"ဟုတ်..ဟုတ်ကဲ့.."

"ဒုန်း!.."

"ဟင့်အင်း...ဒေါ်ညို..တံခါးဖွင့်ပေးပါ..
အဟင့်..ကျွန်မရွာပြန်မယ်...
အဖွားဆီကိုပြန်ပါရစေ..တံခါးဖွင့်ပေးပါ..
တောင်းပန်ပါတယ်.."

ဒေါ်ညိုက တံခါးကိုပိတ်လိုက်တာကြောင့်
သူ့လက်တွေကို ဖြေလျှော့လိုက်စဉ်မှာ သူမဟာ
 ဖားလျားချထားသည့်ဆံနွယ်တွေ
ယိမ်းခါသွားသည်အထိ တံခါးဆီသို့ပြေးသွားကာ လက်သီးဆုပ်လေးနှင့် တံခါးကိုထုဖို့ပြင်လေသည်။

"ဘုန်း!..ဘုန်း!..ဘုန်း!.."

တံခါးကိုတဘုန်းဘုန်းရိုက်ကာ ငိုနေတဲ့သူမအနားကိုသူတိုးကပ်သွားလိုက်ပြီး အနောက်မှသိုင်းဖက်လိုက်‌လေသည်။

"ရှင်..ဘာလုပ်တာလဲ..အခုလွှတ်.."

"မလွှတ်ဘူး..မင်းရင်ထဲမှာ ဘာဖြစ်နေသလဲ..ကိုယ့်ကိုပြောပြ..ကိုယ်ဖြေရှင်းပေးမယ်.."

"ဘာမှ မဖြေရှင်းနဲ့..ရှင်တို့မြို့ကလူတွေ
တစ်ယောက်မှမကောင်းဘူး..အီဟီး.."

စံပယ်လှုပ်လို့လည်းမရသလို ရုန်းကန်ရတာ
ကြာလာတော့ မောပင်လာရသည်။

စံပယ်ငိုရလွန်းလို့လည်း ပင်ပန်းနေပါပြီ။ကျောဘက်က ပူပူနွေးနွေးသူ့ရဲ့ရင်ခွင်ကြောင့် စံပယ်လုံခြုံသွားသလိုခံစားရတာ‌တော့အမှန်ပင်။
နောက်ဆုံးမှာတော့ သူ့ရဲ့ယှက်ထွေးထားတဲ့လက်မောင်းပေါ်မှာပဲ ကလေးတစ်ယောက်လို
စံပယ်ခေါင်းမှောက်ပြီးငိုချလိုက်မိသည်။

တကယ်တော့တစ်ခြားသူတစ်ယောက်ရဲ့စကားကြောင့် စံပယ်သူ့အပေါ်အပစ်ပုံမချသင့်ပါဘူး။

စံပယ်ကဆယ်ကျော်သက်ဘ၀ထဲက မိဘအုပ်ထိန်းသူကြောင့်ဆိုတာထက် ကိုယ့်အရှက်သိက္ခာကိုအသက်လောက်တန်ဖိုးထားတဲ့သူပါ။

စံပယ့်ကိုအခြားစကားလုံးနဲ့ထိပါးရင် ခံနိုင်ပေမဲ့ မိန်းမပျက်လို့ပြောတာလောက် ခံပြင်းတဲ့စကားလုံးမရှိဘူး။

"ကိုယ့်ကိုပြောပါ..စံပယ့်ကိုဘယ်သူကဘာပြောလိုက်လို့လဲ...ဟင်..ပြောပြပါကွာ...နော်.."

သူမကိုသူ့ဘက်သို့ လှည့်စေလိုက်ပြီး မျက်ရည်များကိုသုတ်ပေးရင်းမေးလိုက်သည်။

"သူ..သူကစံပယ့်ကို..ရှင့်ဆီကခြူစားနေသလို
ပြောတယ်..အဟင့်..ရှင်..ရှင်ကစံပယ့်ကို..ဗိုက်.."

"ဘာဖြစ်လဲဆက်ပြောလေ..‌ပြောဆိုကွာ.."

သူမရဲ့ပခုံးတွေကို သူလှုပ်ရမ်းပြီး မေးလိုက်တော့
မျက်ရည်တွေခိုတွဲကာ နီအစ်နေသော မျက်၀န်း
ရွှဲလေးတွေနှင့် သူ့ကိုကြည့်လာလေသည်။

"ရှင်ကစံပယ့်ကို...ဗိုက်တစ်လုံးနဲ..ချန်ထားခဲ့မှာတဲ့.."

"ဟာကွာ..တောက်!.."

အခုမှအသက် နှစ်ဆယ်ပဲရှိသေးတဲ့ မိန်းကလေးကိုဘယ်လိုရက်စက်တဲ့ စကား‌လုံးတွေ ပြောရက်ရတာလဲ။

သူမဘာလို့ဒီလောက်အထိငိုကြွေးနေခဲ့သလဲဆိုတာ သူလုံး၀နားလည်သွားပါပြီ။ရိုးသားဖြူစင်ပြီး ငယ်ရွယ်တဲ့ဂွမ်းဖြူလေးကို မှင်အိုးထဲကို
လာပြစ်ချမှတော့ အသည်းအသန်ရုန်းကန်ဖို့ကြိုးစားနေတာ ဘယ်ဆန်းတော့မှာလဲ။
အဲ့ဒီ့မိန်းမကဘယ်သူဖြစ်နိုင်မလဲ။
သေချာတာကတော့ မိန်းမကောင်းတစ်ယောက်
မဖြစ်နိုင်ဘူး။

"ဘယ်သူလဲ..ပြော!..အဲ့လူကဘယ်သူလဲ.."

"ချယ်..ချယ်ရီစူးတဲ့.."

