Saturday, October 11, 2025

🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼 🌼 အခန်း၈🌼

 


 

 

🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼 အခန်း၈🌼

သင်္ကြန်ပိတ်ရက်ပြီးကတည်းက အလုပ်၀င်ရတာဒီနေ့နဲ့ဆို နှစ်ပတ်ရှိနေပြီ။

ဟိုတစ်ခါညဘက်ကြီး"ကိုယ်ကလွမ်းလို့ဖုန်းဆက်တာ"ဆိုသည့်ကိစ္စနဲ့ပတ်သတ်ပြီး သူဌေးကို
"တော်ဘာသဘောနဲ့ပြောတာလဲ"ဟုခါးထောက်ပြီးသာမေးလိုက်ချင်သည်။

သို့ပေမဲ့  ဟိုကဩဇာကြီးပြီး ရှန်းးရှန်းတောက်ချမ်းသာတဲ့သူဌေးမင်းကြီးလေ ကိုယ်က
ဟိုးအောက်ခြေကအနိမ့်ဆုံးအလုပ်သမား ၊
နံ့သာဆီနဲ့အီးလိုဘ၀က ဘာတွေကိုများမေးချင်နေတာလဲ မိစံပယ်ရယ်လို့သာ ကိုယ့်အတွေးကို
ပြန်ရှုံ့ချလိုက်မိသည်။

"ဟေ့..စံပယ်ရေ..ဘာတွေတွေးနေတာလဲ..မြန်မြန်သန့်ရှင်း..တော်ကြာမင်းသမီးကအ၀တ်အစားလာလဲတော့မှာ..."

"ဟုတ်..ဟုတ်ကဲ့ပါ.."

ဒီနေ့ကIDGကုမ္ပဏီရဲ့လက်‌‌အောက်မှ ဘဏ်အသစ်အတွက် မင်းသမီးရွှေသိင်္ဂီနှင့်ကြေငြာရိုက်တဲ့နေ့ဖြစ်တာကြောင့် စံပယ်တို့သန့်ရှင်းရေးဌာနမှ
 လူအချို့ဟာ ဘဏ်မှာမနက်အ‌စောတည်းက
လာရှင်းလင်းနေရလေသည်။

အကုန်ပြီးသွားပေမဲ့ မင်းသမီးအ၀တ်လဲရန်နှင့်မိတ်ကပ်လိမ်းမည့်အခန်း ကျန်နေသေးတာကြောင့် စံပယ်နဲ့မမွန်ဟာ မင်းသမီးမိတ်ကပ်လိမ်းမည့်အခန်းထဲသို့ ၀င်၍ ရှင်းလင်းရေးလုပ်နေရခြင်းဖြစ် လေသည်။

IDGကုမ္ပဏီတွင် သန့်ရှင်းရေး၀န်ထမ်းတွေ
ဘာကြောင့်အများကြီး ခန့်ထားရသလဲလို့
အစကတွေးကြည့်ခဲ့ဖူးတယ်။
တကယ်တော့ ဦးနေဂုဏ်မာန်ဟာ လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဆိုတာပါပဲ။

သန့်ရှင်းရေး ၀န်းထမ်းအချင်းချင်း ပြောကြပုံအရဆိုရင် ငါးနှစ်လောက် နိုင်ငံခြားကနေပဲ သူ့လုပ်ငန်းတွေကို လှမ်းပြီးဦးစီးချုပ်ကိုင်နေရင်းကနေ
သိပ်မကြာခင်ကမှ မြန်မာကိုပြန်လာခဲ့တယ်လို့ သိခဲ့ရတယ်။

အစက စံပယ်ထင်တာဟာ သူပိုင်ဆိုင်တာက IDGကုမ္ပဏီတစ်ခုထဲသာ ရှိသည်ဟု ထင်ထားခဲ့တာမိသည်။
နောက်ပိုင်း ရန်ကုန်ထဲမှာတင် နေရာတော်တော်များများကို သန့်ရှင်းရေးလုပ်ဖို့ အဖွဲ့တွေ ခွဲလွှတ်ခံရတော့မှ သူပိုင်တဲ့ ဘဏ်ခွဲတွေ၊ ကုမ္ပဏီတွေနဲ့ ဟော်တယ်တွေကို သိခွင့်ရခဲ့တယ်။

အဲ့ဒီ့အချိန်တည်းက စံပယ်သူ့ရဲ့ အရှိန်အဝါကို
နည်းနည်း လန့်သွားမိခဲ့တယ်။
တွေးလည်းတွေး သန့်ရှင်းရေးလည်း လုပ်ရင်းကနေ
မိတ်ကပ်အခန်းကို သန့်ရှင်းရေးလုပ်လို့ ပြီးသွားခဲ့လေသည်။

"ကဲ..မမွန်‌ရေ..ပြီးသွားပြီဆိုတော့စံပယ်တို့
အောက်ထပ်ကိုပြန်ဆင်းကြရအောင်.."

"ဟဲ့နေပါအုံးဟယ်..မင်းသမီးရွှေသိင်္ဂီကအရမ်းချောတာပဲတဲ့..ငါတို့လဲရှူတင်ပြီးတဲ့အထိ..သိမ်းဆည်းဖို့နေရမှာပဲ..ဒီမှာပဲနေရအောင်..မင်းသမီးလေးနဲ့အနီးကပ်တွေ့ရတာ..သူများတွေကိုပြန်ကြွားချင်လို့ပါဟယ်..နော်.."

မမွန်ဟာ စံပယ့်လက်ကိုအတင်းဆွဲပြီး တောင်းပန်သလိုပြောလာတာကြောင့် စံပယ်လည်းလက်ခံဖို့ တွေးလိုက်မိသည်။မင်းသမီး ရွှေသိင်္ဂီဆိုတာ
အင်မတန်ချော၊လှတဲ့လူလို့ သူများတွေအပြောများကြတာကို ကြားဖူးပါတယ်။
စံပယ်လည်း တွေ့တော့ တွေ့ဖူးချင်သား။

"ကဲဟုတ်ပါပြီရှင်.."

"ဟောဟိုမှာ၀င်လာကြပြီ.."

ထိုစဉ်မင်းသမီးနှင့်အဖွဲ့ကအခန်းထဲသို့ ၀င်လာကြပြီး မိတ်ကပ်လိမ်းခြယ်ကာ အ၀တ်အစားလဲကြလေသည်။မမွန်တစ်ယောက် မင်းသမီးရဲ့လက်မှတ်ကိုလိုချင်လို့နဲ့တူပါရဲ့ ဘယ်တည်းကယူလာမှန်းမသိတဲ့စာအုပ်ကလေးနဲ့ဘောပင်ကိုကိုင်ပြီး မင်းသမီး၏ အနားသို့ တိုးကပ်သွားလေသည်။

"အား!!..အမယ်လေး..လေး..စိုကုန်ပြီ..နင်ဘယ်လိုလုပ်လိုက်တာလဲ!!..တမင်လုပ်တာလား..ဟမ်!!"

မမွန်ဟာ မင်းသမီးနဲ့တွေ့ရတော့ အပျော်လွန်ပြီး
ခြေတုန်၊လက်တုန်ဖြစ်သွားရင်းကနေ ခလုတ်တိုက်မိ၍ အရှိန်လွန်ကာ မင်းသမီးရဲ့ဘေးနားတွင်
ရေခွက်မော့သောက်နေသည့် ၀န်ထမ်းကိုတိုက်မိသလိုဖြစ်သွားလေသည်။

မင်းသမီး၏ ဂါ၀န်အနားစကို ရေစအနည်းငယ်စင်သွားတာကြောင့် ခုဏကရေမော့သောက်နေသော ၀န်ထမ်းကပါ ထပြီးအော်ငေါက်လာသည်။

မမွန်ခမျာ အအော်ခံလိုက်ရ၍ ခေါင်းကြီးကိုငုံ့ထားပြီးငူငူကြီး မတ်တပ်ရပ်ကာ ကြောက်နေပုံပေါ်နေတာကြောင့် စံပယ်လည်းမနေနိုင်တော့ပေ။

"တောင်းပန်ပါတယ်အစ်မရယ်..မမွန်ကမတော်တဆဖြစ်သွားလို့ပါ..ကျွန်မလုပ်ပေးမယ်နော်.."

စံပယ်လည်း လှည်းထဲမှာအသင့်ပါလာသည့်
အ၀တ်စသန့်သန့်လေးကို ယူလိုက်ပြီး မင်းသမီးရဲ့ ဂါ၀န်အနားစလေးကို ရေသုတ်ပေးလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တွေရဲ့ကုမ္ပဏီကနေ
ငှားထားတဲ့၀န်ထမ်းဖြစ်တာကြောင့်
အတတ်နိုင်ဆုံးအမှားနည်းချင်သည်။

"ဟဲ့!!...ဘယ်ကိုလာထိတာလဲ..နင်ကဒီမှာ
ဘာရာထူးမို့လဲ.."

"ဟို..စံပယ်ကသန့်ရှင်းရေးပါ.."

"အမယ်လေး....သန့်ရှင်းရေး၀န်ထမ်းကများ
ငါ့ဂါ၀န်ကိုလာထိရဲရတယ်လို့..သနလိုက်တာ..
လက်တွေက ဟိုအညစ်အကြေးကိုင်..
ဒီအညစ်အ‌ကြေးကိုင်နဲ့...စိတ်တွေညစ်ပါတယ်...
ငါ့ဂါ၀န်ကိုများ လာကိုင်ရဲရတယ်လို့....
ဟဲ့ဒီနှစ်ယောက်ကို..အပြင်မောင်းထုတ်လိုက်တော့လေ..နင်တို့ကလည်း..အကုန်သေနေကြတာလား..
ဒါလေးတောင်မမြင်ကြဘူး..သွား!!.
အကုန်မောင်းထုတ်!!

မင်းသမီး‌ဟာ အသားအရေလေးက ဖြူဥနေပြီး ‌မျက်နှာကလည်း ဘိုဆန်ဆန်နှင့်လှပပါသည်။
သို့ပေမဲ့ စိတ်ဓာတ်ကတော့ အင်မတန်ကိုယုတ်ညံ့သည်ဟု စံပယ် မှတ်ချက်ချလိုက်မိသည်။
စံပယ်တို့နှစ်ယောက်ကို ကြည့်တဲ့အကြည့်တွေဟာ အင်မတန်ရွံရှာ စက်ဆုပ်သလိုအကြည့်မျိုးနဲ့ဖြစ်ပြီး သူ့ကိုယ်သူတော့ အင်မတန် တန်ဖိုးရှိသည့်ဂုဏ်သိက္ခာကြီးလှပါသည် ဆိုသော အမူအရာမျိုးဖြစ်နေသည်။

ရုပ်ရှင်မင်းသမီးဆိုတာ ပရိတ်သတ်တွေအတွက်
စံပြတစ်ယောက်ဖြစ်တာကြောင့် လူလူချင်း
ငှဲ့ညှာတတ်သည်ဟု စံပယ်အစက ထင်ခဲ့မိသည်။
အခြားအနုပညာရှင်တွေကိုတော့မသိပေမဲ့ မင်းသမီးရွှေသိင်္ဂီကတော့ အင်မတန်မောက်မာသည်ဟု မှတ်ချက်ချလိုက်မိသည်။

"ဟဲ့...နင်တို့အခုချက်ချင်း ထွက်သွားကြလေ...
နားတွေ ကန်းနေကြသလားမသိဘူး...ထွက်သွား!!!!"

စံပယ်တို့ကို အခန်းအပြင်ဘက်သို့ အတင်းတွန်းထုတ်ကြပြီး တံခါးကို အသံမြည်အောင် ပိတ်ပစ်လိုက်ကြ‌လေသည်။
ခွေးကလေး၊ကြောင်ကလေးတွေလို မောင်းထုတ်
ခံလိုက်ရသည့် မမွန်နဲ့စံပယ်ဟာအပြင်‌ကိုရောက်တော့ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြသည်။

မမွန်ကတော့ နှာခေါင်းကိုပါ ရှုံ့ပစ်လိုက်ပြီး တော်တော် ၀မ်းနည်းသွား‌ပုံပေါ်သည်။
သူ့ခမျာ မင်းသမီးကို ကြိုက်လွန်းလို့ လက်မှတ်ကလေး ထိုးခိုင်းဖို့ ကြိုးစားမိရာမှ ဖြစ်သွားသည့်အမှားလေးတစ်ခုအပေါ်တွင် တုန့်ပြန်ခံလိုက်ရတဲ့အရာက သူ၀မ်းနည်းချင်လည်း ၀မ်းနည်းစရာပဲကို။