"ဘာ!.."

ထင်တဲ့အတိုင်းပါပဲ။ချယ်ရီစူးတဲ့။
ဒီမိန်းမတော်တော်ယုတ်မာပါလား။
တွေးမိတိုင်း အရေးခွံ နွာပစ်ချင်လာသည်။
တွေ့မယ် မင်းအလှည့်ရောက်ရင် မနွဲ့နဲ့ပေါ့။

"စံပယ်..."

စံပယ့်ကို သူ့အားဆိုက်ကြည့်စေရန် မေးဖျား‌
လေးကိုမော့ပင့်စေလိုက်ပြီး။

"ဒီမှာစံပယ်..ကိုယ်ကလေ..အဲ့မိန်းမပြောခဲ့သလို..
စံပယ့်ကိုဘယ်တော့မှနာကျင်အောင်မလုပ်ဘူး..
ကိုယ်ကစံပယ့်ကိုမြတ်မြတ်နိုးနိုးနဲ့ကိုချစ်တာ..
ကိုယ့်ရဲ့အချစ်မှာရမ္မက်တွေနဲ့လည်း..
နှောင်ဖွဲ့ထားမှာမဟုတ်သလို..
ဂုဏ်တွေ၊ပကာသန‌တွေနဲ့လည်း စည်းမခြားစေ
ရဘူး..အနူးညံ့ဆုံးချစ်ခြင်းဆိုတာ..စံပယ့်ကို
တဖြည်းဖြည်းသက်သေပြမယ်..
စံပယ်ကကိုယ့်ရဲ့အချစ်ဦးဖြစ်သလို..
နောက်ဆုံးအချစ်လဲဖြစ်စေရမယ်လို့..
ကိုယ်ကျိန်ပြောရဲတယ်.."

တရစပ်ပြောချလိုက်တဲ့သူ့စကားကြောင့်စံပယ်ကြောင်တောင်တောင်ဖြစ်နေရသည်။
သူကရည်းစားစကားပြောနေတာလား ရက်ပ်ရွတ်နေတာလားမဝေခွဲတတ်အောင်ပါပဲ။

"ဟိုလေ..ရှင်ဘယ်ကသီချင်းစာသားတွေရွတ်ပြနေတာလဲ.."

"ဟာကွာ..ဒီကောင်မလေးကတော့..မင်းကိုရည်းစားစကားပြောနေတာကွ.."

နေဂုဏ်မာန်လည်း မျက်လုံးပြူးကြောင်ကြောင်လေးအား အသဲယားလွန်းလို့ နှာဖျားလေးကိုလိမ်ဆွဲလိုက်တော့ သူမကစိတ်ဆိုးသွားဟန်‌ပေါ်သည်။

".ကျွန်မ၀မ်းနည်းနေတာနော်..ကလိမ်ကကျစ်လာမကျနဲ့..သွားကျွန်မအခန်းထဲက..အခုသွား.."

"သွားဆို သွားပါ့မယ်..စိတ်တော့မဆိုးပါနဲ့...
အဖြေတော့စဉ်းစားထားနော်..‌အဲ့ဒီ့မိန်းမပြောခဲ့တာကိုလည်း စိတ်ထဲထားမနေနဲ့..."

တံခါးဆီသွားနေသည့် လူလည်ကြီးကို ကုတင်ပေါ်မှခေါင်းအုံးယူပြီးကောက်ပေါက်ပစ်လိုက်သည်။
သူ့ ပုံစံကလုံး၀စိတ်မဆိုးတဲ့အပြင် စံပယ်ကောက်ပေါက်လိုက်တဲ့ ခေါင်းအုံးကိုတောင် အပြင်ယူသွားခဲ့ သေးတယ်။

"စဉ်းစားပေးမယ်..မနက်ဖြန်တစ်လပြည့်‌တဲ့နေ့မို့..ရွာပြန်‌ရောက်မှ စဉ်းစားပေးမယ်.."

တကယ်တော့ စံပယ့်စိတ်ထဲမှာ ဟိုမိန်းမပြောသွားတဲ့စကားတွေက အခုထိနာနေတုန်းပါပဲ။
စဉ်းစားပေးမယ်လို့ တွေးထားပေမဲ့ သူ့လိုလူမျိုးကို
ဘယ်လိုပဲ ရေလာမြောင်းပေးပေး စံပယ်ဆိုတဲ့ရေအလျှင်လေးက စီးဆင်းဖို့ရာ ဘယ်အားသန်ပါ့မလဲ။
စံပယ့်သူ့ကို မချစ်ရဲပါဘူးလေ။

🌼🌼🌼🌼🌼🌼🌼🌼🌼

မြို့အရပ်ဆိုတာအင်မတန်လူစည်ကားပြီး လက်ထဲတွင်ပိုက်ဆံလေးများရွှင်ပါက လိုရာရနိုင်ပေသည်။စံပယ်ဟာတောသူပီပီ အရောင်အသွေးစုံသည့် မြို့ပြ‌ဒေသထက် တောအရပ်ဒေသရဲ့တိတ်ဆိတ်ငြိမ်းအေးမှုနှင့် စိမ်းစိုညိုမြတဲ့သစ်ရိပ်၊ဝါးရိပ်တို့ကိုသာ ပို၍ခုံမင်သည်။ပို၍မြတ်နိုးသည်။ပိုသံယောဇဉ်ရှိသည်။

မြို့မှာဘယ်လောက်အနေကြာကြာ သူစိမ်းအိမ်မှာ ခဏတာတက်နေရသလို ခံစားချက်မျိုးပဲ ဖြစ်ခဲ့သည်။မြို့အရပ်ဟာ စံပယ့်နဲ့ အမြဲတမ်းစိမ်းသပ်သလိုပါပဲ။