"စံပယ်ရယ်..ငါတို့ကိုလူတွေလို့ရော မြင်ရဲ့လားမသိဘူး..ငါကတော့ သူ့ကိုတီဗွီထဲမှာ မြင်ကတည်းက ချစ်လို့ဥစ္စာ....အခု‌တော့ မောက်မာလိုက်တာဟယ်...ရုပ်က‌လေးနဲ့မှမလိုက်ဘူး...ဘာမင်းသမီးလဲ..ဝေသာလီပြည်က ဘီလူးမကြီးလောက်တောင် စိတ်ဓာတ်မကောင်းဘူး.."
🌼
🌼
🌼
ဘဏ်ထဲတွင် ရိုက်ကူးရေးလုပ်နေကြတာကြောင့် စံပယ်တို့သန့်ရှင်းရေး၀န်ထမ်းတွေလည်း ချောင်မှာကုပ်ပြီး ရိုက်ကွင်းကိုကြည့်ခွင့်ရကြပါသည်။

မင်းသမီးက ခံစားချက်မပါပဲ စာသားတွေကို ခဏခဏ မှားရွတ်နေသည့်အပြင် ဒါရိုက်တာ၏
ခိုင်းစေချက်အတိုင်း သေချာမလိုက်နာတာကြောင့် ဒါရိုက်တာကြီးလည်း စိတ်ညစ်နေပုံပေါ်သည်။
မီးထိုး ၊မှန်ထိုးသမားတွေမှာလည်း အဆင်မပြေ
မချင်း ခဏခဏ ပစ္စည်းတွေမရ သယ်ရဆိုတော့ မျက်နှာတွေက သိပ်မကောင်းချင်ကြတော့ပေ။

 မိတ်ကပ်ဆရာကလည်း ခဏခဏမိတ်ကပ်လာလာဖို့နေတာကြောင့် မင်းသမီး၏မျက်နှာဟာ ဇွန်းနှင့်သွားခြစ်ရင်တောင် မိတ်ကပ်တစ်ပိဿာလောက်တော့ အသာလေးထွက်လောက်သည်။

"အား!!"

"ဟာ..မင်းသမီးဘာဖြစ်တာလဲ.."

ရုတ်တရက်ဆိုသလို မင်းသမီးသည် ဟန်အမူအရာနှင့်လမ်းလျှောက်နေရင်းမှ ‌ သူမစီးထားသော
သုံးလက်မ‌လောက်ရှိသည့်ဒေါက်ဖိနပ်အချွန်ကြီးနဲ့ ကိုယ့်ဂါ၀န်စကိုယ်တက်နင်းမိပြီး ချော်လဲချင်သလို ယိုင်ကျသွားလေသည်။

စံပယ်အပါအ၀င် ကြည့်နေမိတဲ့ လူတွေအားလုံးလည်း မင်းသမီးကို စိုးရိမ်ပြီး မျက်လုံးတွေ ပြူးကျယ်ကုန်ကြသည်။
မင်းသမီးကတော့ ချက်ချင်းဆိုသဘို ဒေါသထွက်သွားသည့် မျက်နှာထားနဲ့ ဘေးလူတွေအားလုံးကို ဝေ့ကြည့်လာသည်။

"..ဒီနေရာကို ဘယ်သူသန့်ရှင်းရေးလုပ်ထားတာလဲ!
..အသုံးကိုမကျကြဘူး...ချောကျိနေတာပဲ...
ဟဲ့သန့်ရှင်းရေးတွေ နင်တို့လုပ်တုန်းက လုပ်ထားကြပြီး....ပါးစပ်တွေက အာစေးမိနေကြတာလား...
ငါမေးနေတယ်လေ...ဒီနေရာကို ဘယ်သူသန့်ရှင်းရေး လုပ်ထားတာလဲ!!!...."

"ကျွန်..ကျွန်မပါ.."

စံပယ်လည်းကိုယ်သန့်ရှင်းရေးလုပ်ထားသည့်
နေရာမို့ ထိတ်လန့်နေပေမဲ့လည်း အပြေးသွားလိုက်သည်။မဟုတ်ရင် စံပယ်တစ်ယောက်တည်းကြောင့် ၀န်းထမ်းတွေ အားလုံးအဆူခံနေရရင် စပယ်လည်းစိတ်မကောင်းဖြစ်ရမှာ သေချာသည်။

"နင်လား..ဒီနေရာကိုသန့်ရှင်းရေးလုပ်ထားတာ.."

"ဟုတ်..ဟုတ်ပါတယ်.."

"နင့်မှာမျက်စိမပါဘူးလား..ကန်းနေတာလား..
ဒီလောက်ကိစ္စသေးသေးလေးတောင်မှ
သေချာစေ့စပ်အောင်မလုပ်နိုင်ဘူး...အခုနင့်ကြောင့်
..ငါချော်လဲမလိုဖြစ်သွားရပြီ..."

"တောင်းပန်ပါတယ်အစ်မရယ်..
ကျွန်မအကုန် ရေပြောင်အောင်သုတ်ထားပေးပါတယ်..ဒီမှာရေတစ်စက်၊ဖုန်တစ်စက်တောင်မရှိပါဘူးအစ်မရယ်..အစ်မရဲ့ဂါ၀န်ကအရမ်းရှည်နေလို့ ဒေါက်နဲ့ငြိပြီးချော်သွားတာပါ..ဒီမှာ..ဒီမှာ
ကျွန်မပြမယ်.."

"ဖြန်း !"

"ဟာ!.."

စံပယ် ကြမ်းပြင်ကိုလက်ညှိုးနဲ့ တို့ထိပြပြီး ပြန်မော့အကြည့်မှာတော့ ပါးပြင်ကို ခပ်ပြင်းပြင်း
ရိုက်အချခံလိုက်ရတာကြောင့် နာကျင်မှုနဲ့အတူ
စံပယ့်မျက်လုံးတွေကို မှိတ်ချလိုက်မိသည်။
အရိုက်ခံလိုက်ရသည့် ဒဏ်ကြောင့် စပ်ဖျင်းဖျင်း ဖြစ်သွားသည့် ပါးပြင်ကို လက်နဲ့အုပ်လိုက်ပြီး
မင်းသမီးကို စံပယ်မော့ကြည့်လိုက်သည်။

"မှတ်ထား..နင့်လို ဘာအဆင့်မှမရှိတဲ့
သန့်ရှင်းရေးမကများ..ငါ့လိုလူကို လာဆင်ခြေ
တတ်ချင်အုံး..လူကြည့်တော့ခွေးလောက်တောင်အဆင့်မရှိပဲ..ငါ့ကိုလာဝေဖန်နေတယ်..
နင်တို့လုပ်ရမှာက ပေးတဲ့တာ၀န်ကို ကျေပွန်အောင်လုပ်ဖို့ပဲ....အောက်တန်းစား၀န်ထမ်း..."

"..ကျွန်မကိုအဲ့လိုတော့မပြောပါနဲ့.."

"အောင်မာ..နင်ကများ..ငါ့ကို.."

"တော်ပါတော့..မင်းသမီးရယ် မရည်ရွယ်ပဲဖြစ်သွားတာကို...ဒီလောက်ပုံကြီးချဲ့မနေပါနဲ့.."

စံပယ့်ကိုထပ်ရိုက်ရန်ပြင်သည့်အတွက် ဒါရိုက်တာကြီးကပါမနေနိုင်ပဲ ၀င်ပြောရတော့သည်။

ဒီနေရာမှာ ပြောဆိုခွင့်ရှိသူဆိုလို့ ဒါရိုက်တာပဲရှိသည်လေ။
ရိုက်ကူးရေးအဖွဲ့သားတွေရော သန့်ရှင်းရေး၀န်ထမ်းတွေအားလုံးကလည်း မပြောသာလို့သာကြည့်နေကြရပြီး မင်းသမီးကိုအကုန်နှာခေါင်းရှုံ့ကြသည်။
မင်းသမီးကတော့ ဒါရိုက်တာလည်း လေးစားသမှု
မရှိပဲ မကျေနပ်သည့် အကြည့်တွေနဲ့ ပြန်ကြည့်လာလေသည်။

"ဟား..ဘာကိုပုံကြီးချဲ့တာလဲ..ရွှေသိင်္ဂီကို
ဒီလိုလာလုပ်လို့မရဘူးနော်..အခုချက်ချင်းသူ့ကိုအလုပ်ဖြုတ်ပေးပါ..မဟုတ်ရင်ကျွန်မIDGနဲ့လုံး၀လက်မတွဲနိုင်တော့ဘူး စာချုပ်ဖြတ်သိမ်း
လိုက်မယ်..."

"ရွှေသိင်္ဂီ....ဒီလိုတော့ မလုပ်လိုက်ပါနဲ့...ရိုက်ကူးရေးကလည်း ရက်အများကြီးလုပ်ရမှာမှ မဟုတ်ပဲ..."

"ကျွန်မပြောတာရှင်းရှင်းလေး ‌ဒီမိန်းမကို အခုချက်ချင်းအလုပ်ဖြုတ်လိုက်ဖို့ IDGက တာ၀န်ရှိသူကို ဖုန်းဆက်လိုက်ပါ မဟုတ်ရင်တော့...
ကျွန်မက ဒီကြေငြာကို ဆက်မရိုက်ပေးနိုင်သလို စာချုပ်လည်း ဖြတ်သိမ်းရလိမ့်မယ်....
ဘယ်လောက်ပဲ နာမည်ကြီးတဲ့ ကုမ္ပဏီ ဖြစ်နေပါစေ
....ကျွန်မလိုလူကို မထီလေးစားလာလုပ်ရင်
အဲ့ဒီ့အကျိုးဆက်ကို ပြန်ခံစားရမှာပဲ....ဒီမိန်းမကို အလုပ်ဖြုတ်ပေးမလား...ကျွန်မနဲ့ကြေငြာစာချုပ်ဖြတ်သိမ်းမလားဆိုတာကို...ဒါရိုက်တာကြီးကိုယ်တိုင် ဖုန်းဆက်ပြီး အခုချက်ချင်း‌မေးလိုက်....

"စာချုပ်ကိုဖြတ်သိမ်းလိုက်လေ..ငါတို့ကလည်း
မင်းနဲ့ဆက်ပြီးအလုပ်လုပ်စရာအကြောင်းကို
မရှိတာ.."

"ဟင်..ဦးနေဂုဏ်မာန်.."

"ဟာ..သူဌေး.."

သူ့ရဲ့ပုံစံအတိုင်း ဘောင်းဘီအိတ်ကပ်ထဲသို့
လက်ထည့်ကာ ဟန်အပြည့်နဲ့လျှောက်လာပြီး စံပယ့်ဘေးမှာရပ်လိုက်လေသည်။

စံပယ်မွှေး၏ မျက်ရည်တွေနဲ့ နီနေ‌သောပါးပြင်ကိုကြည့်မိပြီး သူ့လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်သည်။
ဒီလိုဖြစ်အောင် လုပ်လိုက်သည့် မင်းသမီးအစုတ်ပလုတ်ကိုလည်း မီးတောက်တော့မည့်မျက်၀န်းတွေနှင့် စူးနင့်စွာ ဆိုက်ကြည့်ပစ်လိုက်သည်။

"ဦးနေဂုဏ်မာန်..ရှင့်စကားက ဘာသဘောလဲ..
ရွှေသိင်္ဂီဆိုတာ ဘယ်အဆင့်မှာရပ်နေတဲ့မိန်းမလဲ
ဆိုတာ..ရှင်မသိတာလား.."

"မင်းဘာသာ..နတ်ပြည်မကလို့..ဗြမ္မာ့ပြည်ပဲ
တက်ရပ်နေပါစေ ငါစိတ်မစားဘူး.."

"ရှင်ဘာစကားပြောတာလဲ..ကျွန်မကိုသွေးတိုးလာစမ်းနေတာလား..."

"ကြားတဲ့အတိုင်းပဲလေ..မင်းထင်ချင်သလိုထင်..."

"ရှင်!"