စံပယ်ဟာ တောစမ်းချောင်းလေးမှာသာ
ရေအေးအေးကိုစိမ်ချိုးချင်သလို ကျေးလတ်
လေနုအေးကိုသာရူရှိုက်ချင်သူပါ။

ကိုယ့်တောအရပ်မှာ လူတိုင်းကိုဘွင်းဘွင်းရှင်းရှင်း မောင်နှမသားချင်းလိုပြောဆိုနိုင်ပေမဲ့ မြို့အရပ်မှာ တော့စကားတစ်ခွန်းကြောင့် ဘုံပြောက်သွားနိုင်တာမျိုးပါရှိတတ်သည်လေ။

ဘယ်သူက ကိုယ့်အပေါ်အစစ်အမှန်၊ဘယ်သူက
သာပေါင်းညာစားနေသလဲဆိုတာ ခွဲခြားဖို့ရာ အင်မတန်ခက်လှသည်။

"ဟေ့စံပယ်ရေ..မိစံပယ်..."

"ဟယ်မိမိုး..ဘာဖြစ်လာတာလဲ..အမောတကောနဲ့..
ရော့ရော့ရေနွေးကြမ်းသောက်ပြီး..ထန်းလျက်ခဲစား.."

"အမယ်လေး..ဒါတွေအသာထားပါ..
ဒေါ်အုန်းမြိုင်ရဲ့ယောက်ျား ဦးသာရင်ရဲ့အလောင်းကို မြေမြှုပ်တော့မှာသွားကြည့်မလို့..
အဲ့ဒါဟိုဖက်ကမ်းကိုလိုက်အုံးမလား..."

ဦးနေဂုဏ်ရဲ့ခွင့်ပြုချက်နဲ့ စံပယ်ရွာကိုရောက်နေတာတစ်ရက်မျှရှိနေပေမဲ့ ဘယ်မှမထွက်ဖြစ်‌ပဲ
အိမ်တွင်းသာပုန်းနေခဲ့မိသည်။
ထို့ကြောင့် မိမိုးနဲ့သွားဖို့ရန်ဆုံးဖြတ်လိုက်သည်။

ရွာဖျားမှဒေါ်ညွှန့်တို့အိမ် ဟိုဖက်ကမ်းကိုကူးပြီး သင်္ချိုင်းကုန်းကိုရောက်‌လေသည်။

 လူအများဝိုင်းနေကြသောနေရာတွင် အခေါင်းကိုဖွင့်ထားပြီး နောက်ဆုံးအနေနဲ့ ဒေါ်အုန်းမြိုင်က
ငိုရှိုက်ကာ ဦးသာရင်ရဲ့ ရုပ်အ‌လောင်းကိုငေးကြည့်နေလေသည်။

အော် သူ့ယောက်ျားသေတော့ သူလည်း
၀မ်းနည်းရှာမပေါ့လေ။ငိုနေတာများ
ရှိုင်ကာရှိုက်ကာနဲ့ ဆို့နင့်လွန်းလို့ အသံလေးတောင် မထွက်နိုင်ရှာ‌တော့ပေ။

"အမယ်လေး..သာရင်ရယ် အသေစောလှချည်လားကွာ...တောက်!!!"

စံပယ်အံ့ဩနေသည်က ဦးအေးဖေပဲ။
အခေါင်းဘေးနားမှာမတ်တက်ကြီးရပ်ပြီး
အသံဗြဲကြီးနဲ့ငိုနေတာများ မသိရင်သူ့မယားသေနေတဲ့အတိုင်းပဲ။မသာရှင်ဖြစ်တဲ့ဦးသာရင်ရဲ့မိန်းမတောင်သူ့လောက် ငိုသံမထွက်ဘူး။

"..သာရင်..မင်းကွာ..မင်းသေတာက
အရေးမကြီးဘူးကွ..ငါ့လေးခွလေးပါသွားတာတော့ရင်နာလို့ကိုမဆုံးဘူး..အီဟီး..
..ကိုအေးဖေရေ ငှက်ပစ်မလို့‌ လေးခွ‌လေး
ခဏလာငှားတာပါဆို..အခုတော့..
မင်းလဲဆုံး ငါ့လေးခွလဲဆုံးပါပေါ့လား..
ဟမယ်လေး..သာရင်ရဲ့..
ငါ့ဥစ္စာလေးပြန်ပေးပြီးမှ..မသာပေါ်ပါတော့လား.."

"ဟာ..ကိုအေးဖေ...ခင်ဗျားအပေါက်ကြီးကို
ပိတ်ထားစမ်းပါဗျာ..တော်ကြာ
မအုန်းမြိုင်ထရိုက်နေလို့..နှစ်‌လောင်းပြိုင် မြေဖို့ခံနေရမယ်..."

"မင်းဘာသိလို့လဲ လှမောင်ရာ ..
ဒီကောင်သာရင်လေ...
ငါ့လေးခွကို ခဏလာငှားပြီး..ငှက်သွားပစ်တာ...
ငါ့မှာတော့ဘယ်အချိန်ပြန်လာပေးမလဲမျှော်လို့
 အခုလူကသေပြီ...
ငါ့လေးခွလည်းပြန်လာမပေးဘူး...
လုပ်ရက်လိုက်လေခြင်း သာရင်ရယ်..."

"ကိုအေးဖေ...ခင်ဗျားတယ်ပြီး ဆိုးနေပါလားဗျ...
လေးခွလေးတစ်လတ်ကို သေရွာအထိ
လိုက်တောင်းနေရတယ်လို့...ဒီမယ်...
အဲ့လေးခွကို ကျုပ်ပြန်လုပ်ပေးမယ်...
ခင်ဗျားရဲ့ကျက်သရေမရှိတဲ့ အပေါက်ကို
အခုပိတ်...."

"မင်းဘာသိလဲ....အဲ့လေးခွက ငါတို့မိသားစုလက်ဆင့်ကမ်းလာတဲ့ အမွေပစ္စည်းကွ..."

"အမယ်လေး မကြား..မကြားဖူးပေါင်ဗျာ...
လေးခွကိုမှ အမွေပေးခဲ့ရတယ်လို...ခင်ဗျားတို့
မိသားစုက အဲ့လောက်မွဲမှန်းအခုမှသိတော့တယ်..."

"ကဲ...တော်ကြပါရှင်....ကိုအေးဖေ..
အသဘုချပြီးတာနဲ့ တော့်လေးခွကို
မြေလှန်ပြီး ပြန်ရှာပေးမယ် စိတ်ချ...
အခုတော့ ကျုပ်ယောက်ျားအလောင်းကို
အေးအေးချမ်းချမ်း မြေချပါရစေတော်...

ဒေါ်အုန်းမြိုင်၀င်ပြောမှပဲ ဦးအေးဖေကြီး
ရှိသမျှအပေါက်အကုန်ပိတ်ပြီး တိတ်တော့သည်။

စံပယ့်မှာလည်း အမြင်တွေများဝေဝါးနေသလားလို့ခေါင်းကိုအတင်းခါရမ်းပြီး မျက်လုံးကိုပြူးနေအောင်ကြည့်လိုက်သည်။
ကြည့်ဆို အခေါင်းထဲမှာစံပယ်မြင်နေရတဲ့
ရုပ်အလောင်းကြီးက ဦးသာရင်မဟုတ်ပဲ
ဦးနေဂုဏ်မာန်ကြီးဖြစ်နေလို့ပါပဲ။
ဘယ်လိုကြည့်ကြည့်သူမှသူပဲ။
သူကဘယ်လိုလုပ်ပြီး အခေါင်းထဲကို ရောက်နေရတာလဲ။

"ဦး..ဦးနေဂုဏ်မာန်..."

"ဟဲ့မိစံပယ်..ဘာတွေပြောနေတာလဲ..
ဘယ်သူလာလို့လဲ.."

"ဦးနေဂုဏ်မာန်လေ.."

"ဘယ်သူ...ဘယ်သူ့ကိုပြောတာလဲ..နင်ပြောနေတဲ့လူကဘယ်မှာလဲ.."

"ဟို..ဟိုမှာလေ..အခေါင်းထဲမှာ
တုံးလုံးကြီးလဲပြီး သေနေတာ.."

"ဟမ်.."

မိမိုးကကြောင်ပြီး စံပယ့်ကိုပြန်ကြည့်လာတော့ စံပယ်လည်း ကိုယ့်ဘာသာပေါက်ကရတွေ
ပြောမိတာကို သတိထားမိသွားရသည်။
ထို့ကြောင့် အသုဘချနေတဲ့နေရာမှ
အမြန်လစ်လာလိုက်ရသည်။မဟုတ်ရင် စိတ်တွေဝေဝါးပြီး ဦးနေဂုဏ်ကြီးကိုပဲ မြင်ယောင်နေမှာ သေချာတယ်။

အိမ်ကိုရောက်မှ ရေအမြန်သောက်ပြီး
ရင်အေးအောင်လုပ်ရသည်။ဟိုတစ်ခါရည်းစားစကားအပြောခံရပြီးကတည်းက စိတ်တွေကအဲ့လူအကြောင်းပဲတွေးနေမိတာ။အခေါင်းထဲက အလောင်းကောင်ကြီးကိုတောင်အလွတ်မပေးပဲ သူလို့မြင်နေမိတဲ့အထိဖြစ်‌နေပါလား။

"မိစံပယ်..မိစံပယ်..နင်တော့ဆေးမမှီတော့ဘူး"

🌼🌼🌼🌼🌼🌼🌼🌼🌼

အရှိန်ပြင်းစွာတောက်ပနေတဲ့နေလုံးပူပူက
နေဂုဏ်မာန်ရဲ့ဒေါသကိုပိုနှိုးဆွပေးနေသလို
ဖြစ်နေသည်။

ကားကို ပိတောက်ဝါအိမ်ထဲသို့ အရှိန်ပြင်းစွာ မောင်း၀င်လိုက်ပြီး ပေါ်တီကိုအောက်မှာရပ်လိုက်ကာ အိမ်ကြီးထဲသို့ဒုန်းဆိုင်း၀င်လိုက်သည်။

"ဟယ်..သားနေ..အလည်လာတာလား..
၀မ်းသာလိုက်တာကွယ်..မင်းအဖေသိရင်
ပို၀မ်းသာမှာ.."

"ဒေါ်တင့်...ချယ်ရီစူးရှိလား.."

ဒေါ်တင့်နဲ့ ဘာစကားမျှ အပိုမပြောတော့ပဲ
ဟိုမိန်းမယုတ်ရဲ့ နာမည်ကိုသာ တန်းမေးလိုက်သည်။
ဒီမိန်းမနဲ့သူ ဒီနေ့ပဲချက်ချင်း စာရင်းရှင်းရမှ
ဖြစ်မယ်။

"ရှိပါတယ်..အပေါ်ထပ်မှာပါ.."

"သွားခေါ်လိုက်..နေဂုဏ်မာန်က သိပ်တွေ့ချင်နေတယ်လို့ပြော.."

"အေး..အေးပါကွယ်..."