သူ့ကို လက်ညှိုးထိုးလာသည့် ရွှေသိင်္ဂီအား ပို၍လေးနက်စူးရှစွာ သူဆိုက်ကြည့်လိုက်ပြီး
 အရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
ဖြစ်နိုင်ရင် ဒီမိန်းမကို စံပယ့်ကိုလုပ်ခဲ့သလို
ပြန်လုပ်ချင်တာပါ။သို့ပေမဲ့ သူ့ရဲ့ပုံရိပ်က ဒီလိုမိန်းမကို ကိုယ်ထိလက်ရောက် လုပ်လိုက်ဖို့ လုံး၀မတန်ဘူး။

"မင်းရဲ့ အဲ့ဒီ့လက်ညှိုးကို..ကိုယ့်ဘက်ကိုယ်ပြန်ထိုးလိုက်ရင်ကောင်းမယ်..မင်းရဲ့စကားအတိုင်းဆိုရင်..
ငါ့အဆင့်က မင်းလိုမိန်းမမျိုး...လက်ညှိုးထိုးနိုင်တဲ့အဆင့်မဟုတ်ဘူး.."

"ရှင်...မိုက်ရိုင်းလှချည်လား.."

"အဟက်..မင်းလောက်တော့မရိုင်းသေးပါဘူး..
ရှင်းရှင်းပဲပြောမယ်..ငါ့ရဲ့ဘဏ်ကိုပုံရိပ်ကောင်းပြီး
..နောက်ခံသန့်ရှင်းတဲ့ ဂုဏ်သိက္ခာရှိအနုပညာသမားတွေနဲ့ပဲလက်တွဲပြီးအလုပ်လုပ်ချင်တယ်..
ငါ့ရဲ့ မန်နေဂျာ မင်းကိုရွေးချယ်ခဲ့တုန်းက
ငါမငြင်းခဲ့မိတာ အတော်နောင်တရမိတယ်...
အစကတော့ အေးဆေး ဆွေးနွေးမလို့လာခဲ့တာပဲ...
ငါ့၀န်ထမ်းကို ရိုင်းစိုင်းစွာ ပြောဆိုနေတာမြင်လိုက်ရတဲ့အတွက် ..ငါလည်းလူလည်ခေါင်မှာပဲ ပြောတော့မယ်...မင်းလိုအကျင့်စာရိတ္တ ပျက်ပြားနေတဲ့လူမျိုးနဲ့လက်မတွဲနိုင်ဘူး..အဲ့တော့စာချုပ်ကို ဒီနေ့ပဲ
ဖြတ်သိမ်းကြတာပေါ့.."

 ရွှေသိင်္ဂီဟာ အသံဩဇာကြီးကြီးနှင့် တစ်ခန်းလုံးဟိန်းထွက်‌သွားလောက်အောင် ပြောလိုက်သည့်
ဦးနေဂုဏ်၏ စကားကြောင့် ပတ်၀န်းကျင်က လူတွေကို ဝေ့ရမ်းကြည့်လိုက်ပြီး ရှက်‌ဒေါသဖြစ်သွားလေသည်။
နာမည်ကြီး လုပ်ငန်းရှင်တစ်ယောက်၏ ပြောဆိုဝေဖန်မှုကို ခံနေရသည်မို့ သူမပို၍ သိက္ခာကျလိမ့်မည်မှာ မလွဲပေ။

"..ဒီကိစ္စကို အဲ့လောက်လွယ်မယ်ထင်နေရင်..
ရှင်သိပ်မှားသွားမှာပေါ့..ကျွန်မကိုဒီလိုလာမစမ်းနဲ့..
ရှင့်ဘဏ် ဒုက္ခရောက်သွားမယ်နော်..ကျွန်မရဲ့
ဖန်တွေကို တစ်ချက်လက်တို့လိုက်တာနဲ့....
ရှင်ဘာဖြစ်သွားမယ်ထင်သလဲ..."

နေဂုဏ်မာန် မဲ့ပြုံးပြုံးလိုက်ရင်း ဖုန်းကိုထုတ်ကာ
ရွှေသိင်္ဂီ၏မျက်နှာအရှေ့တွင် ထောင်ပြလိုက်သည်။

"အဟင်း..ဒုက္ခကမင်းရောက်မလား..
ငါရောက်မလား..ဒါကိုကြည့်လိုက်ရင်သိလိမ့်မယ်
..ဒီမနက်ပဲ..အိုကြီးအိုမတစ်ယောက်နဲ့ မင်းကလပ်မှာဖြစ်ပျက်နေတာတွေ အွန်လိုင်းပေါ်တက်လာတယ်..မင်းငါ့ကိုလာထိရင်..အနုပညာလောကထဲ
မှာတောင်ဆက်ပြီး ရပ်တည်နိုင်တော့မယ်မထင်ဘူး
ငါဘာကောင်လဲဆိုတာ မင်းသိပါတယ်..
အဲ့တော့မင်းနဲ့ဆက်ပြီးလက်တွဲရင် ငါ့ရူးနေလို့ပဲ.."

"ရှင်!"

နေဂုဏ်မာန်၏ ထိချက်ပြင်းစွာ ပြောဆိုလိုက်မှုကြောင့် ရွှေသိင်္ဂီလည်း အရှက်မျက်နှာနှင့်
 ရူတင်ကလူတွေ‌ကိုတောင် ခေါင်းမော့မကြည့်နိုင်ပဲ ပြန်သွားခဲ့ရလေသည်။

"ဒါရိုက်တာ.."

"ဘာပြောချင်လို့လဲ...မောင်နေဂုဏ်.."

"ဒီမှာကြေငြာပုံစံပြောင်းတဲ့..ဇာတ်ညွှန်း..ပုံမှန်အနုပညာရှင်တွေနဲ့ရိုက်မဲ့အစား..ဘဏ်၀န်ထမ်းတွေရယ် သာမန်အရပ်သားတွေရယ်ကိုပဲထည့်ပြီး..
သဘာ၀ကျကျနဲ့ဘဏ်ရဲ့ ၀န်ဆောင်မှုနဲ့ယုံကြည်မှုပေးစွမ်းနိုင်ပုံကိုပဲ အကောင်းဆုံးပုံဖော်ပေးပါ.."

"မောင်နေဂုဏ်က..တကယ်အတွေးကောင်းတာပဲ..အကွက်မြင်တယ်ဗျာ..စိတ်ချ..အကောင်းဆုံးဖြစ်စေရမယ်.."

"ဟုတ်ကဲ့ပါ..ကဲ..သန့်ရှင်းရေး၀န်ထမ်းတွေလည်းပင်ပန်းသွားကြပြီ..နောက်နေ့မှထပ်လာကြပါ..
ဒီနေ့တော့အိမ်ပြန်နားလိုက်ကြပေါ့.."

"ဟုတ်ကဲ့သူဌေး.."