ဒေါ်တင့်လာခေါ်တော့ ချယ်ရီစူးလည်း
နေဂုဏ်မာန်ခေါ်တယ်ဆိုလို့အံ့ဩနေမိသည်။
အောက်ထပ်ဧည့်ခန်းကိုရောက်တော့ သူမကိုမြင်သည်နှင့် ကိုနေက ဝုန်းဆိုထရပ်ပြီး သူမဆီသို့ ခြေလှမ်းကျဲကြီးများနှင့် လှမ်းလာလေသည်။

အေးစက်ပြီးစူးရှလွန်းတဲ့သူ့မျက်၀န်း‌တွေထဲမှာ မုန်းတီးမှုတွေပါ ရောပါနေသလိုပဲ။
ရက်စက် ခက်ထန်မှုတွေပါ၀င်‌နေတဲ့  သူ့ရဲ့‌ဒေါသမျက်၀န်းတွေက သိပ်ကြောက်ဖို့ကောင်းတယ်။

အနားကိုချက်ချင်းရောက်လာပြီး သူ့လက်ကို‌
မြှောက်ချလိုက်ချိန်မှာ ချယ်ရီရှောင်ချိန်ပင်မရလိုက်ပါ။

"ဖြန်း!!!!"

"အာ့!!!..."

"အမယ်လေး..သားနေ.."

ရိုက်ချက်ပြင်းလွန်းလို့ ချယ်ရီ့ရဲ့မျက်နှာ‌ဟာလည်ထွက်သွားပြီး လူပါယိုင်ကျသွားသည်။
ကျိန်းစပ်သွားသည့် ပါးပြင်ကိုအုပ်ကိုင်ပြီး ချယ်ရီသူ့ကို မော့ကြည့်လိုက်တော့ သူဟာဒေါသမပြေသေးသည့်နယ် လက်သီးကိုဆုပ်ထားပြီး ချယ်ရီ့ကိုလည်း မျက်မှောင်ကြီး ကြုံ့ပြီး ကြည့်လာသည်။
ဒေါ်တင့်လည်း သူ့ပါးစပ်ကို သူပိတ်ပြီးရပ်နေရာမှမလှုပ်ရဲပေ။

နေဂုဏ်မာန်ဟာ ချယ်ရီစူး၏ လည်ပင်းအိင်္ကျီ‌စကို ဆောင့်ဆွဲထားပြီးမီးတောက်တော့မဲ့အကြည့်နဲ့
ကြည့်လိုက်သည်။ယောက်ျားတစ်ယောက်သာဆိုရင် အသ က်ထွက်အောင်ကို ဆွဲထိုးပစ်မိမှာသေချာတယ်။နဂိုအမုန်းစိတ်အခံ‌ကြောင့် ဒီမိန်းမရဲ့မျက်နှာကို ကြည့်လေ ရွံလာလေပဲ။

"အဟင်း..ဘာတဲ့ဗိုက်တစ်လုံးနဲ့ကျန်ခဲ့မယ်..
ကိုယ်နဲ့နှိုင်းရင်ရိုင်းတယ်တဲ့..ငါ့မိန်းကလေးကို
ပြောခဲ့တာတွေက တစ်ချိန်တုန်းကမင်းလုပ်ခဲ့တာတွေမဟုတ်ဘူးလား..ဟမ်!!..
မင်းကြောင့် ငါ့မာမီသိပ်ကိုစိတ်ဆင်းရဲခဲ့ရတယ်
..ရွံစရာကောင်းတဲ့မင်းရဲ့ပါးစပ်က ရင်သွေးဆိုတဲ့စကားကြောင့်ပဲ..
ထွီ!!!.‌မှတ်ထား!!လောကမှာငါအရွံဆုံးမိန်းမက
မင်းပဲ..ခွေးထက်အောက်တန်းကျတဲ့မိန်းမ..
မင်းလိုရွံစရာကောင်းတဲ့မိန်းမပျက်ကို..
ဒယ်ဒီနဲ့လက်ချင်းတွဲထားရင်တောင်..
ငါ့ကိုယ်ထဲကဒယ်ဒီ့သွေးတွေ‌ကိုဖောက်ထုတ်
ပြစ်လိုက်ချင်တယ်..နောက်တစ်ခါ..စံပယ့်ကိုလက်ဖျားနဲ့ထိဖို့မပြောနဲ့..စကားတစ်လုံးကျွံရင်တောင်..မင်းဘ၀ကြီး..စုတ်ပျက်သတ်သွားမယ်..ကြားလား!!! "

"ဒါပေမဲ့..သူ့လိုဆင်းရဲပြီး ပညာမဲ့တဲ့မိန်းကလေးတစ်ယောက်ကရှင့်လိုလူမျိုးနဲ့တန်လို့လား..
ကိုနေ..ရှင့်ကုတင်ပေါ်ကိုတက်နိုင်ဖို့ ဖြူစင်ချင်ယောင်ဆောင်ပြီး..ရှင့်ဆီကရှိသမျှအကုန်ခြူစားသွားမှာနော်.."

"ဖြန်း!!!!"

"အာ့!! အစ်!!အစ်!!"

"သားနေ..မလုပ်ပါနဲ့..မင်းဒယ်ဒီပြန်လာရင်.."

သူ့အသဲထဲအထိ စူးကနဲနာကျင်စေတဲ့စကားက သူ့ကိုလုံး၀ဟန်မဆောင်နိုင်အောင်တွန်းအားပေးလိုက်တာကြောင့် ချယ်ရီစူးကိုအားကုန်လွှဲရိုက်လိုက်ရုံနဲ့အားမရတော့ပဲ လည်ပင်းကိုပါအသားကုန်ညစ်ပစ်ချင်လာသည်။သူမရဲ့ အိင်္ကျီလည်စကို ပိုအားထည့်ကာ ဆွဲ‌နေမိသည်။သူမရပ်တန့်ပစ်ချင်ဘူး ။မာမီဆုံးပြီးတည်းက ဒီမိန်းမကို သူဒီလိုလုပ်ပစ်ချင်ခဲ့တာ။

သူမလည်ပင်းကို သူအသားကုန် ညှ စ်နေမိတာကြောင့် မျက်နှာကြီးနီတင်းလာပြီးမျက်လုံး၊မျက်ဆံတွေ ပြူးလာလည်းပဲ သူမသနားဘူး။

"အာ့!!အစ်...အစ်.."

"မှတ်ထား!!သူနဲ့တန်လို့ငါကပေးတာ မင်းကသာ ပညာတတ်ပြီး အောက်တန်းကျတဲ့မိန်းမ...
သူကမင်းလိုအတွင်းရောအပြင်ရောပုပ်အက်..
စုတ်ပျက်နေတဲ့မိန်းမပျက်မဟုတ်ဘူး..
ငါ့ကုတင်ပေါ်ကိုသူကမတက်နိုင်ရင်တောင်..
ငါကပန်းလှေကားထောင်ပြီးကိုတင်ပေးအုံးမှာ..
နောက်တစ်ခါမင်းရဲ့သောက်ပါးစပ်ကသူ့တန်ဖိုးကိုယောင်လို့တောင် မတွက်မိစေနဲ့.."

"သားနေ..လွှတ်လိုက်ပါကွယ်..သေ..သေသွားလိမ့်မယ်..မင်းအဖေနဲ့ပြဿနာမတက်ချင်ပါနဲ့
ဒေါ်ကြီးတောင်းပန်ပါတယ်.."

ဒေါ်တင့်သတိပေးတာကြောင့်မဟုတ်ပဲ
ဒီမိန်းမကို သ တ်ပြီး သူ့ဂုဏ်သိက္ခာနဲ့ လဲလှယ်ဖို့မတန်လို့ လည်ပင်း ညှစ်ထားတဲ့ လက်တွေကိုဖြေလျှော့ပစ်လိုက်သည်။
ပြီးနောက် ဘာစကားတစ်ခွန်းမှ ထပ်ပြောဖို့
မတန်လို့ ထိုမိန်းမကို စောင့်တွန်းလွတ်ခဲ့ပြီး
သူ့ကားဆီသို့သာ ပြန်သွားလိုက်သည်။

"အဟွတ်..အဟွတ်..အဟွတ်.."

ချယ်ရီစူးမှာ လည်ပင်းက နာကျင်မှုကိုပြန်စမ်းကြည့်ပြီးနေဂုဏ်မာန်မောင်းထွက်သွားတဲ့ကားကို မျက်ရည်တွေကြားမှကြည့်‌နေမိလေသည်။
စိတ်ထဲတွင်လည်း စကားလုံးများစွာအံထွက်လာသည်။

"ကျွန်မဘ၀မှာ မယားငယ်နေရာတစ်ခုကို
အရယူမိတဲ့ အားထုတ်မှုတွေရဲ့နောက်ဆုံးပန်းတိုင်ကရှင်ပဲနေဂုဏ်မာန်‌...အကြည့်တစ်ချက်မှာတင်ချစ်ခဲ့မိတဲ့ကျွန်မက..ရှင့်ကိုမရလို့..ရှင်နဲ့အနီးဆုံးမှာရှိနိုင်အောင်ကောက်ကျစ်ခဲ့မိတာမှားလား..
ရှင့်မာမီအတွက်စိတ်မကောင်းဖြစ်ခဲ့ပေမဲ့..
ချယ်ရီနောင်တမရဘူးသိလား..ချယ်ရီ့ရဲ့ကြိုးစားအားထုတ်မှုတွေက တစ်ချိန်ချိန်မှာ ရှင်နဲ့နီးစပ်ဖို့ဖြစ်နေလို့ပဲ..ရှင့်အမေရဲ့ ဘေးနားမှာ ကျွန်မပြုစု‌ပေးနေခဲ့တုန်းက နိုင်ငံခြားကနေ ပြန်လာတဲ့ တက္ကသိုလ်ကျောင်းသားလူငယ် ပုံစံလေးကို အခုထိမျက်လုံးထဲမှာ မြင်ယောင်နေမိတုန်းပဲ...စတွေ့မိတဲ့အချိန်မှာတင် ကျွန်မရှင့်ကို စွဲလမ်းမိခဲ့ရတာ ...
တိုက်တိုက်ဆိုင်ဆိုင် ရှင်နဲ့ကျွန်မ အကြည့်ချင်း
ဆုံမိတော့ ရှင်ပြုံးလိုက်တဲ့အပြုံးလေး....
ခဏတာလေးပေမဲ့ အခုထိမှတ်မိနေတုန်းပဲ....
ကိုနေဂုဏ်မာန်...ရှင်ဟာကျွန်မအမြဲမက်နေကြ အိပ်မက်ထဲက စိတ်ကူးယဉ်မင်းသားလေးဆိုတာ ရှင်သိရဲ့လား...
ရှင့်ကုမ္ပဏီမှာ ကျွန်မအလုပ်၀င်ခိုင်းထားတဲ့
မိုးမမပြောလို့ စံပယ်မွှေးကိုအခန်းထဲမှာ
ပိတ်မိအောင် လုပ်ခိုင်းခဲ့မိတယ်...
ကျွန်မရဲ့ ကြိုးစားမှုတွေအရာမထင်ခဲ့ဘူး....
မစားရတဲ့အမဲကို သဲနဲ့ပက်တယ်လို့ပဲပြောပြော..
ကျွန်မမှမပိုင်ရရင်..ဘယ်သူပိုင်တာမှလဲမမြင်ချင်ဘူး.."