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

သန့်ရှင်းရေး၀န်ထမ်းတွေကိုအကုန်ပြန်ခိုင်းပေမဲ့
စပယ့်ကိုတော့ ရုံးခန်းသန့်ရှင်းရေးလုပ်ခိုင်းမည်ဟုဆိုကာ သူ့ကားနဲ့ပဲ ကုမ္ပဏီကို လိုက်ခဲ့ဖို့ခေါ်လေသည်။
စပယ်လည်း ကိုယ့်သူဌေးကိုယ်တိုင်က တကူးတကခေါ်နေတာကြောင့် အားနာပြီး သူ့ကားနဲ့လိုက်ဖို့ ဆုံးဖြတ်လိုက်မိသည်။

ကားစီးနေရင်းနဲ့ စိတ်မလုံသလို ဖြစ်လာတာကြောင့် သူ့ကိုလှမ်းကြည့်လိုက်မိတော့ သူကလည်းစံပယ့်ကို ပြန်ကြည့်လာသည်။

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ ခဏ၊ခဏလူကိုလာလာကြည့်တာကြောင့်  စပယ့်စိတ်ထဲမှာ သူဟာကားကိုရှေ့မကြည့်ပဲ မောင်းနေသလို ခံစားလာရသည်။
နှစ်ယောက်သား ကား တိုက်ပြီး မသာပေါ်နေမှ
လူကြားမကောင်း ဖြစ်နေမှာ မြင်ယောင်လာရလျှင် ကိုယ့်ဘာသာ တစ်ယောက်တည်း ဘုရားတနေရသည့်အဖြစ်ပင်။

သူ့ကိုလည်း ရှေ့ကြည့်မောင်းပါလို့ ဆရာကြီးမလုပ်ရဲဘူး။သူက ကိုယ်ထက်တော်၊တတ်နေသည်မဟုတ်ပါလား။

"ကျွီ..."

"ဟင်..ဘာလို့ကားကိုရပ်လိုက်တာလဲ..ရုံးမရောက်သေးဘူးလေ.."

"သိတယ်..ရုံးလည်းပြန်မသွားခိုင်းဘူး..
အဆောင်ကို ပဲပြန်ပို့မှာ.."

"ဘာ..ဒါဆိုစံပယ့်ကိုညာပြီးခေါ်လာတာပေါ့.."

"ဟုတ်တယ်.."

"ဘာ!!!!.."

စံပယ်အံ့ဩပြီး သူ့မျက်နှာကိုလှမ်းကြည့်လိုက်တော့ရီဝေတဲ့မျက်၀န်းများနဲ့ သူကလည်းစံပယ့်ကိုပြန်ဆိုက်ကြည့်လာသည်။

သူ့မျက်၀န်းတွေက ဝိုင်းတာလည်းမဟုတ်သလို  ကျဉ်းမြောင်းတယ်လို့လည်း ပြော၍မရပေ။ မျက်ရစ်ခပ်သေးသေးနဲ့ဖြစ်ပြီး မျက်တောင်အစွန်းနားက အနည်းငယ်ရှည်ကာ အနက်ရောင်မျက်စံက သူ့မျက်၀န်းတွေကို ပိုအရောင်တောက်နေစေသည်။
နှာတံဟာ အလည်လောက်မှာ နှာရိုးခပ်မြင့်မြင့်ဖြစ်နေပြီး နှာထိပ်ဖျားလေးမှာ ကော့နေလေသည်။
မျက်နှာကျဟာ လေးထောင့်ဆန်ချင်ပြီး မေးရိုးကားသည်ဟု ပြောရမည်။

ဆံပင်တွေဟာလည်း မဲနက်ထူထဲပြီး ဂျယ်လ်နဲ့သေချာဖြီးသင်ထားပုံပေါ်သည်။
အသားအရည်ကောင်းခြင်း၊ဆံပင်ကောင်းခြင်း၊အရိုးကောင်းခြင်းတို့နှင့် ပြည့်စုံသည့် လူလို့ပြောရပေမည်။

ရုတ်တရက်ဆိုသလို့ ဦးနေဂုဏ်၏ ထူးထဲသည့် မျက်ခုံးတန်းတွေဟာ ၀မ်းနည်းသည့်
အသွင်သဏ္ဍန်ဖြင့် အနည်းငယ်တွန့်ကြုံ့သွားသည်။သူ့ရဲ့ မျက်၀န်းအိမ်မှ အနက်ရောင်မျက်စံဟာ
ရွေ့လျှားလာပြီး စံပယ့်ရဲ့ပါးပေါ်သို့စူးဆိုက် ကြည့်လာသည်။

သူ့ညာဖက်လက်က နီနေတဲ့စံပယ့်ပါးပြင်နုနုလေးကို အုပ်ကိုင်လိုက်ပြီး သူ့လက်မကစံပယ့်ပါးပြင်ကိုပွတ်သပ်နေသည်။

သူဘာလုပ်နေတာလဲ။
စံပယ်အသက်တောင်မရှူရဲပဲ တောင့်တောင့်ကြီးဖြစ်နေသည်။ယောက်ျားတစ်ယောက်ရဲ့ မသင်္ကာစရာ အပြုအမူကို စံပယ်ငြင်းဆန်ဖို့ ခွန်အားရှိမနေသလိုပဲ။

"ကိုယ်အချိန်မှီမရောက်လာနိုင်လို့..တောင်းပန်ပါတယ်..အစက အဲ့မိန်းမနဲ့ စရင်းရှင်းဖို့ပဲ ဘဏ်ကိုလာခဲ့တာ...မထင်မှတ်ပဲ စံပယ့်ကိုအနိုင်ကျင့်နေတာကို တွေ့လိုက်..ကြားလိုက်ရတယ်...
နောက်တစ်ခါဘယ်သူကအနိုင်ကျင့်ကျင့်
ငြိမ်ခံမနေပါနဲ့..ကိုယ့်ကိုရန်တွေ့သလို့..ရန်ပြန်တွေ့ပစ်လိုက်..ကိုယ်ကမင်းရဲ့ အနောက်မှာ ရှိနေ‌ပေးမယ်.."

"ရှင်ကကျွန်မရဲ့ အနောက်မှာရှိနေတော့ ကျွန်မကဘာလုပ်ရမှာလဲ..ရှင်ကကျွန်မအဖေမှ မဟုတ်တာ.."