မျက်ရည်တွေကြားမှ သူမရဲ့ကောက်ကျစ်တဲ့မဲ့ပြုံးတစ်ခုကို ဒေါ်တင့်ကြည့်ပြီးစိတ်တွေလေးလံနေမိသည်။

"အော်လူတွေ..လူတွေ..ရတာမလို..လိုတာမရဖြစ်နေကြပါလား..လူ့ရဲ့လိုအင်ဆန္ဒကိုနတ်တွေတောင်မ‌ဖြည့်ဆည်းပေးနိုင်ဘူးဆိုတဲ့စကားက..တယ်မှန်ပါလားနော်.."

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ဧရာ၀တီတိုင်း

🎶လ၀န်းကလေးနဲ့တူတယ် မေ့ကိုလား
ကွယ်🎶
🎶အသဲထဲစွဲနေပါသတဲ့ သူညာတယ်🎶
🎶ချစ်ခွင့်ပန် ချစ်စကားလေးတွေမှာ
ကွယ်🎶
🎶စမ်းကျရေစီးသံ တေးအသွယ်သွယ်🎶
🎶အလှပန်း သည်းမြညှာမှာ
ဝေ့လယ် ဝေ့လယ်🎶
🎶သူ့အချစ် လိပ်ပြာငယ်လေး လာနေ
တယ်🎶
🎶ဘ၀တစ်သက်တာ ခိုနားဖို့ကိုကြံရွယ်🎶
🎶ချစ်မေတ္တာ အဖြေခက်သားကွယ်🎶

ကောက်စိုက်သမတွေ တစ်ယောက်နဲ့တစ်ယောက်တူညီ သံပြိုင်သီဆိုနေကြသည့် "စဉ်းစားကာနေရအုံးမယ်ဆိုတဲ့" မာမာအေးရဲ့သီချင်းက စံပယ်နဲ့အင်မတန်မှတိုက်ဆိုင်နေလေသည်။

မနက်ဖြန်ဆိုရန်ကုန်ပြန်ရမှာဖြစ်လို့ သူ့ကိုဘယ်လိုအဖြေပေးရမလဲ တွေးနေရတာလဲ ပန်ဒါ၀က်၀ံရုပ်ပေါက်တော့မည်။

"ကဲ..အဆိုတော်တို့ရေ ထမင်းစားကြအုံးစို့ဟေ့.."

အပျိုကြီးမရင်ရဲ့ခေါ်သံအဆုံးမှာ လယ်သူမတွေဟာ အပေါ်ပြန်တက်ကြပြီလှည်းလမ်း‌ကြောင်း
နံဘေးရှိ အရိပ်ကောင်းသော နေရာလေးမှာအကုန်စုပြုံထိုင်ကြလေသည်။လယ်ထဲ၊ကိုင်းထဲဆိုတော့ တောလေပြေကလည်း တဟူးဟူးနဲ့ အေးလို့ပင်။

နေပူလွန်းတာကြောင့် ကောက်စိုက်သမတွေကလည်း သနပ်ခါးကို မျက်နှာတစ်ခုလုံး ထူပိန်းနေအောင် အပြည့်လိမ်းကာ ခေါင်းမှာလည်း ပုဆိုးစတွေကို ပေါင်းထားကြသည်။ထို့အပြင် နေပူဒဏ်ကို ကာကွယ်ရန် အိင်္ကျီလက်ရှည်တွေ ၀တ်ထားကြပြီး ဝါးခမောက်ကိုယ်စီ ဆောင်းထားကြလေသည်။

ထမင်းစားဖို့ရန် ကိုယ်ဆီယူလာကြသည့် ထမင်းဗူးလေးတွေကို ဖွင့်လိုက်ကြပြီး ကိုယ်တိုင်ချက်လက်ရာလေးတွေကို တစ်ယောက်တစ်လှည့် မျှစားနေကြလေသည်။
 
စံပယ်တို့ တောသူတောင်သားတွေအဖို့
ဟင်းဖွယ်ဖွယ်ရာရာတွေမလိုအပ်ပါဘူး။
ငါးပိရည်ကောင်းနဲ့ တို့စရာစုံနေရင်ကိုစား၍မြိန်ကြသူတွေပါ။

"ဟဲ့အပျိုကြီး တော်မနေ့ညနေက ရေဒီယို နားထောင်လိုက်ရသေးလား.."

"အေးနားထောင်လိုက်ရတယ်လေ..
ဘာဖြစ်လို့လဲ မိစိုးရဲ့.."

"မနေ့ကလေ..မန္တလေးFMကနေမြန်မာနိုင်ငံရဲ့
အချမ်းသာဆုံးထဲကတစ်ယောက်ဖြစ်တဲ့
နေဂုဏ်မာန်ဆိုတဲ့လူအကြောင်းကိုလွှင့်တယ်ဟဲ့..
သူက အသက်နှစ်ဆယ့်ကိုးနှစ်ပဲရှိသေးတာတဲ့တော်
..ပိုင်ဆိုင်မှုကလည်းနည်းတာမဟုတ်ဘူး..."

"ဘာလဲမိစိုး..တော်ကအဲ့ပုဂ္ဂိုလ်ကိုမှန်းချင်နေတယ်ပေါ့လေ.."

"မှန်းတော့ဘာဖြစ်လဲတော်..စိတ်ကူးထဲမှာ
တိုက်အိမ်ဆောက်တာပဲဟာ..အထက်တစ်ရာလောက်ဆောက်လိုက်မှာပေါ့..
ဟီဟိ..ကျုပ်စိတ်ကူးထဲမှာတော့သူနဲ့ကလေး
တစ်ဒါဇင်တောင်မွေးပြီးနေပြီ.."

"အမယ်လေးတော်..."