"ဟာ..မင်းကတော့လေ..ခံစားချက်တွေပါ
ကြက်ပျောက်၊ငှက်ပျောက်ဖြစ်ကုန်ပြီ..."

သူမရဲ့ တုံးတိတိစကားကြီးကြောင့် ဘာစကားကို ဆက်ပြောလို့ ပြောရမှန်းမသိတော့ပေ။
ချက်ခြင်းပဲ သူမရဲ့ပါးပေါ်မှ သူ့လက်ကို
ပြန်ရုတ်လိုက်မိသည်။

ကိုယ်တိုင်လည်း သူမအပေါ်မှာ ဖြစ်တည်နေတဲ့ ခံစားချက်ကို သေချာမဝေခွဲနိုင်သေးတာကြောင့် ခဏတာလောက် စိတ်ကိုထိန်းချုပ်ထားမှ ဖြစ်လိမ့်မည်။

မဟုတ်ရင် ဒယ်ဒီ့လို နှစ်ခါချစ်ရတဲ့ အဖြစ်မျိုးရောက်သွားလိမ့်မည်။
အချစ်ဆိုတာကို ယောင်လို့တောင် မကစားမိစေဖို့ ကျိန်ဆိုပြီးသားမို့  ခံစားချက်ကို သေချာလေး
ဝေခွဲဖို့ အချိန်လိုအပ်လေသည်။
ထို့ကြောင်း ကားစက်ကိုပြန်နှိုးပြီး ကားမောင်းခြင်းပေါ်တွင်ပဲ အာရုံပြန်ဆိုက်လိုက်သည်။

ဦးနေဂုဏ်က ချက်ချင်းပဲ ကားကိုခပ်မြန်မြန်မောင်း နှင်နေတာကြောင့် စံပယ်လည်း စိတ်ထဲမှာ အလိုမကျမှုလေး ၀င်လာသလို ခံစားလိုက်ရသည်။
စံပယ့်ကိုလည်း လှည့်မကြည့်တော့ပေ။
လမ်းတစ်၀က်မှာ‌တော့ ဗိုက်ဆာသလားလို့ မေးလာပြီး စံပယ်ပြန်အဖြေမပေးခင်မှာပဲ ကိတ်တွေသီးသန့်ရောင်းသည့် ဆိုင်တစ်ခုမှာ မုန့်လိုက်ကျွေးလေသည်။

ပြီးနောက် အဆောင်ကို ပြန်လိုက်ပို့လေရဲ့။အ‌ဆောင်အရှေ့ကိုရောက်တော့ စံပယ်လည်းကားပေါ်မှဆင်းလိုက်ပြီး သူ့ကို နှုတ်ဆက်ဖို့ပြင်လိုက်သည်။

"မင်းနဲ့ဟိုတစ်ခါဆိုင်ကယ်အတူစီးတဲ့ကောင်က
 ဘာတွေလဲ.."

"ရှင်.."

စံပယ်ကြက်သေသေသွားရသည်။သူဘာတွေလာမေးနေတာလဲ။နေအုန်း စံပယ်နဲ့ဆိုင်ကယ်လ်အတူ စီးဖူးတာဆိုလို့ ကိုမိုးနီပဲရှိတယ်။ဒီတော့ သူက ကိုမိုးနီကို မေးနေတာများလား။

"..ကိုမိုးနီကိုပြောတာလား..သူကရွာမှာခင်ခဲ့တဲ့မိတ်ဆွေပါ..အဲ့နေ့က သူလည်းIDGမှာအလုပ်ရလို့မတော်တဆတွေ့မိရင်း..အိမ်ပြန်‌ပို့ပေးတာပါ..
ဘာလို့လဲဟင်.."

"အဟင်း..မိတ်ဆွေဆိုလဲပြီးတာပါပဲ..ဘာမှမဟုတ်တော့ဘူး..အခန်း‌ကိုကောင်းကောင်းပြန်နော်.."

မှိုရတဲ့မျက်နှာနဲ့ပြုံးပျော်ပြီး သူ့အနက်ရောင်ကားလေးကို‌မောင်းထွက်သွားလေသည်။
သူ့မျက်နှာပုံစံက လိုချင်တဲ့အဖြေတစ်ခုကို ရသွားလို့ ကျေနပ်သွားသလိုမျိုး ဖြစ်နေသည်။

စံပယ်လည်းခြံထဲကိုအတင်းပြေး၀င်ပြီး လှေကား
ထစ်တွေကိုတောင်ကျော်တက်မိရင်း ကိုယ့်အိပ်ခန်းဆီသို့ပြေး၀င်ကာ တံခါးကိုပိတ်ပစ်လိုက်သည်။

ခုန်နေသည့် နှလုံးသားနေရာကိုလက်နှင့်ဖိကြည့်နေမိသည့်အဖြစ်ပင်။
လမ်းမှာ မုန့်၀င်စားကြတုန်းကလဲ စံပယ့်နှုတ်ခမ်းမှာပေနေတဲ့မုန့်ကို သူ့လက်နဲ့ ညှင်သာစွာ သုတ်ပေးသေးသည်။

သူ့ရှေ့မှာမို့ မနည်းဟန်ဆောင်ထားရပေမဲ့ စံပယ်
သိတယ်။ စံပယ့်နှလုံးသားတွေ ပေါက်ထွက်တော့မတတ်ခုန်နေတာကိုပေါ့။

"ဦးနေဂုဏ်မာန်..ရှင်ကျွန်မကို ကြောင်ကြီးကကြွက်ငယ်ကို ကျီစားသလို..ကစားနေတာများလား.."

❤️❤️❤️❤️❤️❤️

"ဒေါက်..ဒေါက်..ဒေါက်.."

"၀င်လာခဲ့ပါ.."

တံခါးကိုဖွင့်၍၀င်လာသူမှာသူ့အတွင်းရေး
မှူးမဟုတ်ပဲ။IDGရဲ့cctvစောင့်ကြည့်ရေးတာ၀န်ခံဦး၀င်းမောင်ဖြစ်နေလေသည်။

"အော်...ဦး၀င်းမောင်..ကိစ္စရှိလို့လား.."

"ဟုတ်ကဲ့..ဆရာဟိုတစ်ခါခိုင်းထားတဲ့ကိစ္စလေ..
ဒါလေးလာပေးတာပါ.."

ဦး၀င်းမောင်ကသူ့စားပွဲ‌ပေါ်သို့ မမ်မိုရီစတစ်ခ်လေးတင်‌ပေးခဲ့ပြီး‌ ပြန်ထွက်သွားလေသည်။
စတစ်ခ်ကိုသူ့လက်ပ်တော့မှာထိုးကြည့်လိုက်ပြီးနောက် သူ့ဒေါသတွေဟာ ဟုန်းခနဲဆိုသလို မီးတောက်လုမတတ် ဖြစ်သွားလေသည်။

ဒါပေမဲ့ကာယကံရှင်ကို ဆုံးဖြတ်ခိုင်းတာက
ပိုကောင်းမည်ဟု သူတွေးလိုက်သည်။
ထို့ကြောင့် သူ့အတွင်းရေးမှူးကိုဖုန်းခေါ်လိုက်သည်။
အတွေးရေးမှူး ၀င်လာတဲ့အချိန်မှာတော့ မျက်နှာအမူအရာကို ခဏထိန်းလိုက်ရသည်။

"ကြယ်စင်..သန့်ရှင်းရေးဌာနက စံပယ်မွှေးကိုသွားခေါ်ပေးပါ.."

"ဟုတ်ကဲ့ပါဆရာ.."

"တောက်!.."

ကြယ်စင်ပြန်ထွက်သွားသည်နှင့် သူ့ဒေါသတွေကိုသူထိန်းမရတော့ပေ။ထိုနေ့ကအ‌မှောင်ခန်းထဲမှာသူမဘယ်လောက်အထိ ကြောက်နေခဲ့သလဲဆိုတာသူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တာ မဟုတ်ပါလား။သူသာ မတွေ့ခဲ့ရင် စံပယ့်ခမျာ
သတိတောင် လစ်နေလောက်သည်။
cctv အခန်းစောင့်ကြပ်သည့် ဦး၀င်းမောင်ခွင့်ရက်ရှည်ယူထားခဲ့လို့သာ သူငြိမ်နေခဲ့တာ။
အစက‌နေပြန်တွေးမိတိုင် ဒေါသကအလိပ်လိုက် ထွက်လာရသည်။

"ဆရာ..စံပယ်မွှေးရောက်ပါပြီ.."

"အေးလွှတ်လိုက်..."

စံပယ်လည်းကြောင်တောင်တောင်နှင့် သူ့ရုံးခန်းထဲ၀င်လိုက်တော့ သူကိုယ်တိုင်စံပယ့်လက်ဖ၀ါးကိုညင်သာစွာလာကိုင်ပြီး ဆိုဖာမှာထိုင်စေသည်။
ပြီးနောက် သူ့လက်ပ်တော့ကိုဖွင့်ပြလေသည်။
စံပယ်လည်း အံ့ဩလွန်းလို့ မယုံကြည်နိုင်ဖြစ်ပြီးမျက်လုံးတွေပါ ပြူးကျယ်သွားရသည်အထိပင်။

"..ဒါ..ဒါဟိုနေ့က.."

"ဟုတ်တယ်..အဲ့ဒီ့ကိစ္စနဲ့ပတ်သတ်ပြီးစံပယ်
ဘာဖြစ်ချင်လဲ..အကုန်ဖြစ်စေရမယ်..သူ့ကိုအလုပ်ဖြုတ်ပေးရမလား..တရားဆွဲချင်လားချက်ချင်းလုပ်ပေးမယ်.."

စံပယ်အံ့ဩလွန်း၍ မယုံနိုင်စွာထိုဗွီဒီယိုကိုသာခဏခဏပြန်ကြည့်နေမိသည်။စံပယ့်စိတ်ထဲမှာ မတင်မကျအရာတစ်ခုကလည်း လာတိုက်ခိုက်နေသည်။
"ဘာကြောင့်လဲ?ငါနင့်အပေါ်မှာ ဘာမှားခဲ့လို့လဲ?"

"ဒီကိစ္စကို ကျွန်မဘာသာပဲ ဖြေရှင်းပါရစေ.."
ကျွန်မ..ဒီနေ့ခွင့်တစ်ရက်လောက်ယူလို့ရမလား.."

"ဟုတ်ပြီ..ကိုယ်မောင်ထွန်းကိုလိုက်ပို့ခိုင်းလိုက်မယ်.."

"ရပါတယ်..ကျွန်မဘက်စ်ကားနဲ့ပဲပြန်ချင်လို့.."

စံပယ်ရုံးခန်းထဲကနေ ထွက်လာခဲ့ပြီးနောက်
ကိုယ့်ဌာနတွင် ပစ္စည်းများသွားယူကာ ဘက်စ်ကားနှင့် အဆောင်ကိုပြန်လာလိုက်သည်။

ကားပြူတင်းမှ ယှက်တိုက်သွားသည့်
လေပြေနု‌လေးက စံပယ့်မျက်နှာကိုအေးချမ်းသွားစေသည်။သို့ ပေမဲ့ ရင်ထဲက အပူကိုတော့ ငြှိမ်းသပ်မပေးနိုင်ပေ။စံပယ်တွေးနေမိသည်က စံပယ့်ဘ၀မှာ သူတစ်ပါးအပေါ်ကို ရက်စက်စွာတစ်ခါမှ အနိုင်မကျင့်ဖူးသလို၊သူတစ်ပါးနစ်နာအောင်လဲ
မလုပ်ခဲ့ဖူးဘူး။ ဘယ်ဘ၀က၀ဋ်ကြွေးတွေကြောင့် အခုဘ၀မှာ စံပယ့်အပေါ်  ရက်စက်နိုင်ကြရတာလဲ။

၀ဋ်‌ကြွေးရှိရင် ဒီဘ၀၊ဤမျှနဲ့သာကျေပါစေ။

အခန်း(၉)ဆက်ရန်.....

🌼🌼♥️♥️🌼♥️♥️♥️

ဒီရက်ထဲမှာ အလုပ်လေးနည်းနည်းရှိလို့
ရက်ကျော်သွားရင် ခွင့်လွှတ်ကြပါနော်..
အသဲလေးလည်း ပေးသွားကြပါအုံးနော်☺️

#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

No comments:

Post a Comment

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း ၁"

    "သနပ်ခါးရနံ့လေးကြူကြူမွှေး"   " အခန်း ၁" တောသူတွေမယ်...အရိုးခံပါကွယ် ချစ်တယ်..ကြိုက်တယ်..ဆိုလာပါတဲ့ ကိုလူညိုထွား.......