မိစိုးရဲ့စကားကြောင့် အပျိုကြီးမရင်ခမျာ
 ကိုယ့်နှာဖူးကိုယ်ပြန်ရိုက်ယူရတဲ့အဖြစ် ရောက်နေသည်။

ဒီမိစိုးကတော့ကိုရီးယားမင်းသားဆိုလဲ
သူနဲ့ညားတာပဲ။ကုလားမင်းသားလဲ အကုန်
သူ့လင်ချည်းပဲ။တကယ်မနိုင်တာပါ။

စံပယ်လည်းသူတို့စကားကြောင့်တွေးရပြန်သည်။

ဦးနေဂုဏ်မာန်နဲ့ စံပယ့်ဘ၀က မိုးကောင်းကင်နဲ့မြေကြီးလိုဘယ်တော့မှမထိနိုင်ပါဘူး။
မစိုးလိုစိတ်ကူးလေးယဉ်မိတာတောင်
ယုတ်တိမရှိရလေမလားလို့ ကဲ့ရဲ့ချင်နေကြရင်
သူနဲ့သာ တကယ်သမီးရည်းစားဖြစ်သွားပါကချယ်ရီစူးဆိုတဲ့မိန်းမ‌ကဲ့သို့ စွပ်စွဲပြောဆိုမဲ့သူတွေ
ကတစ်ပုံကြီးရှိနေမှာကျိန်းသေတယ်။

ရည်းစားလေးတစ်ယောက်ထားဖို့ကို ကိုယ့်အလှည့်
ကျမှတော်တော်တွေးယူနေရပါလားနော်
စံပယ့်ညီမ လင်‌နောက်လိုက်တုန်းက ဘယ်လိုတွေးပြီးလိုက်သွားခဲ့လဲမသိပါဘူး။

"ဟဲ့မိစံပယ်...ဘာတွေတွေးနေလို့..ငူငိုင်နေရတာလဲ..ဘာလဲမနက်ဖြန်ရန်ကုန်ပြန်ရတော့မှာမို့..ရည်းစားလေးနဲ့ချိန်းတွေ့ဖို့ ကြိုတင်အကြံထုတ်နေတာလား.."

"ဘယ်ကရည်းစားရှိရမှာတုန်း...."

"ဟင်..ငါ့တို့ရဲ့အချောအလှလေးက တကယ်ပဲရည်းစားမရှိဘူးလားဟယ်...ရွာထဲက ဒေါ်ငွေအိရဲ့ သမီးတောင် အသက်ဆယ့်ငါးနှစ်နဲ့ လင်နောက်သွားတာ မြန်ချက်ပဲ....တကယ်မလွယ်တဲ့ ကလေးတွေပါအေ....ရှေ့ရေး၊နောက်ရေးမတွေးတောကြဘူး...
ညည်းရော...အဖြေတောင်းတဲ့သူတွေဘာတွေ
မရှိ‌ဘူးလား..ရှိရင်ကြိုပြောနော်...
ငါတို့ကညီမလေးလို သဘောထားလို့
မဟုတ်မဟက်လူတွေနဲ့ အဖြစ်မခံနိုင်ဘူး..."

"အဖြေတောင်းထားတဲ့လူက..တစ်ယောက်တော့ရှိတယ်.."

"ဟယ်..‌ ပြောစမ်း..ပြောစမ်း..ဘယ်သူလဲ.."

"စံပယ်ပြောရင်ရော..ယုံကြမှာလား.."

"ယုံပါတယ်ဟယ်..ပြောမှာသာပြော.."

"ခုဏကမစိုးပြောပြတဲ့ ရေဒီယိုထဲက
အရမ်းချမ်းသာတဲ့ သူဌေး ဦးနေဂုဏ်မာန်ပဲ..."

"ဟင်..."

"ဘာ!?!..."

စံပယ့်စကားကြောင့်အကုန်လုံး မျက်လုံးပြူးကုန်ကြပြီး တစ်ဟားဟားရယ်ကုန်ကြသည်။
တွေ့လားမယုံကြပဲနဲ့ လာမေးနေကြတယ်။

"ဟား..ဟား..ဟား..ဟာ..အဟွတ်..အဟွတ်.."

"စံပယ်ရယ်..ရယ်ရလွန်းလို့ ငါအူတက်ပြီးသေရင်နင့်ကြောင့်နော်..ဟား..ဟား.."

"နေဂုဏ်မာန်ကနင့်ရည်းစားဆိုရင်..
ကိုရီးယားမင်းသာ ဆုန်ဂျူးကငါ့အ‌ဖေပေါ့
..ဟား..ဟား..အဟွတ်...အဟွတ်"

"ဟဲ့..ဟဲ့...ညည်းနယ် စားပြီးသားတွေ ပြန်ထွက်တော့မှာပဲ....ဖြည်းဖြည်းရယ်ပါဟယ်...."

မစိုးကြီးခမျာ ဘယ်ထဲကလှောင်ချင်နေသလဲ
မသိပါဘူး။အရယ်လွန်ပြီး သီးတောင်သီးတယ်။
မသိရင် စံပယ်ကပြက်လုံးထုတ်လိုက်သလိုပါပဲ။
‌ဦးနေဂုဏ်မာန်ရေ ရှင်တောင်းတဲ့ချစ်အဖြေကကျွန်မသူငယ်ချင်းတွေအတွက်တော့ဟာသတစ်ပုဒ်သာသာပဲရှိပါတယ်။

အခန်း(၁၄)ဆက်ရန်....

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼


#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်


No comments:

Post a Comment

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း ၁"

    "သနပ်ခါးရနံ့လေးကြူကြူမွှေး"   " အခန်း ၁" တောသူတွေမယ်...အရိုးခံပါကွယ် ချစ်တယ်..ကြိုက်တယ်..ဆိုလာပါတဲ့ ကိုလူညိုထွား.......